သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်း စုကြည် မြောက်အိုင်ယာလန် သွားရောက်


မြောက်ပိုင်းအိုင်ယာလန်ရောက်
ဒေါ်အောင်ဆန်းစုကြည်ကို မြောက်အိုင်ယာလန် ပါလီမန်လွှတ်တော်အဆောက်အဦးတွင် တွေ့ရစဉ်။
မြောက်ပိုင်းအိုင်ယာလန်ရောက် ဒေါ်အောင်ဆန်းစုကြည်ကို မြောက်အိုင်ယာလန် ပါလီမန်လွှတ်တော်အဆောက်အဦးတွင် တွေ့ရစဉ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဥရောပခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီကနေ့မှာတော့ မြောက်ပိုင်း အိုင်ယာလန် ကိုသွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ အိုင်ယာလန် ကျောင်းသားတွေ နဲ့ တွေ့ဆုံပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး မြန်မာ့ အရေး ဆွေးနွေးခဲ့ပြီး နောက်တနေ့မှာပဲ Belfast မြို့ကို ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိ သွားတာလည်း ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြောက်ပိုင်း အိုင်ယာလန်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဖို့ ရည်ရွယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ Belfast မြို့မှာ ဒေသခံအစိုးရ တာဝန်ရှိသူတွေ၊ တခြားလူမှုအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံခဲ့ တာပါ။ မြောက်ပိုင်း အိုင်ယာလန်ဆိုင်ရာ အစိုးရရုံးစိုက်ရာ Stormont ရဲတိုက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြသူတွေထဲက အငယ်တန်း ဝန်ကြီးတဦးဖြစ်သူ Jonathan Bell ရုံးတာဝန်ရှိသူတဦးကတော့ ခရီးရောက်မဆိုက် ကြိုဆိုတဲ့ အနေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

“ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့ အနေနဲ့ ၁၀ မိနစ်လောက် တွေ့ဆုံမှုအတွင်း ခရီးဦးကြို နှုတ်ဆက်ပြီး Belfast မြို့က ကြိုဆိုတယ် ဆိုတာမျိုး ပြောကြတာပါ။ သက်ဆိုင်ရာ ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေကတော့ အမေရိကန်မှာ ရောက်နေတဲ့ အတွက် မတွေ့နိုင်ကြပါဘူး။”

မြောက်ပိုင်းအိုင်ယာလန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ Belfast မြို့က Wellington ကောလိပ်ကို သွားရောက် စကားပြောဖို့လည်း စီစဉ်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့ရဲ့ တတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် ဒီတခေါက် မြောက်ပိုင်းအိုင်ယာလန်ကို ရောက်ရှိခိုက် တချိန်က ဗြိတိသျှ အစိုးရကို ဆန့်ကျင်အုံကြွခဲ့ပြီး နောက်ပိုင်း သင့်မြတ်အောင် စေ့စပ်ညှိနှိုင်းခဲ့ကြတဲ့ အခြေအနေတွေကို လည်း လေ့လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မြောက်အိုင်ယာလန်ပါလီမန်အဆောက်အဦးကို သွားရောက်လေ့လာစဉ်။
ဒေါ်အောင်ဆန်းစုကြည် မြောက်အိုင်ယာလန်ပါလီမန်အဆောက်အဦးကို သွားရောက်လေ့လာစဉ်။

မြောက်ပိုင်း အိုင်ယာလန် ခရီးစဉ် မတိုင်မီ မနေ့တုန်းကတော့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အပါအဝင် ဗြိတိသျှအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံ ထားရာက ပြန်လည်လွတ်မြောက် လာပြီးနောက် ဒုတိယအကြိမ် ရောက်လာတဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က သူ့ရဲ့ လန်ဒန်မြို့ရုံးမှာ လက်ခံတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို Downing လမ်းမှာ အခုလို ကြိုဆိုခွင့်ရတဲ့အတွက် အကြီးအကျယ် ဂုဏ်ယူမိပါတယ်။ အခုလို ပြန်ရောက်လာတာကိုလည်း ဝမ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံမှာ အကြီးအကျယ် ကြည်ညိုလေးစား ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့တာတွေ သာမက ကမ္ဘာကြီးအတွက် ရပ်တည်ဆောင်ရွက်ခဲ့သမျှ အားလုံးအတွက် အကြီးအကျယ် လေးစားကြတဲ့ သူတွေထဲမှာ ကျနော်လည်းပါပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ကတော့ ခရီးစဉ်တလျှောက် ရောက်တဲ့နေရာတိုင်းမှာ အလေးထား ပြောဆိုနေတဲ့ မြန်မာနိုင်ငံက အခြေမခိုင်သေးတဲ့ နိုင်ငံရေး အခြေအနေတွေကို ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာလည်း အလေးထား ပြောခဲ့တာပါ။

အထူးသဖြင့် နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ တနှစ်ကျော်သာ လိုတော့တဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့အခြေခံဥပဒေကို အချိန်မီ ပြင်ဆင်နိုင်ဖို့ လိုအပ်နေတယ်လို့ ထပ်ပြီးသတိပေးခဲ့တာလည်း ဖြစ်ပါတယ်။

“ဝန်ကြီးချုပ် ပြောသလိုပါပဲ။ လတ်တလော အရေးအကြီးဆုံး ကိစ္စကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် ရှေ့ဆက်ဖို့နဲ့ ဆက်လက်ထိန်းသိမ်းဖို့ ဆိုရင်တော့ ဒီမိုကရေစီဆန်တဲ့ အခြေခံဥပဒေတခု ဖြစ်လာအောင် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ အနာဂတ် လူမှုအသိုင်းအဝိုင်းမှာ ဒီမိုကရေစီ အခြေခံတွေ အခိုင်အမာ အမြစ်တွယ်အောင် အာမခံနိုင်တာမျိုး ဖြစ်ရပါလိမ့်မယ်။”

မနက်ဖြန် သောကြာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst ကို သွားရောက်ပြီး ဗိုလ်လောင်းတွေကို မိန့်ခွန်းစကား ပြောကြားဦးမှာပါ။ ဥရောပ ၅ နိုင်ငံခရီးစဉ်အဖြစ် Belgium, Luxemburg ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေ ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အီတလီနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG