သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်ခင်ကြည် ကွယ်လွန်မှု ၂၂ နှစ်မြောက် အမှတ်တရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သူ မိခင်ကြီး၏ အုတ်ဂူတွင် ဂါရဝပြုနေစဉ်။ ဒီဇင်ဘာ ၂၇၊ ၂၀၁၀။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သူ မိခင်ကြီး၏ အုတ်ဂူတွင် ဂါရဝပြုနေစဉ်။ ဒီဇင်ဘာ ၂၇၊ ၂၀၁၀။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိခင်လည်းဖြစ်တဲ့ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တာ ဒီကနေ့ဆို ၂၂ နှစ် ရှိခဲ့ပါပြီ။ ဒီနှစ်ပတ်လည် အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သံဃာတွေကို နေ့ဆွမ်း ကပ်လှူခဲ့သလို ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ အပြင် မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွမ်းသူ့ပန်းခြင်းချ ဂါရဝပြု နှုတ်ဆက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံအပြင် ဒေါ်ခင်ကြည်ရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်တချို့ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်လည်းဖြစ်တဲ့ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တာ ဒီနေ့ဆိုရင် ၂၂ နှစ်ပြည့်ပြီမို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်တဲ့ အလှူဒါနတွေ ပြုလုပ်ခဲ့သလို ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီ ၂၂ နှစ်ပြည့်မြောက်တဲ့နေ့မှာ အစီအစဉ်အရ မနက် ၁၀ နာရီခွဲမှာ ရွှေတောင်တန်း သာသနာ့ရိပ်သာက ဆရာတော်ဘုရားကြီး ဦးပဏ္ဍိတဘိဝံသနဲ့ သံဃာတော် ၄ ပါး၊ နောက် ချမ်းမြေ့ဆရာတော် ဦးဇနကာဘိဝံသနဲ့ သံဃာတော် ၄ ပါး၊ ပေါင်း သံဃာတော် ၁၀ ပါးတို့ကို နေ့ဆွမ်းဆက်ကပ်ပြီးတော့ သင်္ကန်းလည်း လှူဒါန်းပါတယ်။ ငါးပါးသီလခံယူပြီးတော့ တရားဘာဝနာများ နာကြားမှု ပြုလုပ်ခဲ့ပါတယ်။

“နောက် နေ့လယ် တနာရီခွဲမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ တက်ရောက် ဆုတောင်းကြတဲ့ အဖွဲ့တွေကတော့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာကာကိုလေးနဲ့ ခရစ်ယာန်အဖွဲ့၊ နောက် ဦးခင်မောင်ရွှေ ခေါင်းဆောင်တဲ့ ခရစ်ယာန်အဖွဲ့၊ သိက္ခာတော်ရ ဆရာတော်ကြီး ဦးရက်ဂီ ခေါင်းဆောင်တဲ့ ရိုမန်ကက်သလစ် ဆုတောင်းအဖွဲ့၊ နောက် အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး ဦးအေးလွင်နဲ့အဖွဲ့၊ ဦးလှအောင် ခေါင်းဆောင်တဲ့ ဟိန္ဒူဘာသာရေး အဖွဲ့တို့ကလည်း အလှည့်ကျ ဘာသာအလိုက် ဆုတောင်းမေတ္တာ ပို့သပါတယ်။

“နောက် ညနေ ၄ နာရီမှာတော့ ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို အထွေထွေ အတွင်းရေးမှူး သွားရောက်ပြီးတော့ ဂါရ၀ ပြုခဲ့ပါတယ်။”

မိခင်ကြီး ဒေါ်ခင်ကြည်ဟာ ၁၉၁၂ ခုနှစ် မြောင်းမြမြို့မှာ အဘ ဦးဘိုငြိမ်း၊ အမိ ဒေါ်ဖွားစုတို့က ဖွားမြင်ခဲ့ပါတယ်။ ရန်ကုန်မှာ အထက်တန်း အောင်မြင်ပြီးတဲ့နောက် အကြီးတန်း သူနာပြု ဆရာမကြီး ဘဝနဲ့ ၁၉၄၂ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်ထပ်ခဲ့ပြီးနောက် သား ၂ ယောက်၊ သမီး ၁ ယောက် ဖွားမြင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ၁၉၄၇ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ မြန်မာနိုင်ငံမှာ အမျိုးသမီး လွှတ်တော်အမတ် နေရာနဲ့အတူ လူမှုအဖွဲ့အစည်းတွေမှာပါ ပါဝင်ပြီး နိုင်ငံတာဝန်တွေကို ကလေးတွေ တဘက်နဲ့ ရဲရဲဝံ့ဝံ့ ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၆၀ မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဘဝနဲ့ နိုင်ငံကနေ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ နောက်တော့ ဒေါ်ခင်ကြည်ရဲ့ စွမ်းဆောင်မှုတွေအတွက် မြန်မာအစိုးရက မဟာသီရိသုဓမ္မဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

အသက်အရွယ်ငယ်ငယ်နဲ့ ခင်ပွန်းသည် ကွယ်လွန်သွားလင့်ကစား အိန္ဒြေရရ သိက္ခာရှိရှိ မြန်မာအမျိုးသမီးကောင်း ပီသစွာ ဘဝကို ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေကတော့ အခုအချိန်အထိ သတိရစရာ၊ မြန်မာအမျိုးသမီးတိုင်းအတွက် အတုယူစရာ ဖြစ်ဆဲပဲလို့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) က မှတ်ချက်ပေးပါတယ်။

“မိခင်ကြီး ဒေါ်ခင်ကြည်ကတော့ လင်ကောင်းမယား၊ သားကောင်းမိခင်၊ သမီးကောင်းမိခင် ပီသပါပေတယ်။ သူ့ကိုယ်ကျင့်တရားကို ကောင်းကောင်းကြီး စောင့်ထိန်းသွားတယ်။ အဲတော့ ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးတော့ မုဆိုးမဘဝနဲ့ ကလေးလေးတွေကို လူဖြစ်အောင် မွေးလာတယ်။ ဗိုလ်ချုပ်လုပ်သွားတဲ့ နိုင်ငံရေးကိုလည်း သူ ဆက်လုပ်သွားတယ်။ မှတ်မိသလောက်ကတော့ မြန်မာအမျိုးသမီးများ သမဂ္ဂမှာ တက်တက်ကြွကြွ လှုပ်ရှားသွားတယ်။ သီလ၊ သူ့ရဲ့သမာဓိ၊ သူ့ရဲ့ပညာဟာ တော်တော်ထင်ရှားတယ်။

“တနည်းပြောရရင် တပ်မတော်ရဲ့ မိခင်အဖြစ်နဲ့ အိန္ဒြေရရ၊ သိက္ခာရှိရှိ နေသွားတဲ့သူ၊ အမျိုးသမီးကြီးကို အင်မတန် အောက်မေ့စရာ ကောင်းပါတယ်။ တိုင်းပြည်ကထွက်ပြီး တာဝန်ကြီး ထမ်းဆောင်တဲ့ အခါမှာလည်း သိပ်ဗမာဆန်တဲ့ အဝတ်အစားကို ဝတ်တယ်၊ ဗမာဆန်တဲ့ အပြောအဆိုကို ပြောတယ်၊ ဗမာဆန်တဲ့ အနေအထိုင်ကို နေထိုင်သွားတယ်။ အဲဒါ သူ့ သီလတရားပဲ။ အင်မတန် အိန္ဒြေရတယ်၊ အင်မတန် သိက္ခာကြီးတယ်။ အဲဒါကို အတုယူသင့်တယ်လို့ ကိုယ်ထင်တယ်လေ။”

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ပြောပြခဲ့တာ ဖြစ်ပါတယ်။

မိခင်ကြီး ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံအတွင်း ၁၉၈၈ လူထုလှုပ်ရှားမှုတွေ ဖြစ်နေတဲ့ အချိန်အတွင်း မကျန်းမမာ ဖြစ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ကိုယ်စားပြုပြီး လူထု ဒေါ်အမာ ရောက်လာတယ်။ လူထုတိုက်ရဲ့ ပန်းခွေနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ ပန်းခွေကို ဒေါ်အမာ့ဆီက ဆင်းယူကြတယ်။ ဆင်းယူပြီးတော့ ကျနော်တို့ အိမ်ထဲမှာ ဒေါ်ခင်ကြည်ရဲ့ ဈာပနမှာ ပန်းခွေတင်တယ်။ အိမ်ကနေ အသုဘ ပို့ကြတဲ့အခါမှာ ရွှေတိဂုံဘုရား တောင်ဘက်၊ သခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူအနီး၊ ဦးသန့်ရဲ့ အုတ်ဂူအနီးပေါ့ဗျာ၊ အဲဒီနေရာကို ချီတက်သွားကြတယ်။ ကျနော်တို့က ရှေ့ကနေ ရောက်နှင့်တယ်။ ရောက်နှင့်ပြီးတော့ စောင့်ကြည့်လိုက်တဲ့အခါ လူတန်းကြီးဟာ ချီတက်လာပြီးတော့ သီချင်းဆိုလာတဲ့အသံ ကြားတယ်။

“ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းနဲ့ လူတွေ လှိုင်းထပြီးတော့ မျက်စိတဆုံး လူထုကြီးကို မြင်ရတော့ အင်မတန်ကို တက်ကြွအားရ ဖြစ်မိပါတယ်။ ဒီလူထုကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း အပေါ် သံယောဇဉ်၊ ဒေါ်ခင်ကြည်အပေါ် သံယောဇဉ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သံယောဇဉ်၊ ဒီမိုကရေစီ အပေါ်မှာ တက်ကြွမှုကို ခန့်မှန်းနိုင်လိုက်တဲ့ အတွက်ကြောင့် အင်မတန်ကို တက်ကြွ ဂုဏ်ယူမိပါတယ်။”

လွန်ခဲ့တဲ့ ၂၂ နှစ်၊ ၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဈာပန အကြောင်းကို ဆရာ မောင်စွမ်းရည်က ပြန်ပြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG