လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်တွင်းမှာပဲ အချိန်ကုန်နေ တာမျိုး မဖြစ်စေလိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။ လွှတ်တော်တွင်း ဥပဒေပြုရေးကိစ္စတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေမှာသာ အချိန်ပေးနေ ရမယ်ဆိုရင် လူထုနဲ့ နီးစပ်မှု မရှိတဲ့အဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စား လှယ်တွေနဲ့ ဒီကနေ့ လွှတ်တော် ဆွေးနွေးပွဲအပြီးမှာ သတိပေးလိုက်တာပါ။ ဒါ့အပြင် ဒီကနေ့ လွှတ်တော်တွင်း ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာတွေကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ကို ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူတွေရဲ့ အကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အမြဲ ကြိုးပမ်းနေရ မှာဖြစ်ပြီး လူထုနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD အမတ်တွေကို ဒီကနေ့ သတိပေးသြ၀ါဒစကား ပြောကြားခဲ့ တာဖြစ်တဲ့အကြောင်း မိတ္ထီလာမြို့နယ် NLD လွှတ်တော်အမတ် တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပြပါ တယ်။
“ကျနော်တို့ NLD လွှတ်တော်အမတ်တွေကို သြဝါဒပေးတာပါ။ အဓိက-ကတော့ ကျနော်တို့ လွှတ်တော်ထဲမှာ အချိန်ကြာတာကို သူသိပ် သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လွှတ်တော်အမတ်တွေက ကိုယ့် နယ်မြေ၊ ကိုယ့်မြို့နယ်ကိုယ် ပြန်ပြီးတော့မှ လူထု အကျိုးအတွက် လုပ်စရာရှိတာတွေ လုပ်ဖို့ အချိန်တွေ နည်းသွားတာကို သူက အားမလို အားမရဖြစ်နေတာ။
“NLD ပြည်သူ့လွှတ်တော်အမတ်တွေ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ထဲမှာ တင်တဲ့ အဆိုတွေနဲ့ ပတ်သက်လို့ စကားတွေအပိုမပြောဘဲနဲ့ ထိထိရောက်ရောက်နဲ့-- ပြီးဖို့ရယ်၊ နောက် တခုက ပြည်သူလူထု အကျိုးအတွက် လုပ်ဖို့ရယ်၊ နောက်တခုကတော့ ပြည်သူ့လွှတ်တော် အမတ်တွေကို ကိုယ့်မြို့နယ်နဲ့ကိုယ် မကင်းကွာအောင်လုပ်ဖို့၊ နောက်တခု က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိုင်ဒီယာကတော့ - လွှတ်တော်အမတ် ဖြစ်ပြီဆိုလို့ရှိရင်တော့ တသက်လုံး နောက် ရွေးကောက်ပွဲ အထိဟာ လွှတ်တော်အမတ်ပဲ၊ ကိုယ့်နယ်မြေနဲ့ ကိုယ့်ပြည်နယ်နဲ့ ညှိပြီးတော့မှ ကိုယ့်နယ်မြေ အကျိုးအတွက် အမြဲတမ်း ကြည့်ရှုပြီးမှ အလုပ်လုပ်ဖို့ပေါ့။ အဲဒါတွေ ကျနော်တို့ကို သြဝါဒပေးတယ်။”
အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေအပြီး ညနေပိုင်းမှာ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD လွှတ်တော်အမတ်တွေကို သီးသန့်တွေ့ဆုံပြီး အခုလို သတိပေး စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာတော့ အကြောင်းအရာ တော်တော် များများကို ဆွေးနွေးခဲ့ကြတဲ့အထဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့သလို မြန်မာနိုင်ငံကို သံတမန် အဆင့် ပြန်ဆက်သွယ် ဖို့ ကမ်းလှမ်းလာတဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ လတ်တလော အများစိတ်ဝင်စားနေတဲ့ ဒုတိယသမ္မတ ခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ တစုံ တရာ ဆွေးနွေးလာတာ မရှိခဲ့ဘူးလို့ ဦးဝင်းထိန်က ပြောပြပါတယ်။
“ပြည်ထောင်စုလွှတ်တော်ဆိုတော့ အမျိုးသားလွှတ်တော်နဲ့ ကျနော်တို့လွှတ်တော် (ပြည်သူ့ လွှတ်တော်) ပေါင်းပြီးတော့ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်စေ သော အမိန့်၊ အဲဒီအမိန့်ကို ဆွေးနွေးကြတာပေါ့။ ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေက အများအားဖြင့် ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်အမတ်တွေပါ။ အဲဒါတွေ ပြီးတဲ့အခါကျတော့မှ ဗမာပြည်ကို သံတမန်အဆင့်နဲ့ ဆက်သွယ်ဖို့ ကမ်းလှမ်းတဲ့နိုင်ငံ ၈ နိုင်ငံ၊ အဲဒီ ၈ နိုင်ငံက ကမ်းလှမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က ဘယ်လို သဘော ထားမလဲ၊ လက်ခံမလား၊ လက်မခံဘူးလား၊ အဲဒါတွေကို ဆွေးနွေးတယ်။ ဒါပေမဲ့ အချိန်ကမလောက်တော့ မနက်ဖြန် ကျမှ ဆက်ဆွေးနွေးရမယ်။
“ဒီကနေ့ လွှတ်တော် ၂ ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော် လုပ်တော့ အဲဒီ ဒုတိယသမ္မတကိစ္စ ဆုံးဖြတ်မယ် အောက်မေ့တာ၊ ဘာမှ agenda (အစည်းအဝေးအစီအစဉ်) ထဲမှာလည်း မပါဘူး။ လွှတ်တော် နာယက က လည်း ဘာမှ မပြောဘူး။ တော်တော်တော့ စဉ်းစားစရာပဲ။ ပြည်ထောင်စု လွှတ်တော်အနေနဲ့ မနက်ဖြန် နေ့ခင်း ပိုင်းမှာ တခါ ထပ်လုပ်လိမ့်အုံးမယ်၊ အဲဒီမှာများ ပါမလား မသိဘူး။”
မိတ္ထီလာမြို့ NLD ပါတီ လွှတ်တော်အမတ် ဦးဝင်းထိန် ပြောပြသွားတာပါ။ ကျန်းမာရေးကြောင့် ဒု သမ္မတ ရာထူးက အနားယူသွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ နေရာမှာ ရန်ကုန်တိုင်း ဒေသ ကြီးရဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုတင်သွင်း ထားတယ်လို့ ပြောဆိုမှုတွေ ရှိနေသလိုပဲ ဒီအဆိုပြု တင်သွင်းလာတဲ့ သမ္မတလောင်းတွေအနေနဲ့ ဒုသမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ-မရှိ ဆိုတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေနဲ့ ကိုက်ညီ-မညီ ဆိုတာတွေကို စိစစ်အတည်ပြုပေးဖို့ အဖွဲ့တခုကိုလည်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒုသမ္မတ အဆိုပြုခန့်အပ်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော် အတွင်း တရားဝင် တင်ပြလာတာတွေ မရှိသေးပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ဦးမြင့်ဆွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ တွက်ဆ ပြောဆိုမှုတွေ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထွက်နေခဲ့တာပါ။ ဒါကြောင့် လည်း ဒီရက်ပိုင်းတွေအတွင်း ဒီကိစ္စ လွှတ်တော်မှာ ဆွေးနွေးလာမလား ဆိုတာကို လွှတ်တော်အမတ်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။
ဒီကနေ့ မနက်ပိုင်း ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးမှာတော့ သတင်းမီဒီယာကိစ္စ၊ ကျန်းမာရေး၊ သစ်တောတွေ ရေရှည် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ အတော်များများနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဆိုင်ရာ ၀န်ကြီးတွေက ဖြေကြား ဆွေးနွေးတာတွေ ရှိခဲ့တယ်လို့လည်း ဦးဝင်းထိန်က ပြောပြပါတယ်ရှင်။