သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဂျာမနီနဲ့ ပြင်သစ်ခရီး ထွက်ခွာ


ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး စတင်ဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာစဉ်။
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး စတင်ဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံ ဘာလင်ခရီးစဉ် မကြာခင်အချိန်ပိုင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၉ ရက်နေ့ညမှာ ထွက်ခွာပြီး ဧပြီလ ၁၀ ရက်နေ့ မနက်ခင်းမှာ ဂျာမနီနိုင်ငံကို ရောက်ရှိလာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီနိုင်ငံရောက် မြန်မာမိသားစုတွေကလည်း ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။

ဂျာမနီသမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အစိုးရပိုင်းနဲ့ လွှတ်တော်ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ နိုင်ငံတကာ “Willy Brandt Prize” ဆုကိုလည်း လက်ခံရယူဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်ကတင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဧပြီလ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို စတင် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ပြင်သစ် နှစ်နိုင်ငံကိုသွားရောက် မှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ နှစ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါမှာဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် က ရန်ကုန်လေဆိပ်ကို မထွက်ခွာခင် အချိန်ပိုင်းလေးမှာပဲ ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ဒီကနေ့ ၇ နာရီလောက်ကို စထွက်မယ်။ ဂျာမနီနိုင်ငံမှာ ဂျာမနီသမ္မတနဲ့ တွေ့ဆုံတာအပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံတာတွေ၊ လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံပြီးတော့ လွှတ်တော်ကို သွားရောက်လေ့လာဖို့ အစီအစဉ်တွေ ရှိပါတယ်။ “Willy Brandt Prize” ဆုကိုလည်း လက်ခံရယူသွားမှာဖြစ်ပြီးတော့ ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ဆက်လက်ပြီး ခရီးထွက်ခွာပါမယ်။ ပြင်သစ်နိုင်ငံမှာဆိုရင်လည်း
ပြင်သစ်သမ္မတနဲ့တွေ့ဆုံတာတွေ၊ နောက်ပြီးသွားတော့ အစိုးရအဖွဲ့ဝင်တွေ ဝန်ကြီးတွေနဲ့ တွေ့ဆုံတာတွေ၊ လွှတ်တော်ကို သွားရောက်လေ့လာဖို့တွေ အဲ့ဒီအစီအစဉ်တွေ ရှိပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာတော့ ပြင်သစ်ကနေပြီး
မြန်မာနိုင်ငံကို ပြန်လာပြီး ၁၇ ရက်နေ့ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ရောက် ပါမယ်။”

ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်ရှိလာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီရောက် မြန်မာမိသားစုတွေက ဒေါ်အောင်ဆန်းစုကြည် ဘာလင်မှာတည်းခိုမယ့် ဟိုတယ်ရှေ့မှာ စောင့်ကြိုကြဖို့ ပြင်ဆင်နေတယ်လို့ ဂျာမနီနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင် က ပြောပါတယ်။

“ဧပြီလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲလောက် သူ့ရဲ့ သူတည်းမယ့်ဟိုတယ်ကို ရောက်ဖို့ရှိတယ်။ ကျနော်တို့ ဘာလင်မှာရှိနေတဲ့ Burmese Community ပေ့ါနော် ဗမာအသိုင်းအဝိုင်းက ဒေါ်စုလာတဲ့အချိန် သူတို့စောင့်ပြီးတော့ ကြိုကြမှာပေါ့လေ။ ပန်းစီးတွေဘာတွေနဲ့ ကြိုကြဖို့ အစီအစဉ်လုပ်ထားတာ ရှိပါတယ်။ Airport ကို သွားဖို့ကတော့ သိပ်ပြီးတော့ မသေချာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က Foreign Minister ဆီကို မေးကြည့်တော့ Airport မှာထက် ဟိုတယ်မှာဆိုရင် ပိုပြီးတော့ အဆင်ပြေတယ်။ ကောင်းတယ်ဆိုပြီး ပြောတဲ့အတွက်ကြောင့်မို့ ဟိုတယ်မှာပဲ သွားကြိုဖို့ သူတို့ အစီအစဉ်လုပ်ထားတယ်ဆိုတာ ကျနော် သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt ကို ဂုဏ်ပြုပေးအပ်တဲ့ Willy Brandt ဆုကို လက်ခံယူဖို့ရှိသလို ဂျာမနီအစိုးရပိုင်းက သမ္မတ Joachim Gauk၊ ဝန်ကြီးချုပ် Dr. Angela Merkel အပါအဝင် အကြီးအကဲတွေ၊ လွှတ်တော်ဥက္ကဋ္ဌ Dr. Norbert Lammert နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီခရီးစဉ်အတွင်း ဂျာမနီသတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံဖို့ရှိတဲ့အကြောင်း သူ့ခရီးစဉ်အတွင်း လုပ်ဆောင်မယ့် အစီအစဉ်တွေကို ဦးနွယ်အောင် က ရှင်းပြပါတယ်။

“ဒေါ်စုလို ဗမာပြည်က Parliament အမတ်တယောက်ကို သမ္မတကိုယ်တိုင်က သမ္မတကတော်နဲ့အတူ တခြားဝန်ကြီးတွေနဲ့အတူ ဒီလိုဧည့်ခံပွဲလုပ်ပေးတယ်ဆိုတာ ဒီဥစ္စာ အင်မတန် ဂုဏ်ယူဖို့ကောင်းပါတယ်။ အဲ့ဒါကတော့ ဧပြီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာပေါ့။ ဧပြီလ ၁၁ ရက်နေ့မှာဆိုရင်လည်းပဲ International Willy Brandt Award ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးတာဟာကလည်း အင်မတန်ကို ဒေါ်စုကို တန်ဖိုးထားတဲ့ သဘောမျိုး ကျနော်တို့က တွက်လို့ရပါတယ်။ ၁၂ ရက်နေ့ အစီအစဉ်ကတော့ သူတို့ German Press ပေ့ါလေ ဘာလင်မှာရှိတဲ့ German Press ကနေပြီးတော့ Press Conference လုပ်မယ်လို့ ကျနော် သတင်းကြားထားတာ။ အဲ့ဒီဟာက ၁၂ ရက်နေ့ နေ့လည် ၁၄ နာရီ၊ ၁၅ နာရီလောက်မှာ သူတို့ German Federal Press Conference နေရာမှာ ဘာလင်မှာပဲပေါ့ လုပ်မယ်ဆိုတာကိုတော့ ကျနော် သတင်းရထားတာ ရှိပါတယ်။ ကျနော်တို့ ဒီ Freie Universität Berlin ရဲ့ ဥက္ကဌ ပါမောက္ခ မစ္စတာ --- ကနေပြီးတော့ ဒေါ်စုကို ကြိုဆိုပြီးတော့ Welcoming Speech ပေါ့ ကြိုဆိုတဲ့မိန့်ခွန်းပြောမယ်။ ပြောပြီးတဲ့အခါမှာ ဒေါ်စုက သူ့ရဲ့ Key Note Speech ပြောပြီးတဲ့နောက်ပိုင်းမှာ အမေးအဖြေတွေ ဘာတွေ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ၁၄ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ခရီး ထွက်မယ့်ရက်လို့ ကျနော်တု့ိ နားလည်ထားပါတယ်။”

ဒီလိုမျိုး ဂျာမနီအကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ဆွေးနွေးကြမယ့်အပေါ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဂျာမနီ မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မယ့် အလားအလာကောင်းတွေ ပေါ်ထွန်းလာစေ မှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ မြန်မာ့အရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း မြန်မာမိသားစုနဲ့ ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။

ဧပြီလ ၁၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံကနေ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ခရီးဆက်မှာဖြစ်ပြီး ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံဖို့ရှိသလို ပြင်သစ်စစ်တက္ကသိုလ် နဲ့ ပြင်သစ်လွှတ်တော်ကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံခရီးစဉ်ကို ဧပြီလ ၁၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး
မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
XS
SM
MD
LG