သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အပေါ်ယံမဟုတ်ဘဲ အခြေအနေမှန် သိစေလိုတယ်လို့ ဒေါ်စုဆို


ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။
ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။
အခုပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ကို နိုင်ငံတကာအသိုင်းအဝိုင်းက သတိမူ နားလည်စေချင်တယ်လို့ ပြင်သစ် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် အစိုးရပိုင်း ထိပ်သီးအကြီးအကဲတွေနဲ့ တွေ့ဆုံအပြီး ပြောဆိုလိုက်ပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ အစိုးရယန္တယားဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ လွှတ်တော်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက မြန်မာ့အရေးသုံးသပ်သူက ပြောပါတယ်။ ဒီ ၃ ရက်တာခရီးစဉ်အတွင်း ပြင်သစ် စစ်တက္ကသိုလ်၊ ပြင်သစ်လွှတ်တော်ကိုလည်း သွားရောက် လေ့လာမှာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဧပြီလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတော့ ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံက ပဋိပက္ခတွေကို ဖြေရှင်းရေးမှာ နိုင်ငံတကာအနေနဲ့ မှန်မှန်ကန်ကန် နားလည်ပြီးတော့ ကူညီနိုင်အောင် ကြိုးစားဖို့ လိုတဲ့အကြောင်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။



“ဒီအချိန်မှာ ကျမတို့နိုင်ငံအတွက် သိပ်ကိုအရေးကြီးတဲ့ ကိစ္စရပ်တွေ အတော်များများ ရှိပါတယ်။ ဒီကိစ္စတွေကို ကျမတို့ရဲ့ မိတ်ဆွေတွေနဲ့ ကျမတို့အတွက် ဆုတောင်းပေးနေသူတွေ သိစေချင်ပါတယ်။ ကျမတို့ရဲ့ ပြဿနာတွေကို အများ သတိမူလာတာနဲ့အတူ နားလည်း နားလည်စေချင်ပါတယ်။ အပေါ်ယံ မဆိုစလောက်သာ မြင်နေကြရတာထက် တကယ်ရှိနေတဲ့ ပြဿနာတွေဟာ မှန်ကန်တဲ့ နည်းလမ်းနဲ့ မကိုင်တွယ်မချင်း ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။”

ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius အပါအဝင် အစိုးရပိုင်းခေါင်းဆောင်တွေ၊ စစ်တပ်အကြီးအကဲနဲ့ တွေ့ဆုံပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း လက်ရှိ နိုင်ငံရေး အခြေအနေတွေ၊ အစိုးရပိုင်း အုပ်ချုပ်မှု ယန္တယား လည်ပတ်မှုကိစ္စတွေနဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးဖို့ရှိတယ်လို့ ပြင်သစ်နိုင်ငံက မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ကို က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာတဲ့ အထူးသဖြင့် Institutional Issue ပေ့ါ နိုင်ငံတော်ကိစ္စတွေပေါ့ နိုင်ငံတော်ဖွဲ့စည်းပုံတို့ နိုင်ငံတော်ကိစ္စတွေနဲ့ ပတ်သက်ပြီး ခုန ဒေါ်အောင်ဆန်းစုကြည် အဓိကထားတဲ့ အရေးကြီးတဲ့ အဓိကကဏ္ဍမှာထားပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ သဘောတွေပေါ့။”

ပြင်သစ်နိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်စစ်တက္ကသိုလ်ကို သွားရောက်လေ့လာမှာဖြစ်ပြီး စစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်လွှတ်တော်ကို သွားရောက်ပြီးလည်း ပြင်သစ်လွှတ်တော်ဥက္ကဋ္ဌ Claude Bartolone နဲ့ တွေ့ဆုံပြီး လွှတ်တော်ပိုင်းဆိုင်ရာ၊ လွှတ်တော်ရေးရာကဏ္ဍတွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အခြေအနေတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။

“အထူးသဖြင့်က သူက ပြင်သစ်ပါလီမန်ဥက္ကဌ အဲ့ဒါ မစ္စတာ Claude Bartolone၊ ပြင်သစ်ပါလီမန်ဥက္ကဌ သူနဲ့လည်းတွေ့မယ်။ ၂၀၁၅ ရွေးကောက်ပွဲ မလုပ်ခင်မှာ မဖြစ်ခင်မှာ ဆွေးနွေးတဲ့ကိစ္စတွေပဲဖြစ်မယ်လို့ သူတို့ယူဆတယ်တဲ့။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်က အဓိကထားတယ်။ ထားပြီးတော့ ဆွေးနွေးမယ်ပေါ့နော်။”

ပြင်သစ်ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်အမျိုးသမီးဝန်ကြီးနဲ့ တွေ့ဆုံပြီး အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးရေးရာ လှုပ်ရှားမှုတွေနဲ့ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ဦးအောင်ကိုက ပြောပါတယ်။

“အစိုးရအဖွဲ့မပြောင်းခင်မှာဖြစ်ခဲ့တဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးမပဲ သူက Social Affairs တွေမှာ ပြန်ပြီး ဝန်ကြီးဖြစ်တော့ သူ့နာမည်က Najat Vallaud-Belkacem ပေါ့လေ အဲ့ဒီ အမျိုးသမီးဝန်ကြီးနဲ့က သူက အမျိုးသမီးကိစ္စတွေပေါ့နော် အမျိုးသမီးအခွင့်အရေးပေါ့ စသဖြင့် အကြောင်းတွေကို ဗမာပြည်အတွင်း စသဖြင့် သူတို့ဆွေးနွေးဖို့ အဲ့ဒါကို သူက အဓိကထားတယ်။ ကျန်တာတော့ နိုင်ငံရေးကိစ္စတွေပဲ။”

ပြင်သစ်နိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိက နိုင်ငံတော်အကြီးအကဲတွေ၊ လွှတ်တော်ရေးရာနဲ့ စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အလေးထား ဆွေးနွေးမှာဖြစ်လို့ ဒီတကြိမ်မှာတော့ ပြင်သစ်နိုင်ငံရောက် မြန်မာမိသားစုတွေကို သီးသန့်အချိန်ပေး တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည်ပိုင်းလောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ဟိုတယ်ရှေ့မှာ မိနစ်ပိုင်းလောက် မြန်မာအချို့က နှုတ်ဆက်ပန်းစီးပေးခွင့်တော့ ရခဲ့တယ်လို့ ပြင်သစ်နိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ကိုထွေး က ပြောပါတယ်။

“သမ္မတနဲ့တွေ့တယ်။ အခု ဟိုတယ်ကို ပြန်လာတယ်ပေါ့။ ပထမတော့ ကျနော်တို့က တွေ့မယ်လို့ စီစဉ်ထားတယ်ဗျ။ တွေ့မယ်လို့ စီစဉ်ထားပြီးတော့ သူတို့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်က အရမ်းကြီးကို အချိန်က မရတဲ့အတွက် ကျနော်တို့ကို မစီစဉ်ပေးနိုင်ပါဘူးဆိုပြီး ဖြတ်လိုက်တယ်။ အဲ့ဒီမတိုင်ခင်မှာ သူတို့က သေချာတယ်ပြောလို့ ကျနော်က အဲ့ဒီ အင်္ဂလန်ကတို့၊ ဒိန်းမတ်ကတို့၊ နယ်သာလန်ကတို့၊ တွေ့ချင်တဲ့သူတွေက ရောက်နေတာရှိတယ်။ အဲ့ဒါ သူတို့ စိတ်ကျေနပ်အောင် ကျနော်က ဒီဟိုတယ်အဝင်အထွက်မှာ ခဏ ၅ မိနစ်လောက် တွေ့ရအောင် စီစဉ်ပေးတာကလွဲလို့ရှိရင် ဘာအစီအစဉ်မှကို မရှိဘူး။ သူ ကားပေါ်က ဆင်းလာတယ်။ ကျနော်တို့က ပန်းစီးပေးတယ်။ နှုတ်ဆက်လိုက်တယ်။ နည်းနည်းပါးပါး နှုတ်ဆက်တော့ သူကပြောတာက သူ အခုချက်ချင်းကို အဝတ်အစားလဲပြီး ပြန်ထွက်ရမှာမို့လို့ အချိန်မရှိလို့ ကျနော်တို့နဲ့ စကားမပြောနိုင်တော့လို့ ခွင့်လွှတ်ပါဆိုပြီး အဲ့ဒါပဲပြောသွားတယ်။ ကျန်တာ ဘာမှ မပြောသွားဘူး။”

ပြင်သစ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ (Economic, Social and Environmental Council) လူမှု၊ စီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်စီကိုသွားရောက်ပြီး လေ့လာဖို့ရှိပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ပြင်သစ်ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို
ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
XS
SM
MD
LG