သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အတွက် ဒေါ်စု၏ ကျေးဇူးတင်လွှာ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သင်္ကြန်ပွဲတော်အတွင်း ပြည်သူ၊ ပြည်သားတွေကို ကူညီ လုပ်ဆောင်ပေးခဲ့ကြတဲ့သူတွေအတွက် ကျေးဇူးတင်လွှာကို ဧပြီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်အတွင်း နိုင်ငံသူ၊ နိုင်ငံသားတွေ သင်္ကြန်ပွဲကို ပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာနေရာကနေ စေတနာအပြည့်နဲ့ ထမ်းဆောင်ပေးခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံသူ နိုင်ငံသားတွေကို ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ တွေ့မြင်ခဲ့ရကြောင်း၊ ဒါ့အပြင် လုံခြုံရေးတာဝန်ယူပေးခဲ့ကြသူများ၊ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ရုံးလုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံအဝှမ်းက ဝန်ထမ်းတွေ၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျွေးမွေး ဧည့်ခံကြသူတွေ၊ သန့်ရှင်းရေးနဲ့ ဝေယျာဝစ္စများ ဆောင်ရွက်ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း၊ အဲဒီလို စိတ်ရင်း စေတနာကောင်းတွေနဲ့ ဖေးမကူညီ စောင့်ရှောက်မှုတွေကို မြင်တွေ့ရတဲ့အတွက် နိုင်ငံတော်၏ အနာဂတ်ခရီးအတွက် နှစ်ထောင်းအာရ ဂုဏ်ယူ ဝမ်းမြောက်ရသလို ရှေ့လာမယ့် နှစ်သစ်မှာလည်း စိတ်သစ်၊ လူသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့ လျှောက်လှမ်းတဲ့ နေရာမှာ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန်အတက်နေ့၊ ၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မနက် ၉ နာရီခန့်က ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ညာဘက်မျက်လုံး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို ထပ်မံ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG