သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအရေးအခင်း အစိုးရကိုင်တွယ်ပုံ ဒေါ်စု ဝေဖန်


NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (၂၁ မေ ၂၀၁၃)
NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (၂၁ မေ ၂၀၁၃)
မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ လွတ်လပ်မှု မရှိဘူး။ အုပ်ချုပ်ရေးပိုင်းရဲ့ ချုပ်ကိုင်မှု အောက်မှာ ရှိနေတယ်လို့ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ မိတ္ထီလာ ဘာသာရေး အဓိကရုဏ်းမှာ အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့က လွှတ်တော်ဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အင်္ဂါနေ့ကတော့ နေပြည်တော် လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ မိတ္ထီလာမြို့မှာ မတ်လက ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာကို အဲ့ဒီလွှတ်တော် အစည်းအဝေးပွဲမှာ တရားဝင် ခွင့်ပြုပေးခဲ့တာပါ။

အဲ့ဒီအမိန့် ဥပဒေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ အခုလို ပြောသွားခဲ့ပါတယ်။

“ဒီအချိန်မှာ ကျမတို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပြီဆိုပြီးတော့ တကမ္ဘာလုံးကို အတွင်တွင် ကြေညာနေတဲ့အချိန် ဖြစ်တာမို့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့ ကိစ္စမှန်သမျှ ကျမတို့ ရှောင်နိုင်သလောက် ရှောင်ရမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်ခဲ့မှုနဲ့ မူဆလင်တွေကို အင်္ဂါနေ့မှာ ပြစ်ဒဏ်ချတဲ့ စီရင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းထောက်တွေကို သူ့ရုံးခန်းမှာ အခုလို ပြောသွားခဲ့ပါတယ်။

“ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အရမ်း လွှမ်းမိုးမှု ရှိတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လွှမ်းမိုးနေတဲ့ အခါကျတော့ တရားစီရင်ရေး မဏ္ဍိုင်က ဖြောင့်ရဲ့လားဆိုတာ လုံး၀ ပြောဖို့ရာ ခက်သွားပြီ။ တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်မှသာလျှင် ဖြောင့်မတ်မှာ။ မလွတ်လပ်ဘဲနဲ့တော့ မဖြောင့်နိုင်ဘူး။”

မိတ္ထီလာ ပဋိပက္ခအတွင်းမှာ ဗလီနဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်အများအပြား မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးတော့ အစ္စလာမ် ဘာသာဝင် အများစုလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီ ပဋိပက္ခကြောင့် ဒေသခံ လူ သောင်းနဲ့ချီပြီးတော့လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရတာပါ။

ဒီဖြစ်ရပ်မှာ လှုံ့ဆော် သွေးထိုးမှု၊ မီးရှို့မှု၊ လူသတ်မှုတွေနဲ့ သံသယရှိသူ ဗုဒ္ဓဘာသာဝင် အပါအဝင် လူပေါင်း ၇၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ လောလောဆယ်ထိတော့ အစ္စလာမ် ဘာသာဝင် ၇ ဦးကိုပဲ ပြစ်ဒဏ်စီရင်ရသေးတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG