သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်တပ်ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း


သုံးခွကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်စဉ်ကပုံ။
သုံးခွကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်စဉ်ကပုံ။
မြန်မာနိုင်ငံ လုံခြုံအေးချမ်းဖို့ဆိုရင် တပ်မတော်နဲ့ ပြည်သူအကြားမှာ အပြန်အလှန် လေးစားဖို့၊ ယုံကြည်ဖို့၊ ချစ်ခင်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ချင်းပြည်နယ် ဖလမ်းမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒီလို အပြန်အလှန် ယုံကြည်လေးစား ချစ်ခင်ဖို့ဆိုရင် ပြည်သူတွေကို အလုပ်အကျွေးပြုပြီး ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းဖို့ လိုအပ်ကြောင်းလည်း တပ်မတော်ကို တိုက်တွန်းပြောကြားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြော စည်းရုံးရေးအတွက် ချင်းပြည်နယ်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဒီကနေ့ နေ့ခင်း ၁၂ နာရီလောက်က တီးတိန်မြို့ကနေ ဖလမ်းမြို့ကိုရောက်ရှိလာပြီး နေ့ခင်း ၂ နာရီလောက်မှ ဖလမ်းမြို့ ဟရန်ထီးယိုအားကစားကွင်းမှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းရင်းသား ချစ်ကြည်ရေးနဲ့ ချင်းပြည်နယ်ရဲ့ ပညာရေးကိစ္စရပ်တွေကို ထည့်သွင်း ဆွေးနွေးဟောပြောခဲ့သလို တပ်မတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဟာ အရေးပါကြောင်းကို အခုလို ပြောဆိုခဲ့ပါတယ်။

“ကျမက တပ်မတော်နဲ့ အများကြီး အဆင်ပြေစေချင်တယ်။ အဆင်ပြေစေချင်တယ်ဆိုတာက ကျမတို့ နိုင်ငံအတွက်ပါ။ ကျမရဲ့ ပုဂ္ဂိုလ်ရေး သံယောဇဉ် တခုတည်းအတွက် မဟုတ်ပါဘူး။ ဒါလည်း ပါပါတယ်၊ ဒါလည်း ကျမက မငြင်းပါဘူး။ ပုဂ္ဂိုလ်ရေး သံယောဇဉ်အရ တပ်မတော်နဲ့ အဆင်ပြေစေချင်တယ်၊ တပ်မတော်နဲ့ပြည်သူ အဆင်ပြေစေချင်တယ်။ ဒါပေမဲ့ အဓိက အဆင်ပြေစေချင်တဲ့ အကြောင်းက နိုင်ငံအတွက်ပဲ။ ဒီနိုင်ငံ အေးချမ်းဖို့၊ လုံခြုံဖို့ ဆိုလို့ရှိရင် တပ်မတော်နဲ့ ပြည်သူဟာ တယောက်နဲ့တယောက် ယုံကြည်ရမယ်၊ တယောက်နဲ့တယောက် လေးစားရမယ်၊ ချစ်ခင်ရမယ်။ အဲဒီလို အနေအထား မရှိလို့တော့ ဘယ်တော့မှ ဒီနိုင်ငံဟာ တည်ငြိမ်နိုင်မှာ မဟုတ်ဘူး၊ လုံခြုံနိုင်မှာ မဟုတ်ဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့တပ်မတော်ကို လူထုက ကြည်ညိုလာစေဖို့အတွက် မကြာခင်က သူသွားရောက်လေ့လာခဲ့တဲ့ အင်္ဂလန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်နဲ့ နှိုင်းယှဉ်ပြီး ထည့်သွင်းပြောဆိုထားပါတယ်။

“စစ်တပ်ရဲ့ဆောင်ပုဒ်က ဘာလဲဆိုတော့ ကျနော်တို့ဟာပေါ့နော်၊ ခေါင်းဆောင်မှု ပေးနိုင်ဖို့အတွက် ဝန်ထမ်းရတယ်၊ “We Serve to Lead” - ပြောရမယ် ဆိုလို့ရှိရင် ဝန်ထမ်းလုပ်ကျွေးခြင်းအားဖြင့် ခေါင်းဆောင်မှု ပေးရမယ်။ ခေါင်းဆောင်ဆိုတာ ရှေ့ကနေပြီးတော့ ကော့ကော့ ကော့ကော့နဲ့ သွားဖို့မဟုတ်ဘူး။ ဖိနှိပ်ပြီးတော့ ကိုယ်ကနေပြီးတော့ အပေါ်ကနေ ပြောဆိုနေဖို့ မဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာ၊ တကယ့်ခေါင်းဆောင်မှု ပေးချင်လို့ရှိရင် ဝန်ထမ်းရတယ်၊ တာဝန်ယူရတယ်၊ လုပ်ကျွေးရတယ်။ အဲဒီစိတ်ဓာတ်လိုတယ်။ ကျမတို့ရဲ့ ပြည်သူပြည်သားတွေထဲမှာလည်း ဒီစိတ်ဓာတ် ရှိစေချင်တယ်။ ဒီလိုဖြစ်ရမယ်။ အဲဒီတော့ တပ်မတော် ခေါင်းဆောင်တွေဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ရမယ်။ ခေါင်းဆောင်ဆိုတာ တပ်မတော် ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်ပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ ပြည်သူကို လုပ်ကျွေးဖို့၊ ပြည်သူကို ကူညီဖို့၊ ပြည်သူရဲ့ ဆန္ဒတွေကို ဖော်ထုတ်ပေးဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ တာဝန်ကျေပြွန်နိုင်မှ တကယ့်ခေါင်းဆောင်အစစ် ဖြစ်တယ်လို့ ကျမတို့ ဒီလိုနားလည်ရမယ်။”

မြန်မာ့တပ်မတော်အနေနဲ့လည်း လူထုဆန္ဒကို ဖြည့်ဆည်းပေးဖို့ အခုလို ဆက်လက် တိုက်တွန်းထားပါတယ်။

“တပ်မတော်အနေနဲ့လည်း ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ ဘာလဲဆိုတာကို သေသေချာချာ လေ့လာပါ။ လေ့လာလို့ သိတဲ့အခါကျလို့ရှိရင် ဆန္ဒတွေ ပြည့်ဝဖို့အတွက် အတတ်နိုင်ဆုံး လုပ်ပေးကြပါလို့ ကျမကတော့ ဒီလိုပဲ ဆော်သြချင်တယ်။ လုပ်ပေးရမှာ တပ်မတော်သားများရဲ့ တာဝန်ဖြစ်သလို၊ ဒီတာဝန်ကို ကျေပြွန်ခြင်းအားဖြင့် တပ်မတော်အတွက်လည်း အင်မတန်မှ ကောင်းကျိုးတွေ ရနိုင်ပါတယ်။ ပြည်သူတွေကနေပြီးတော့ လေးစားလာမယ်၊ ချစ်ခင်လာမယ်။ ပြည်သူရဲ့ လေးစားမှု ချစ်ခင်မှုနဲ့ နှိုင်းယှဉ်လို့ရတဲ့အရာ ဘာမှမရှိပါဘူး။ ကျမတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်ကိုလည်း ပါဝင်စေချင်တယ်လို့ ကျမတို့ ပြောတာပါ။”

ဒီကနေ့ ကျင်းပတဲ့ ဖလမ်းမြို့ လူထုတွေ့ဆုံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဖဲွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဦးဌေးဦးက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြုပြင်သင့်တဲ့အချက်တွေကို ဟောပြောခဲ့ပါသေးတယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဖလမ်းဒေသခံတဦးကတော့ သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“လူထုကတော့ ဝမ်းသာပီတိတော့ ဖြစ်ကြပါတယ်။ မမြင်ဖူးတဲ့သူတွေလည်း ရှိတော့လေ။ သူတို့အားရပါတယ်။ လူထုကတော့ များပါတယ်။ ဘယ်လောက်လောက်ရှိမလဲ ၂၀၀၀ ဝန်းကျင် ရှိမယ်နဲ့တူတယ်။ ဖလမ်းမြို့ပေါ်ကရော အနီးနားကျေးရွာက လာတဲ့သူတွေရော ရှိပါတယ်။”

ဖလမ်းမြို့ လူထုတွေ့ဆုံပွဲကိုတော့ ညနေ ၃ နာရီလောက်မှာ ရပ်နားခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ကို ဆက်လက် ထွက်ခွာသွားပါတယ်။ မနက်ဖြန်မှာတော့ ဟားခါးမြို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုဟောပြောပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။
XS
SM
MD
LG