သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဥရောပခရီးစဉ် ပိုလန်နဲ့စတင်


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပိုလန်ခရီးစဉ်ကို ပိုလန်ပညာတတ် အသိုင်းအဝိုင်းနဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ အထူးစိတ်ဝင်စား မျှော်လင့်နေပါတယ်။ နှစ်ပေါင်း (၄၀) ကျော် ပိုလန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပိုလန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး အနေနဲ့ စံပြုထားကြတယ်လို့ ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ မနေ့ညက ထွက်ခွာလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်စံတော်ချိန် မနက်ပိုင်းမှာ မြို့တော် ဝါဆော လေဆိပ်ကို
ရောက်ရှိလာမှာ ဖြစ်ပါတယ်။ သူရဲ့ ပိုလန်ခရီးစဉ်ကို Institute of Lech Walesa အဖွဲ့က စီစဉ်ဆောင်ရွက် ပေးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပိုလန်နိုင်ငံ ခရီးစဉ်ကို ပိုလန်ပြည်သူတွေက စိတ်ဝင်စား စောင့်ကြည့်နေကြပြီး ရုပ်မြင်သံကြား သတင်းဌာနတွေမှာလည်း ခရီးစဉ်သတင်းကို ကြေညာပေး တာတွေ့ရတယ်လို့ နှစ်ပေါင်း (၄၀)ကျော် ပိုလန်နိုင်ငံမှာ နေထိုင်နေတဲ့ ဒေါက်တာသန်းထိုက် ကပြောပါတယ်။

“တော်တော်များများကတော့ Excited ဖြစ်တယ်ပေါ့နော်။ အထူးသဖြင့်တော့ ကျောင်းသားတွေ၊ နောက် Common Public ပေါ့ဗျာ။ ဒီပညာတတ်တဲ့အပိုင်းတွေက နည်းနည်း Excited ဖြစ်တယ်ပေါ့။ ဒေါ်စုကို ဒီကိုလာတယ်ဆိုတော့ တွေ့ချင်ကြတယ်ပေါ့။”

မေး။ ။ အဲတော့ ပိုလန်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးအနေအထားကရော ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ “ပိုလန်က သူတို့ကလည်း ကွန်မြူနစ်စနစ်ကနေပြီးတော့ ဒီမိုကရေစီကို ပြောင်းသွားတဲ့အတွေ့အကြုံရှိတယ်။ အဲ့ဒီအတွေ့အကြုံကို သူတို့ကလည်း Share လုပ်ချင်တယ်ပေါ့။ စီးပွားရေးနဲ့ ပိုလန်က ဗမာပြည်မှာ စီးပွားရေးအရ မရှိဘူး။ အခုလောလောဆယ်တော့ မနှစ်ကစတယ်နဲ့တူတယ်။ ဗမာပြည်မှာသွားပြီးတော့ ဒီ Workshop လုပ်တာတွေဘာတွေရှိတယ်။ နောက် ပြီးတော့ ဘာလဲ မီဒီယာနဲ့ပတ်သက်ပြီး သင်တန်းပေးတာတွေရှိတယ်။ အဖွဲ့ နှစ်ဖွဲ့လား မသိဘူးရှိတယ်။ NGO အဖွဲ့နှစ်ဖွဲ့က ဗမာပြည်မှာသွားပြီးတော့ Experience Sharing ပေါ့ဗျာ။ သွားလုပ်ပေးတာရှိတယ်။”

မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ကို အဓိကဖိတ်ခေါ်တဲ့ Institute of Lech Walesa ရဲ့ အဖွဲ့အစည်းအကြောင်းလေးပေါ့နော် ပြောပြလို့ရမလား။

ဖြေ။ ။ Lech Walesa က ပိုလန် ကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီကိုပြောင်းတဲ့အချိန်မှာ ပထမဆုံး သမ္မတပေါ့လေ။ သူက အဲ့ဒါမျိုးမဖြစ်ခင် Nobel Peace Prize လည်း ရခဲ့တယ်။ သူက Retired လုပ်ပြီးတော့ NGO ထောင်ထားတယ်ပေါ့။ Institute of Lech Walesa ဆိုပြီးတော့။ အဲ့ဒီ Institute က ဘာလုပ်လဲဆိုတော့ ဒီမိုကရေစီအရေးလုပ်တယ်။ ပိုလန်ရဲ့ အတွေ့အကြုံကို Share လုပ်တယ်ပေါ့ဗျာ။ ပိုလန်ရဲ့ အတွေ့အကြုံက ဘယ်လိုလဲဆိုတော့ ကွန်မြူနစ်စနစ် ပျက်သွားတဲ့အချိန်မှာ သူတို့ Round Table Conference လုပ်တာပေါ့။ အတိုက်အခံနဲ့ အာဏာ Sharing of Power – Two Years Interim Period ဆိုပြီးတော့ လုပ်တယ်။ အဲ့ဒီမှာ ကွန်မြူနစ်ဘက်ကကျတော့ သမ္မတရာထူးယူတယ်။ Solidarity Movement ဘက်က ဝန်ကြီးချုပ်ရာထူးယူပြီး နောက် နှစ်နှစ်ပြည့်ပြီးတဲ့အခါ သူတို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲလုပ်ပြီးတော့ အဲ့ဒီမှာ Opposition က အာဏာရသွားတယ်ပေါ့။

နှစ်ရက်ကြာမယ့် ပိုလန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဌာန အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖိုရှိပါတယ်။
နောက်ပြီး ပိုလန်လွှတ်တော်ကိုလည်း သွားရောက်ပြီးတော့ ဥပဒေပြု လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာပါ။

စက်တင်ဘာလ (၁၂) ရက်နေ့မှာတော့ ဝါဆောတက္ကသိုလ်မှာ လူသိများထင်ရှားနေတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံခရီးစဉ် အပြီးမှာ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။
XS
SM
MD
LG