သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ရေးရပ်ဆိုင်း ဒေါ်စုသုံးသပ်


NLD ရုံးချုပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။
NLD ရုံးချုပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။

မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရဘက်က လိုအပ်တာထက်ပိုပြီး အကောင်းမြင်လွန်းနေတယ်လို့ မြင်တဲ့အကြောင်းဒေါ်အောင် ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာနိုင်ငံတွင်း က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိဘူး ဆိုပြီးတော့ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ သိသာမှုမရှိတဲ့ ကိစ္စကို အမေရိကန် ပြည်ထောင်စု အနေနဲ့ အလေးအနက် ထည့်သွင်းစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောဆိုသွားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်က သမ္မတဦးသိန်းစိန် စီစဉ်တဲ့ မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ထူးထူးခြားခြား ဖြစ်ထွန်းမှုမရှိတဲ့ တွေ့ဆုံပွဲသာဖြစ်ပြီး၊ သူတို့အနေနဲ့တော့ ၄ ပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်လာဖို့ ဆက်ကြိုးစား တောင်းဆိုသွားမယ်လို့ အတိုက်အခံခေါင်းဆောင်၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။ ရန်ကုန် NLD ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားတာတွေနဲ့ ပတ်သက်လို့ သတင်းရယူခဲ့တဲ့ ဗွီအိုအေ ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က သတင်းပေးပို့ထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံ့ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို တွေ့ဆုံပွဲတခု အနေနဲ့သာ ရှုမြင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်ပါတယ်။

“ဘယ်လိုသဘောထားလဲဆိုတော့ ဒါဟာတွေ့ဆုံပွဲ တခုလို့ပဲ၊ ဒီလိုပဲ ကျမသဘောထားပါတယ်။ ဒါက တကယ့်သိပ်ပြီးတော့ ထိရောက်တဲ့ ဆွေးနွေးပွဲတော့ မဟုတ်ပါဘူး။ သို့သော်ငြားလည်း ဘာပဲပြောပြော တွေ့ဆုံပွဲဆိုတာလည်း မတွေ့ဆုံပွဲထက်တော့ ပိုကောင်းတယ်လို့ပဲ ပြောရမှာပဲ။ အရေးကြီးတာကတော့ ဒီတွေ့ဆုံပွဲရဲ့ ရလဒ်ကဘာလဲ၊ ဒီကနေ့ ဘယ်ကိုရောက်သွားမှာလဲ၊ ဘယ်ကိုဦးတည်သလဲပေါ့။ ဒါကို ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုလို့ရှိရင် တချို့ကနေပြီးတော့ ၁၄ ပွင့်ဆိုင်ပေါ့။ ကျမတို့ဟာ ကျမပြတ်ပြတ်သားသား ပြောပါရစေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄ ပွင့်ဆိုင်ကို တွေ့ဆုံပွဲကို တောင်းခံခဲ့တာ ၂၀၁၃ ခုနှစ် စောစောပိုင်း ကတည်းက ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ဟာ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံပွဲကိစ္စကို ကျမတို့ ဆုပ်ကိုင်ထားတာပါ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ကတည်းကိုက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မယ့် ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကို တစိုက်မတ်မတ် တောင်းဆိုနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ၄ ပွင့်ဆိုင် ဆွေးနွေးရေး အထမြောက်ဖို့ကို ပြည်သူလူထုက ထောက်ခံကြပါရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

“အဲဒီတုန်းကလည်း ဒီဟာကို၊ ဒီတောင်းဆိုချက်ကို မလိုက်လျောခဲ့ပါဘူး။ အခုအထိလည်း တကယ်တော့ မလိုက်လျောသေးပါဘူး။ အဲဒီတော့ ကျမတို့နိုင်ငံရဲ့ ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ပြည်သူလူထု စိတ်ချမ်းသာရာရအောင်လို့ ဖြေရှင်းရမယ်ဆိုရင် ဒီဆွေးနွေးပွဲ လမ်းကြောင်းကနေပြီးတော့ တခြားမရှိပါဘူး။ တခြားလမ်းကြောင်းလည်း မရှိပါဘူး။ အဲဒီတော့ ပြည်သူများအနေနဲ့ ကျမတို့နိုင်ငံဟာ အေးအေးဆေးဆေးနဲ့ လိုရာပန်းတိုင်ကို ဆက်သွားနိုင်ဖို့ဆိုလို့ရှိရင် ဖိအားပေးတယ်ဆိုတာ တပ်မတော်ကိုတင် မဟုတ်ဘူး၊ ဒီဆွေးနွေးပွဲထဲမှာ ပါသင့်ပါထိုက်တဲ့လူတွေ။ ကျမတို့ကတော့ ဒီ ၄ ပွင့်ဆိုင်လို့ ပြောတာပေါ့။ ၄ ပွင့်ဆိုင်ဆိုတာ သမ္မတဦးသိန်းစိန်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရယ်၊ နောက်ပြီးတော့ လွှတ်တော်ကို ကိုယ်စားပြုတဲ့ ဥက္ကဋ္ဌဦးရွှေမန်းရယ်၊ ကျမရယ်ပေါ့နော်။ အဲဒီတော့ ဒီ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်သူတွေကနေပြီးတော့ အားပေးကြပါ၊ ပြည်သူတွေကနေပြီးတော့ ကူညီထောက်ခံကြပါလို့ ကျမကဒီလိုပဲ တောင်းခံချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကတည်းကိုက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးစားမယ်လို့ သန္နိဓာန် ချထားခဲ့ပါတယ်တဲ့။ ဒါကြောင့်မို့လို့ လွှတ်တော်တွင်းမှာလည်း ကြိုးစားနေကြောင်းနဲ့ လွှတ်တော်အနေနဲ့လည်း ပြည်သူ့အသံကို နားထောင်ဖို့ လိုတဲ့အကြောင်း အခုလို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုလိုက်ပါတယ်။

“လွှတ်တော်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို တကယ်ပဲ၊ လွှတ်တော်ရဲ့ဆန္ဒဟာ ပြည်သူ့ဆန္ဒ ဆိုလို့ရှိရင်တော့ ၅ သန်းသော ပြည်သူများဟာ မိမိတို့ရဲ့ ဆန္ဒသဘောထားအရ လက်မှတ်ထိုးပြီးတော့ ထောက်ခံထားတဲ့ ကိစ္စတခုကို လျစ်လျူရှုမယ် ဆိုလို့ရှိရင်တော့ လွှတ်တော်ရဲ့ ဆောင်ပုဒ်နဲ့ ကိုက်ညီမှာ မဟုတ်ဘူးလို့တော့ ကျမတို့ ပြောရပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့တဲ့ ၃ ရောင်ခြယ် အဖွဲ့ဝင်ဟောင်း အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်ပါတယ်။

“အခုကိစ္စကတော့ တရားဥပဒေကိစ္စ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒါဟာ တရားစီရင်ရေး မဏ္ဍိုင်နဲ့ ဆိုင်ပါတယ်။ အဲဒီတော့ အန်တီတို့ရဲ့ ဥပဒေစိုးမိုးရေး ကော်မတီကတော့ တခြားနိုင်ငံထဲက အဖွဲ့အစည်းတွေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေနည်းတူ ဒီအမှုကို ကြည့်နေကြမှာပဲ၊ သုံးသပ်နေကြမှာပဲ။ ဘယ်လိုကိုင်တွယ်သလဲ၊ ဘယ်လောက် တကယ်စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး ရှိသလဲ ဆိုတာကိုတော့ အန်တီတို့ နိုင်ငံတင်မဟုတ်ဘူး၊ တခြားနိုင်ငံတွေကတောင်မှ စိတ်ဝင်တစားနဲ့ ကြည့်ရှုနေမယ်လို့ ထင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်ကို ဒီဇင်ဘာလအတွင်း သွားရောက်ဖို့ ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စီစဉ်နေဆဲဖြစ်တာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်မှာတော့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်ဘဲ ရပ်တန့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့ပါတယ်။

XS
SM
MD
LG