သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်မှု အပြောင်းအလဲ ဒေါ်စုတုံ့ပြန်


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်း ရုတ်တရက် ခေါင်းဆောင်အပြောင်းအလဲကြောင့် မိတ်ဆွေအစစ်အမှန် ပေါ်လာမှာဖြစ်တဲ့အပြင် မိတ်ဆွေအချင်းချင်းကြား ပိုပြီးခိုင်မာသွားဖို့ပဲ ရှိတယ်လို့ မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ ဒါဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းနဲ့ သူ့အကြားမှာ မဟာမိတ်ဆက်ဆံရေး ပိုပြီးခိုင်မာလာဖို့ပဲ ဖြစ်တယ်လို့ အများက သုံးသပ်နေကြပါတယ်။

သတင်းစားရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို မအင်ကြင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။

အင်္ဂါနေ့က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲနဲ့ ပတ်သက်လို့ သူရဲ့သဘောထားကို သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ အင်အားသုံးပြီး သူရဦးရွှေမန်းကို ပါတီဥက္ကဌရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် ခေါင်းဆောင်အပြောင်းအလဲ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့အမြင်ကို အခုလို သတင်းထောက်တွေကို ပြောပါတယ်။

“ညသန်းခေါင်းယံအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စဟာ ဒီမိုကရေစီနည်းလမ်းအတိုင်း ကျင့်သုံးနေပါတယ်ဆိုတာ မျှော်လင့်လို့မရဘူး” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်နှစ်ဦးဟာ အရင်ကတည်းက လွှတ်တော်တွင်း ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။

အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲကြောင့်လည်း မိတ်ဆွေစစ် အချင်းချင်းကြား ဆက်ဆံရေး ပိုပြီး ခိုင်မာသွားတယ်လို့လည်း သူက အခုလို ပြောပါတယ်။

“ဒီအချိန်မှာ ဘယ်သူက မိတ်ဆွေအစစ် ဖြစ်နိုင်သလဲဆိုတာ ပေါ်လာမယ်ဆိုတော့ မိတ်ဆွေအချင်းချင်းကြား ပိုပြီးတော့ ခိုင်ခံ့သွားဖို့ပဲ ရှိတာပေါ့။”

အာဏာရပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲကို အင်အားသုံး ဆောင်ရွက်ခဲ့တာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ကို လူထုထောက်ခံမှု ပိုပြီး ရလာမယ်လို့ မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောသွားပါတယ်။ ပါတီဥက္ကဌရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ တနင်္လာနေ့က နေပြည်တော်မှာ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမဲ့ ယေဘုယျ အချက်တွေကို အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ပုံမှန်ပေါ့ အစိုးရနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ပါတီနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကျန်တဲ့ နိုင်ငံရေးကိစ္စတွေ”

မနေ့က စတင်ကျင်းပတဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြည်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းပေးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စတုတ္ထအကြိမ်မြောက် တင်သွင်းလာတာနဲ့ ပတ်သက်လို့ NLD အနေနဲ့ ဒီဥပဒေမူကြမ်းကို အရင်ကတည်းကိုက သဘောမတူကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“အန်တီတို့က လက်မခံခဲ့ဘူး။ ဒီဟာ ပြောင်းကိုပြောင်းရမယ့်ကိစ္စ။ အဓိပ္ပါယ်မရှိဘူး။ ၁ ရာခိုင်နှုန်းက ဒီဟာကို စလုပ်မှာ။ နောက်ပြီးတော့ ဒါက အစပဲရှိသေးတယ်။ နောက်ပြီး ဒီလို Right to Recall ဆိုပြီး ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးလို့ရှိရင် လုပ်ရမယ့်ကိစ္စတွေက အများကြီး။ လွှတ်တော်အတွင်းမှာ ဒါမျိုးတွေ လုပ်ရမယ်ဆိုရင် တခြား အလုပ်တောင် လုပ်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။”

အာဏာရပါတီတွင်း ပြဿနာတွေကြောင့် လွှတ်တော်ရဲ့ တာဝန်ကိစ္စရပ်တွေကို ထိခိုက်စေတာမျိုး မဖြစ်သင့်ကြောင်းနဲ့ အဲဒီလိုမဖြစ်အောင်လည်း ပြည်သူအားလုံးက စောင့်ကြည့်ဖို့ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

XS
SM
MD
LG