သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုရုပ်သိမ်းဖို့ အခြေအနေမရောက်သေး


ဒဏ်ခတ်မှုရုပ်သိမ်းဖို့ အခြေအနေမရောက်သေး
ဒဏ်ခတ်မှုရုပ်သိမ်းဖို့ အခြေအနေမရောက်သေး

မြန်မာနိုင်ငံကို အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုတ်သိမ်းသေးတာဟာ ရုတ်သိမ်းနိုင်လောက်တဲ့ အဆင့်ထိ တိုးတက်မှု မရှိတာကြောင့်ဆိုတဲ့ သဘောထားကို ထောက်ခံတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်ပေးပြီး ပြည်တွင်းစစ်ရပ်ကာ လူ့အခွင့်ရေး အခြေအနေတွေအတွက် အာမခံချက်ရှိတဲ့ အနေအထားမျိူးတွေ ရှိပါမှ ရုတ်သိမ်းဖို့ အကြောင်းအရင်းတွေ ရှိလာမှာလို့လည်း ဆိုပါတယ်။ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုသိဖို့ NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ဖော်ဆောင် ကျင့်သုံးခြင်း မရှိတာကြောင့်ရော လူ့အခွင့်ရေး ချိူးဖောက်မှုတွေကြောင့်ပါ။ အမေရိကန် အပါအဝင် အီးယူဥရောပ သမဂ္ဂ အဖွဲ့ကြီးတွေက
နှစ်အတော်ကြာကတည်းက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ အရေးယူထားတာပါ။

ဒါပေမယ့် အခုအရပ်သားအစိုးရ လက်ထက်ထဲမှာ ပြောင်းလဲလာတဲ့ အခြေအနေ တချိူ့နဲ့အတူ ဒီနိုင်ငံကြီးတွေရဲ့ အထူး ကိုယ်စားလှယ် အဖွဲတွေက မကြာခဏဆိုသလို သလိုဘဲ မြန်မာပြည် ခရီးစဉ်တွေကြောင့် ဒီစီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို ရှိလာတော့မလားဆိုတဲ့ ပြောဆိုသုံးသပ်ချက်တွေ ရှိလာပြီးတော့ တခါ နိုင်ငံရေးပါတီ တချို့ကလည်း ဒီပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တောင်းဆိုနေတာတွေ ရှိပါတယ်။

လတ်တလောမှာကိုဘဲ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Derek Mitchell ဟာ မနေ့ကဘဲ မြန်မာနိုင်ငံက ပြန်လာသလို အစိုးရအဖွဲနဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိပေမယ့် ဒီတွေ့ဆုံ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ခုချိန်ထိ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီစီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်အပါအဝင် အီးယူအဖွဲ့တွေဟာ မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အမြင်တွေကိုလည်း ဒီနိုင်ငံကြီးတွေက ဆွေးနွေး မေးမြန်းပါတယ်။

အထူးသဖြင့်တော့ အရေးယူ ပိတ်ဆို့မှုတွေဟာ ရုပ်သိမ်းလောက်တဲ့အဆင့်အထိ မပြောင်းလဲသေးလို့ ဒီဒဏ်ခတ်မှုတွေဟာ ဆက်ထားဖို့လိုတယ်လို့ဆိုတဲ့ အနောက်နိုင်ငံ တချိုရဲ့ ပြောဆိုချက်ဟာ မှန်ကန်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ကြောင်း NLDပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ပြောတာက sanction (ပိတ်ဆို့ အရေးယူမှု) နဲ့ ပတ်သက်လို့ရှိရင်တဲ့ ပိတ်ဆို့မှုချမှတ်ရတဲ့ အကြောင်းအရင်းတွေ ပြေလျှော့သွားပြီလား၊ ပြေလျှော့ဖို့ အာမခံျက် ရှိပြီလား၊ အဲဒီလိုမရှိလို့ Sanction မရုတ်သိမ်းသေးဘူး ဆိုရင် ဒီသဘောထားကို သူထောက်ခံပါတယ်တဲ့။"

နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်ပေးရေး အပါဝင် တိုင်းပြည်မှာ လူ့အခွင့်ရေးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေ ရှိလာပါမှ ဒီပိတ်ဆို့မှုတွေဟာ ရုတ်သိမ်းလာမယ့် အဆင့်ရှိမှာ ဖြစ်တယ်လိုလည်း ဆိုပါတယ်။

"နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိနေတာကိုက ဒီရည်ရွယ်ချက်ကို မရောက်နိုင်ဘူးလို့ ယူဆလို့ရတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ကလည်း တဦးနဲ့တဦး အပြန်အလှန် ညှိနှိုင်း နားလည်မှုယူပြီး ဆောင်ရွက်ရမယ့်ဟာမျိူး။ ဒါတွေဟာ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် အရေးကြီးတဲ့ ကိစ္စတွေလို့ ဒီလို ယူဆလို့ရပါတယ်။ လူ့အခွင့်ရေးအတွက် အာမခံချက်ရှိတဲ့ လုပ်ဆောင်မှုမျိူးတွေ ရှိပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားမယ်လို့ ယုံကြည် လက်ခံနိုင်တဲ့ အခြေအနေမျိူး။ ဆိုလိုတာက လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ဒါမျိူးတွေနဲ့ ကျနော်တို့ တိုင်းရင်းသား ညီညွတ်ရေးကိုလည်း ဆောင်ရွက်နေတယ်ဆိုရင် ဒါဟာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းရမယ့် အကြောင်းအရင်းတွေ ဖြစ်လာပါလိမ့်မယ်။"

အခုဆိုရင် အီးယူ ဥရောပသမဂ္ဂထဲက နိုင်ငံတချို့ဟာ ဒီပိတ်ဆို့မှုတွေ လျော့ချပေးသင့်ပြီဆိုတဲ့ သဘောထားမျိူးတွေ ရှိလာတာတွေ့ရသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NLD ပါတီက ဗဟိုအလုပ်မှုဆောင် အဖွဲ့တွေနဲ့ပါ တွေ့တဲ့အခါတိုင်းမှာ အီးယူအဖွဲ့က သဘောထားတွေကို မေးမြန်းတာရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို အီးယူ ဥရောပသမဂ္ဂ အဖွဲ့က ပြန်လည်ဆန်းစစ်ဖို့ လုပ်နေတာတွေတွေ့နေရသလို ပြီးခဲ့တဲ့ တပတ်ထဲ အီးယူ အဖွဲ့က ကိုယ်စားလှယ် တချို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခဲ့သေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အီးယူနဲ့ ဆွေးနွေးတဲ့ အသေးစိတ်ကိုတော့ ကျနော်မသိပါဘူး။ အဲဒီတော့ အီးယူသဘောထားက လက်ရှိ အပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ သူတို့ စဉ်းစားနေတယ်ဆိုတဲ့ အဆင့်ဘဲ ကျနော် နားလည်ပါတယ်။ ဒီ Sanction (ပိတ်ဆို့မှု) တွေကို ရုတ်သိမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မရပါဘူး။ ဒါ ပြန်လည်စဉ်းစားနေတဲ့ အဆင့်လို့ ကျနော် အဲဒီလိုဘဲ နားလည်ပါတယ်။ ကျနော်တို့ဖက်ကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရုတ်သိမ်းစရာအကြောင်း မပေါ်ပေါက်သေးပဲနဲ့ ရုတ်သိမ်းမယ် ဆိုရင်တော့ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ အဲဒီလိုသဘောမျိူး ကျနော်တို့ ပြောထားပါတယ်။"

NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါ။

နှစ်အတော်ကြာကတည်းက မြန်မာနိုင်ငံကို စီးပွာေးရးပိတ်ဆို့မှု့တွေနဲ့ အရေးယူလာခဲ့ပေမယ့် နိုင်ငံ အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေက သိသာတဲ့ ပြောင်းလဲတဲ့ တိုးတက်မှုတွေ မလုပ်ခဲ့လို့ ဒီအရေးယူ ပိတ်ဆို့မှုတွေဟာ အောင်မြင်မှု မရှိဘူးလို့ သုံးသပ်တာတွေ ရှိသလို ဒီပိတ်ဆို့မှုတွေဟာ အပြောင်းအလဲ အတွက် ဖိအားပေးတဲ့ အချက်တွေထဲ အဓိက ပါဝင်တယ်လို့လည်း မြင်ကြသူတွေ ရှိပါတယ်။

XS
SM
MD
LG