သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စု တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့တွေ့ဆုံ

  • ဦးရော်နီညိမ်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသစ် ပတ် ဂွန် ဟဲ တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ ဟာဝိုင်အီကနေ တောင်ကိုရီးယားနိုင်ငံကို ၅ ရက်ခရီးအဖြစ် စတင်ရောက်လာခဲ့တာပါ။ ဒီကနေ့ သူ့ရဲ့ ဒုတိယနေ့ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့တွေ့ဆုံတယ်၊ ဘာအစီအစဉ်တွေရှိမယ်ဆိုတာကို သိရဖို့အတွက် တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ဦးရော်နီညိမ်းကို ဒေါ်ခင်မျိုးသက် က ဆက်သွယ်မေးမြန်းထား ပါတယ်။

မေး။ ။ ဦးရော်နီရေ အခု တောင်ကိုရီးယားမှာပေါ့နော် ဒေါ်အောင်ဆန်းစုကြည်ရောက်နေတာ အခု ဒုတိယနေ့ပေါ့နော် ဒီဒုတိယနေ့နဲ့ပတ်သက်ပြီး ဦးရော်နီ စုံစမ်းသိရှိထားသမျှကို ပြောပြပါဦးရှင်။

ဖြေ။ ။ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယမြောက်နေ့အဖြစ် တောင်ကိုရီးယား ကို ရောက်လာတဲ့အခါမှာ သူ့ရဲ့ မူလအစီအစဉ် အပြောင်းအလဲတွေကတော့ နည်းနည်းလေး ရှိတယ်ခင်ဗျ။ ပထမတုန်းကတော့ လက်ရှိ သမ္မတ အီမြောက်ဘတ် (Lee Myung-bak) နဲ့က မနက်ဖြန်မှ တွေ့ဖို့ပေါ့နော်။ တတိယမြောက်နေ့မှ ကျနော်တို့ မသန်မစွမ်း ကမ္ဘာပေါ်မှာရှိတဲ့ အားကစားသမားတွေရဲ့ အထူး အိုလံပစ်ပွဲအပြီးမှာ တွေ့ဖို့လုပ်ထားပေမဲ့ အခုတော့ ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၁၁ နာရီခွဲမှာ သမ္မတ အီမြောက်ဘတ် (Lee Myung-bak) နဲ့ အရင်ဆုံး စပြီး တွေ့တယ်ပေါ့နော်။

နောက်တခါ သိပ်မကြာအချိန်မှာ ဆိုးလ်မြို့တော်ဝန်ဖြစ်တဲ့ ပတ်ဝုန်ဆုံ နဲ့လည်း သူ တွေ့ပါတယ်။ အဲတော့ သမ္မတ အီမြောက်ဘတ် (Lee Myung-bak) က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်တော်ပြာ မှာကို လက်ခံတွေ့တာပေါ့နော်။ ဒီမှာတော့ သူတို့က Blue House လို့ ခေါ်ကြတာကိုး။ နောက်တခါ ဆိုးလ်မြို့တော်ဝန်ကလည်း သူ ရုံးဆိုက်တဲ့ မြို့တော်ခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံ တွေ့ဆုံတာပေါ့နော်။

အဲ့ဒီကနေပြီးသွားတော့မှ နေ့လည် ၁ နာရီခွဲမှာ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရ ပြီးတော့ ရှေ့လထဲ ကျမ်းသစ္စာကျိန်ဆိုမယ့် မစ္စစ် ပတ် ဂွန် ဟဲ (Park Geun-hye) သူနဲ့ တွေ့ပါတယ်။ သူနဲ့တွေ့တဲ့ဟာကိုတော့ အားလုံးကပဲ စိတ်ဝင်တစားပေါ့နော် ဘာကြောင့်လဲဆိုတော့ ဒီနှစ်ယောက်စလုံးဟာ အမျိုးသမီးတွေဖြစ်တယ်။ အမျိုးသမီးတွေဖြစ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း သမီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ပတ်ဂျုံဟဲ ရဲ့ သမီးဖြစ်တဲ့ မစ္စစ် ပတ် ဂွန် ဟဲ (Park Geun-hye) ဒါကို လူအများက စိတ်ဝင်စားကြတယ်။ သူတို့ နှစ်ဦးတွေ့တဲ့အခါမှာ မစ္စစ် ပတ် ဂွန် ဟဲ (Park Geun-hye) က ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်ခင်ဗျ။

“အနာဂတ်မှာ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြားမှာရော၊ အာရှတိုက်နဲ့ ကမ္ဘာကြီးရဲ့ကြားမှာရော ပိုမိုပြီးတော့ လွတ်လပ်စွာ၊ ပိုမိုပြီး ပျော်ရွှင်စရာ နေရာတွေဖြစ်လာအောင် ကျမတို့နှစ်ဦး အတူတကွ လက်တွဲပြီး အလုပ်လုပ်နိုင်မယ်လို့ ကျမက မျှော်လင့်ထားပါတယ်။” - လို့ မစ္စစ် ပတ် ဂွန် ဟဲ (Park Geun-hye) က ပြောလိုက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို အချက် (၂) ချက်နဲ့ ပြန်ပြီးတော့ တုံ့ပြန်ပါတယ်ခင်ဗျ။

“ဒေါ်အောင်ဆန်းစုကြည်ကလည်း မစ္စစ် ပတ် ဂွန် ဟဲ (Park Geun-hye) ပြောခဲ့သလိုပဲ ကျမလည်း မျှော်လင့်ပါတယ်။ ကျမတို့ရဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နေရာ၊ ဘယ်ဒေသက၊ ဘယ်သို့သော ပုဂ္ဂိုလ်ကိုမဆို ကူညီနိုင်တဲ့ အနေအထားတွေအထိ ရောက်ရှိလာမယ့် အဆင့်အထိ တိုးမြင့်လာဖို့ ကျမ မျှော်လင့်ပါတယ်။” - ဆိုပြီး ပြောဆိုခဲ့ပါတယ်ခင်ဗျ။

“နောက်တချက် ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာက ကျမတို့ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး အဲ့ဒါကို ပြောကြပြီဆိုရင် ကိုယ့်နိုင်ငံအတွင်းကိုပဲ ပြောတာမဟုတ်ဘဲနဲ့ တကမ္ဘာလုံး ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်နေမှာရှိနေတဲ့ လူသားအားလုံးအတွက်ကိုမဆို ကျမတို့က ထည့်သွင်းစဉ်းစားပြီးတော့မှ ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးကို ပြောဆိုလေ့ ရှိတာ ဖြစ်ပါတယ်။” - လို့လည်း ပြောဆိုခဲ့ပါတယ်ခင်ဗျ။

မေး။ ။ ဦးရော်နီရေ ဒီကနေ့ပေါ့နော် ဒီလို တွေ့ဆုံပွဲပြီးတဲ့အခါမှာ အခုလောလော ဆယ် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရောက်နေလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီတွေ့ဆုံပွဲက ညနေ ၃ နာရီလောက်မှာ ပြီးသွားတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဆိုးလ်မြို့တော်ရဲ့ အရှေ့စူးစူး တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့မြောက်ဘက်က ဂွမ်ဝမ်ဒိုဆိုတဲ့ ပြည်နယ်မှာရှိတဲ့ တောင်ပေါ်မြို့လေး ဖျောင်ချန်း (Pyeongchang) ဆိုတဲ့ မြို့လေးပေါ့နော် အဲ့ဒီမှာ ကမ္ဘာပေါ်မှာရှိတဲ့ မသန်မစွမ်း အားကစားသမားတွေအတွက် အထူးအိုလံပစ်ပွဲ ရှိပါတယ်။ အဲ့ဒီဖွင့်ပွဲ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီ ဖျောင်ချန်း (Pyeongchang) မြို့လေးကို ရောက်ရှိနေပါတယ်။ ကျနော်လည်းပဲ အဲ့ဒီမြို့လေး ကို ရောက်ရှိနေပါတယ်ခင်ဗျ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG