ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၂၃ ကနေစတင်မယ့် ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေကတော့ ထိုင်းနိုင်ငံတွင်းမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်အတွက် အကာကွယ်ပေးနိုင်ရေးတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အိပ်ဖွင့်ပေးစာတွေ ပေးအပ်တာမျိုးတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံကို ဒီသီတင်းပတ်ထဲ လာရောက်မယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့ ထိုင်းအစိုးရက မေတ္တာရပ်ခံ ပြောဆိုချက်တွေသာမက လက်တွေ့ကျတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးဖို့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက မျှော်လင့်နေကြတာပါ။
၁၀ စုနှစ် တခုကြာ ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရသူပေါင်း ၈,၀၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကတော့ ထိုင်းနိုင်ငံတွင်းက မြန်မာအလုပ်သမား အများစုနေထိုင်ရာ ပြည်နယ်တွေမှာ အလုပ်သမားတွေကို အတွက် သီးသန့်အကူညီပေးရေးရုံးတွေ ထပ်ဖွင့်ဖို့အတွက် တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
“အလုပ်သမားတွေ အများဆုံးရှိတဲ့ အရပ်တွေမှာ စုစုပေါင်း အနည်းဆုံး ၄၊ ၅ ရုံးလောက်ကို မြန်မာပြည်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အလုပ်သမားသံအရာရှိတွေ ထားသလို လေဘာအတာချီလို ရဲအတာချီပေါ့ ထားမယ်။ ပြီးတော့မှ လူမှုဝန်ထမ်းကပါမယ်။ အဲဒီလို ပြည်နယ်ပေါင်းများစွာမှာ အလုပ်သမားပေါင်းများစွာကို ကျနော်တို့လို အလုပ်သမားကူညီစောင့်ရှောက်တဲ့ ကော်မတီတွေနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်ဖို့အတွက် အဲဒီလို အစိုးရကို တိုက်ရိုက်ပြောမယ့် ဒီနေရာမှာ အလုပ်သမားတွေ ဘာဖြစ်နေလဲဆိုတာ ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် တကယ်ကို လက်တွေ့ကျတဲ့ အစီအစဉ်လေးတွေ ချနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖို့အတွက်တော့ ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။”
ဒါ့အပြင် ဒီလိုလုပ်ဆောင်တဲ့အခါမှာလည်း တိုင်းပြည် ပြန်လည်ထူထောင်ရေးကာလ ငွေကြေး အကြပ်အတည်းတွေ ရှိမယ်ဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ပြန်ပို့တဲ့စရိတ်အဖြစ် လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက တောင်းခံထားတဲ့ ငွေကြေးတွေကို အသုံးပြုပြီး အကူညီပေးရေးတွေကို လုပ်ဆောင်လို့ ရရှိကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။
“တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့ကာလမို့လို့ ငွေကြေးရန်ပုံငွေ ဘယ်မှာလဲလို့ မေးစရာရှိတယ်။ ကျနော်တို့မှာ ကိုယ်ပိုင်ပိုက်ဆံရှိတယ်။ ဘယ်မှာရှိသလဲဆိုတော့ ၂၀၁၂ ခုနှစ်က သန်းပေါင်းများစွာသော မြန်မာအလုပ်သမားတွေဆီကနေ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အိမ်ပြန်စရိတ်ဆိုပြီးတော့ ဘတ်ငွေ ၁၀၀၀ ဆီ ကောက်ခံထားတာရှိတယ်။ အဲဒီငွေကို အစိုးရအဆက်ဆက် တခါမှ ပြန်မတောင်းခဲ့ဘူး။ အလုပ်သမားဝန်ကြီးဌာနက မြန်မာအလုပ်သမားဝန်ကြီး ၃ ပါးပြောင်းသွားပြီ။ ၃ ပါးလုံးကို ကျနော် စာရေးပြီးတော့ တင်ပြခဲ့တယ်။ ကျနော်တို့ ဒီ အတောအတွင်းမှာလည်းပဲ သံအမတ်ကြီး ၃ ဆက်လောက်ရှိပြီ။ ဒီငွေကို ပိုက်ဆံ ပြန်တောင်းပေးပါ။ ဒီငွေနဲ့ အလုပ်သမားကူညီစောင့်ရှောက်ရေး ရန်ပုံငွေ သုံးလို့ရတယ်ဆိုတာ တယောက်မှ မတောင်းဘူး။”
မြန်မာအလုပ်သမား အကူညီပေးရေး အဖွဲ့တခုဖြစ်တဲ့ AAC ရဲ့ဒါရိုက်တာ ဦးခိုင်ကြီးကတော့ ထိုင်းနိုင်ငံတွင်းမှာ ဥပဒေပါ လုပ်အားခလစာတွေ မရရှိတာတွေရှိနေတဲ့ အဲ့ဒါတွေကို ထိုင်းအစိုးရနဲ့ သေချာ ဆွေးနွေးသွားစေချင်လို့ ဆိုပါတယ်။
“ထိုင်းအစိုးရကနေပြီးတော့ အလုပ်သမားတွေကို တန်းတူအခွင့်အရေးပေးဖို့ကိစ္စတွေ၊ တနေ့ကို အစိုးရက သတ်မှတ်ထားတဲ့ ၃၀၀ မရတဲ့ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအချင်းချင်း ပြောပေးနိုင်မယ်ဆိုရင် ကျနော်တို့က အဲဒါတွေ ပြောင်းလဲသွားမလား၊ နောက်တခုက အလုပ်ရှင်ကနေ အလုပ်သမားကို ခေါ်ခိုင်းတဲ့အခါကျရင် တရားဝင် အလုပ်သမားတွေ မသုံးဘဲနဲ့ တရားမဝင် အလုပ်သမားတွေ သုံးတယ်။ တကယ် ပြဿနာတက်လို့ ဝင်ဖမ်းတဲ့အခါကျရင် အလုပ်သမားတွေသာ ထောင်ကျပြီးတော့ အလုပ်ရှင်ကတော့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတာတွေကို ကျနော်တို့က စာနဲ့ရေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို ထည့်မယ်။ သူကိုယ်တိုင် အဲဒါလေးတွေကို ထိုင်းအစိုးရကို တင်ပြနိုင်မယ်ဆိုရင် အလားအလာတခု ကောင်းနိုင်မလားလို့ မျှော်လင့်ချက်လေးတွေတော့ ထားထားတာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာတော့ ပထမဦးဆုံးနေ့မှာ ထိုင်းနိုင်ငံက ငါးပုဇွန်ခန်းမမှာ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့တွေ ရှိပါတယ်။ ဒုတိယနေ့မှာတော့ ထိုင်းအစိုးရဝန်ကြီးချုုပ်နဲ့ တွေ့ဆုံဖို့တွေရှိသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများကို “Myanmar, ASEAN and the World: The Way Forward” ခေါင်းစဉ်နဲ့ ဟောပြောပွဲလုပ်မယ့် အစီစဉ်လည်း ရှိပါတယ်။ နောက်ဆုံး ၃ ရက်မြောက်နေမှာတော့ ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်ထဲမှာရှိတဲ့ ထမ်ဟင်း စစ်ဘေးရှောင်ဒုက္ခသည်ကို သွားရောက်မှာ ဖြစ်ကြောင်းကိုလည်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။