သုံးရလွယ်ကူစေသည့် Link များ

သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်စု တွေ့ဆုံမှုအပေါ် အမြင်တချို့


၂၀၁၁ ခုနှစ်က ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ်

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီဇင်ဘာ ၂ ရက် ဒီကနေ့ မနက်ပိုင်း နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံဖို့ရှိသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒီကနေ့ နေ့လည် ၂ နာရီ နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားစီ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံးချိန် ဒီဇင်ဘာလကုန်ပိုင်းလောက်ကျမှ တွေ့ဆုံနိုင်မယ်လို့ သမ္မတနဲ့ တပ်ချုပ်တို့က အစောပိုင်းမှာ အကြောင်းပြန်ထားပေမဲ့ အခုတော့ စောတွေ့ဖို့ ဖြစ်လာပါတယ်။ ဒီတွေ့ဆုံမှုအပေါ်မှာ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေရဲ့ သုံးသပ်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ဒီကနေ့မှာ စောတွေ့ဖို့ ဖြစ်လာရတာဟာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီနဲ့ ညှိနှိုင်းဖို့ လိုအပ်လာတဲ့ အနေအထားတွေအပေါ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက မီးစိမ်းပြလိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ် ၀ါရှင်တန်ဒီစီ မြန်မာသံရုံးသံမှူးဟောင်းတဦးလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“အားလုံးရဲ့အချုပ်ကတော့ ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မီးစိမ်းပြမှုပါပဲ။ သူတို့မျှော်မှန်းသလိုပေါ့လေ မဖြစ်လာဘဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ပေါ့လေ အရှုံးကြီးရှုံးသွားတဲ့ဥစ္စာက သူတို့ရဲ့ အရှိုက်ကို ထိသွားတဲ့အနေအထားမျိုး ရှိပါတယ်။ တပ်မတော်အပေါ်မှာလည်း ဂယက်ရိုက်ပါတယ်။ အဲတော့ တပ်မတော်အနေနဲ့ အခုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းပြောဆိုဆွေးနွေးတဲ့ဥစ္စာက လုပ်ကို လုပ်ရမယ့် အနေအထားမျိုး ရှိပါတယ်။ ပထမတော့ သူတို့ အချိန်ဆွဲဖို့ သူတို့စဉ်းစားတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးရွှေမန်း လေး၊ ငါး ခါလောက်ကို စဉ်ဆက်မပြတ် တွေ့တာရှိတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လွှတ်လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်း ဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ လာတွေ့တာရှိတယ်။ နောက်တခါ ထူးခြားတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဒေါ်အောင်ဆန်းစုကြည်ကို လာပြီးတော့မှ တွေ့တာတွေရှိတယ်။ ဒီလိုတွေ့တာတွေက အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒီလို တွေ့ပြီးတဲ့နောက်ပိုင်းမှာ အခု ဒီဇင်ဘာလ ၂ ရက်နေ့ပေါ့လေ ဒီနေ့ တွေ့ဖို့ ဖြစ်လာတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။”

နိုင်ငံ့ခေါင်းဆောင် ၃ ဦးတို့ကြား အခုလို စောတွေ့ကြတာနဲ့ ပတ်သက်ပြီး သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း အခုလို သုံးသပ်ပါတယ်။

“စောတွေ့တယ်ဆိုတာကတော့ ကောင်းတဲ့ကိစ္စပဲ။ အဲဒါနဲ့ပတ်သက်လို့ ပထမတချက်က ဒေါ်အောင်ဆန်းစုကြည်က ပြောတာရှိတယ်။ အစိုးရအာဏာကို လွှဲပြောင်းရေးကိစ္စတခု သက်သက်တင် မကဘူးပေါ့နော်။ အခုလောလောဆယ် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကိစ္စတွေရော၊ အားလုံးပေါ့နော် ချောချောမွေ့မွေ့ ဖြစ်သွားရေးအတွက် မြန်မြန်တွေ့လေ ကောင်းလေပေါ့နော်။ ပြောထားတာရှိတယ်။ တဘက်က ပြန်ကြည့်လိုက်ရင်လည်း အဲဒီလောက်အထိ အချိန်အကြာကြီး စောင့်ပြီးတော့မှ တွေ့ရမယ်ဆိုတာကလည်း သိပ်ပြီးတော့ မလိုအပ်ဘူးဆိုတဲ့ဟာကလည်း ပေါ်လွင်နေတယ်လေ။”

၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြန်ကြည့်ရင် နိုင်ငံရဲ့ အဓိကကိစ္စရပ်တွေကို တပ်မတော်ကသာ ဦးဆောင်ဆုံးဖြတ်နိုင်အောင် နေရာယူထားပါတယ်။ ဒီလို နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်ရမယ်ဆိုတဲ့ အနေအထားကနေ တပ်မတော်ဟာ တဖြည်းဖြည်းချင်း နောက်ဆုတ်သွားဖို့ အလားအလာကရော ဘယ်လိုရှိနိုင်ပါသလဲ။ ဦးအောင်လင်းထွဋ်က အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ တဖြည်းဖြည်းချင်း ဆုတ်မယ်ဆိုတဲ့ အစီအစဉ်က ဟိုး ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံ စ ဆွဲကတည်းကိုက အဲဒီရဲ့ ရည်ရွယ်ချက် ကျနော်တို့ ရှိခဲ့ပါတယ်။ အခုလည်း ဒါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘာတို့လည်း ပြောထားဆိုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးအရ ဆုတ်ဖို့ကိစ္စမှာ ချိတ်နေတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိစ္စဖြစ်ပါတယ်။ အဲတော့ ဒီ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်နဲ့ အဆင်ပြေသွားမယ်၊ ငြိမ်းချမ်းရေးရသွားမယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ နောက်ဆုတ်တဲ့ အခန်းကဏ္ဍဟာ မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

တကယ်တော့ သမ္မတ ဦးသိန်းစိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဒီကနေ့ တွေ့ဆုံပွဲအတွင်း ဆွေးနွေးနိုင်တဲ့ အကြောင်းအရာတွေကိုတော့ ဦးစည်သူအောင်မြင့်က အခုလို ခန့်မှန်း သုံးသပ်ပါတယ်။

“အခု လောလောဆယ် အနေအထားကလည်း တွေ့ဖို့ ဆုံဖို့ကို တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြလာမယ့် အချက်အလက်တွေအပေါ် မူတည်ပြီးတော့မှ တဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတ ဦးသိန်းစိန်တို့က ပြန်ဆွေးနွေးကြလိမ့်မယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နှစ်ပေါင်း ၆၀ လောက်အတွင်းမှာ စစ်ဘက်ကနေပြီးတော့မှ အရပ်သားဘက်ကို အာဏာလွှဲပြောင်းတဲ့ကိစ္စ ဖြစ်တဲ့အခါကျတော့ သူအများကြီး တင်ပြ ဆွေးနွေးမယ်နဲ့ တူပါတယ်။ အဓိကကတော့ အခု လောလောဆယ် သူပြောနေတဲ့ ဖွဲ့စည်းပုံအရ သူ့ကို အခက်အခဲဖြစ်စေတဲ့ သမ္မတမဖြစ်အောင် တားဆီးထားတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စတွေမှာ ဘယ်နည်းဘယ်ပုံ လုပ်သွားမလဲ။ ဖွဲ့စည်းပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့အတွက်ကို လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးသွားမယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်နဲ့ တူပါတယ်။”

နိုင်ငံပြဿနာဖြေရှင်းရေးမှာ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက NLD ပါတီဖက်က တောင်းဆိုခဲ့ပေမယ့် မြန်မာ အစိုးရဖက်က ပယ်ချခဲ့ပြီး သမ္မတ၊ တပ်ချုပ်၊ လွှတ်တော်ဥက္ကဌ ၂ ဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျင်းပခဲ့ဖူးပေမဲ့ နိုင်ငံရေးအရ တိုးတက်မှု မရရှိခဲ့ပါဘူး။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG