သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်အပေါ် မြန်မာတချို့အမြင်


နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အမေရိကန်အစိုးရက မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းလိုက်တာမျိုး မဖြစ်သင့်ဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့ စတင်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အခုလိုပြောလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အပြည့်အဝ မရောက်သေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချထားတဲ့ စီးပွားရေးဒဏ်ခတ်မှု အားလုံးကို မရုပ်သိမ်းသင့် သေးဘူးလို့ ဝါရှင်ဒီစီအခြေစိုက် မြန်မာ့အရေးလုပ်ဆောင်သူ ဒေါက်တာစိန်ဝင်းက သုံးသပ်ပါတယ်။

“ဒီမိုကရေစီ အပြည့်အ၀ သွားနိုင်ဖို့ လိုတယ်။ အဲဒီတော့ အပြည့်အ၀ မရောက်မချင်း Sanction အကုန်လုံးကိုတော့ မလျော့သင့်ဘူးလို့ ကျနော် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာမှ မပြောင်းသေးတာ။ ပြင်ဆင်ဖို့တောင်မှ အကြောင်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ရှင်းရှင်းပြောရင်တော့ ဒီမိုကရေစီ မရရင် တိုင်းပြည်ရဲ့ ရေရှည် စီးပွားရေး တိုးတက်မှုက မဖြစ်နိုင်ဘူး။”

မြန်မာပြည်သူလူထုအတွက် အကျိုးတစုံတရာ ဖြစ်မလာသေးပဲနဲ့တော့ လူပုဂ္ဂိုလ်တဦးချင်းပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို မရုပ်သိမ်း သင့်သေးဘူးလို့ ပြောလာသူကတော့ ဝါရှင်ဒီစီ မြန်မာသံရုံးရဲ့ သံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ဖြစ်ပါတယ်။

“အဓိကကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုပေါ့လေ၊ နောက် အရပ်သားထဲကတော့ ခရိုနီပေါ့လေ၊ သူတို့နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ပါကြပါတယ်။ တိုင်းပြည်က သူတို့ ခိုးထား ဝှက်ထားတဲ့ ပိုက်ဆံတွေ တော်တော်များများက အဲဒီပုဂ္ဂိုလ်တွေ လက်ထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် အကြံပြုချင်တာပေါ့လေ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို တိုင်းပြည်သိအောင် ကြေညာပြီးတော့မှ ထိုက်သင့်တဲ့ အခွန်ဘဏ္ဍာပေါ့လေ၊ အခွန်ဆောင်ပြီးတော့မှ သူတို့ကို ပြန်သုံးသင့်ပါတယ်။ မြန်မာ ပြည်သူ ပြည်သားတွေအတွက်ကို ဘာမှ မလုပ်ပေးဘဲနဲ့တော့ Sanction lift (ပြန်မရုပ်သိမ်း) ပေးသင့်သေးပါဘူး။”

ရခိုင်ပြည်နယ် ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် NLD အစိုးရက ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်း လုပ်ဆောင်လာတဲ့ပေါ် ကြိုဆိုကြောင်းနဲ့ အပြု သဘောဆောင်တဲ့ ရလဒ်တွေကို မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း တိုက်တွန်းသူကတော့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအသင်း ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကိုဖီ အာနန် ကော်မရှင်ကို စပြီးတော့လုပ်တာ ကျနော် ကြိုဆိုပါတယ်။ အဲဒါကို ကျနော် အားပေးပါတယ်။ ကျနော်တို့ ပြောချင်တာက ကိုဖီ အာနန်က အင်မတန် အတွေ့အကြုံရှိတဲ့ Diplomat (သံတမန်) တယောက်၊ အဲဒီတော့ ရခိုင်ဘက်ကရော၊ မူဆလင် ရိုဟင်ဂျာဘက်ကရော သူ့အပေါ်မှာ ယုံကြည်မှုရှိဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ အရေးအကြီးဆုံးကတော့ ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးအတွက် ရိုဟင်ဂျာနဲ့ ရခိုင်တွေနဲ့ အဆက်အသွယ်ကောင်းအောင်၊ ရန်လိုမှုမရှိအောင် အစိုးရကလုပ်တာကို ကျနော်တို့ ထောက်ခံပါတယ်။”

မြန်မာ့တပ်မတော်နဲ့ အမေရိကန်စစ်တပ်ကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို အမေရိကန်လွှတ်တော်မှာ ဆွေးနွေးနေကြတာကြောင့် မြန်မာ့တပ်မတော်က လက်ရှိအတိုင်းသွားနေရင်တော့ အဲဒီ ပူးပေါင်း ဆောင်ရွက်မယ့်အစီစဉ်ကို ပြန်သုံးသပ်သင့်တယ်လို့ ထောက်ပြသူကတော့ နိုင်ငံတကာရောက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ ကိုဂွမ်ဆမ် ဖြစ်ပါတယ်။

“ကျနော်တို့ ကြားရသလောက်ကတော့ အမေရိကန် စစ်တပ်ကနေပြီးတော့ မြန်မာစစ်တပ်ကို ပညာသင်ပေးတာတို့ ဘာတို့ လွှတ်တော်ကနေပြီးတော့ ဒီနေ့ရော Statement (ကြေညာချက်) တွေ ထုတ်နေတာတော့ ကျနော်တို့ တွေ့လိုက်ရတယ်။ ကျနော်တို့ ပြည်နယ်တွေမှာတော့ စစ်တပ်ကနေပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတွေ အများကြီး ရှိနေသေးတယ်။ အဲဒီလိုဆိုတော့ ဘာမှ မယ်မယ်ရရ ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ တပ်မတော်တခုက ဒီလို နိုင်ငံကြီးတခုနဲ့ ပူးပေါင်းလာပြီဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေအတွက် အများကြီး နစ်နာတယ်။”

ခရီးစဉ်အဆုံးမသတ်ခင် ဒီသီတင်းပတ် အကုန်လောက်မှာ တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG