သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်တက္ကသိုလ် ဂုဏ်ထူးဆောင်ဆုတွေ ဒေါ်စုလက်ခံရယူ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ရောက်ရှိစဉ် (၁၃ ဧပြီ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ရောက်ရှိစဉ် (၁၃ ဧပြီ ၂၀၁၃)
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှုကို ထိခိုက်စေမယ့် ဥပဒေတွေကို တတ်နိုင်သမျှ ပြင်ရမယ်လို့ ကျိုတိုမှာ မြန်မာ မိသားစု တွေနဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ပါတယ်။ ဂျပန်ကို ၆ ရက်ကြာ ခရီးသွားရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တနင်္လာနေ့မှာ ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးလည်း ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့သလို၊ ကျိုတိုပတ်ဝန်းကျင်မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျပန်နိုင်ငံအကြား ဆက်နွယ်မှုတွေနဲ့ပတ်သက်ပြီး ၁၉၈၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အတွင်း သုတေသနစာတမ်းရေးခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့သလို၊ နောက် တက္ကသိုလ်တခုဖြစ်တဲ့ Ryokoku တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။

တက္ကသိုလ်နှစ်ခုစလုံးမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျိုတိုတက္ကသိုလ်က ကျောင်းသားတွေကိုလည်း မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါပုံကို ပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ကိုမျိုးသီဟန် က ပြောပါတယ်။

“Kyoto University မှာ သူ Seminar ပေးပါတယ်။ Seminar ခေါင်းစဉ်ရဲ့ အကျဉ်းချုပ်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုရေး စနစ်ထဲမှာ အမျိုးသမီးတွေက ဘယ်လောက်အရေးပါတယ်၊ ဘယ်လိုလုပ်နေတယ် ဆိုတာကို အန်တီက ပြောသွားပါတယ်။ ကျွန်တော်တို့ကတော့ Kyoto University ကို ဝင်ခွင့်မရပါဘူး။ ဒီက တီဗွီကကြည့်တယ်။ သတင်းက ထိုင်ကြည့်ပါတယ်။ အဲ Ryukoku University မှာက ဒီကျိုတိုမှာလာတဲ့ အန်တီရဲ့ သူငယ်ချင်းတွေပေါ့နော်၊ အန်တီ Oxford မှာသိခဲ့တဲ့ သူငယ်ချင်းတွေနဲ့ သူတို့က အရင်က ဒီကျောင်းမှာ ပါမောက္ခ လုပ်ခဲ့ကြပါတယ်။ ဒီကျောင်းက ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ကျောင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ အန်တီရော၊ အန်တီ့အမျိုးသားရော ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး လေ့လာထားတာတွေ ဒီမှာ ရှိပါတယ်။ ဒီကျောင်းနဲ့ သူတို့ ဟိုအရင်ကတည်းက အဆက်အသွယ်တွေ ရှိပါတယ်။ အဲ့ဒါကြောင့် သူတို့က အန်တီရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီးတော့ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် သူတို့ ဒီကနေ့ ပေးပါတယ်။”

တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ လူမှုရေး အသွင်ပြောင်းလဲမှုကနေ နိုင်ငံတွင်း ဒီမိုကရေစီရေးအသွင် ပြောင်းလဲလာစေဖို့အတွက် ဝိုင်းဝန်းပြီး ကူညီပံ့ပိုးကြဖို့ အတွက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုတက္ကသိုလ်နဲ့ ရိုကိုကုတက္ကသိုလ်တွေကို မသွားရောက်ခင် မနက်ခင်းမှာတော့ ကျိုတိုမြို့ ဝန်းကျင်တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီးရော၊ မြန်မာနိုင်ငံထဲက နိုင်ငံမဲ့နေသူတွေအတွက်ပါ ရည်ရွယ်ပြီး နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှုအပေါ်မှာ ထိခိုက်စေမယ့် ဥပဒေတွေကို တတ်နိုင်သမျှ ပြင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

“ဒီတည်ဆဲဥပဒေအရ နိုင်ငံသား ဖြစ်ပိုင်ခွင့် ရှိတဲ့သူ အားလုံးကို နိုင်ငံသားအဖြစ်နဲ့ အမြန်ဆုံး အသိအမှတ် ပြုရမယ်။ နိုင်ငံသူ နိုင်ငံသား ဖြစ်လာပြီဆိုရင် နိုင်ငံသား အားလုံးဟာ တန်းတူညီမျှမှု အခွင့်အရေး ရှိရမယ်။ အဲ့ဒါတွေကို ကျမတို့ လောလောဆယ် လုပ်ကြရမယ်။ နောက်တဆင့်က ကျမတို့ရဲ့ နိုင်ငံသား ဥပဒေဟာ မျှတသလား၊ မမျှတဘူးလား ဆိုတာ ကျမတို့ ကြည့်ရမယ်။ နိုင်ငံတကာရဲ့ အဆင့်အတန်းအရ အဆင့်မှီရဲ့လား။ အဲ့ဒါကို ကျမတို့ သုံးသပ်ရမယ်။ သုံးသပ်ပြီးတော့ လိုအပ်ရင် လိုအပ်သလို ပြုပြင် ပြောင်းလဲရမယ်။ ဖြည့်ဆည်းရမယ်။”

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လူပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးဆွဲတဲ့သဘောမျိုးတွေ ပါနေတာတွေ့ရတာမို့ ဒါမျိုး မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။

“နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာနဲ့ အင်မတန်မှ ပတ်သက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ကို ဦးတည်ပြီးတော့ ဘယ်တော့မှ မရေးဆွဲရဘူး။ လူပုဂ္ဂိုလ် တဦးတယောက်ကို ကာကွယ်ချင်လို့ပဲဖြစ်စေ၊ လူပုဂ္ဂိုလ် တဦးတယောက်ကို ကန့်သတ်ထားချင်လို့ပဲဖြစ်စေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲတယ် ဆိုတာဟာ အင်မတန်မှ မသင့်တော်တဲ့ ကိစ္စပါ။”

ဒါ့အပြင် ကိုယ့်နိုင်ငံသားတွေကို ကိုယ်က လေးစားမှ တခြားနိုင်ငံသားတွေက ကိုယ့်နိုင်ငံသားတွေကို လေးစားမှာဖြစ်ကြောင်းနဲ့ ဒီကိစ္စဟာ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေရဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကိုမျိုးသီဟန် က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မနက်ဘက်မှာ Kyoto University မှာရှိတဲ့ စင်တာမှာ မြန်မာတွေနဲ့ တွေ့ပါတယ်။ မြန်မာနိုင်ငံသားတွေ မေးတဲ့ မေးခွန်းတွေအပေါ်မှာတော့ သူဖြေကြားသွားတာတွေက အများကြီး ရှိပါတယ်။ အဲ ပညာရေးနဲ့ ပတ်သက်ပြီးတော့၊ ဥပဒေရေးနဲ့ ပတ်သက်ပြီးတော့၊ နောက် လက်ရှိ တခြားနိုင်ငံတွေမှာ နေနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဖြေသွားပါတယ်။ နောက်တော့ ရန်ကုန်တက္ကသိုလ် ပြန်လည် ထူထောင်ရေးအတွက်၊ ပညာရေးစနစ်ကို ပြုပြင်ရေးအတွက်ကို သူအမျုားဆုံး ဆွေးနွေးသွားပါတယ်။ ဒီကျွန်တော်တို့ ဂျပန်မှာရောက်နေတဲ့ မိသားစုတွေ မေးတဲ့ မေးခွန်းတွေထဲမှာ ပညာရေး မေးခွန်းက များပါတယ်။”

ညနေ ၄ နာရီခွဲလောက်မှာတော့ ကျိုတိုကနေ ဂျပန်နိုင်ငံအရှေ့ခြမ်းက တိုကျိုဘက်ကို ရထားနဲ့ ပြန်သွားခဲ့တယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ကတော့ ဂျပန်နိုင်ငံမှာ Katsuragawa မြစ်မကြီးကနေ ပထမဆုံး ရေအားလျှပ်စစ် ထုတ်ယူတဲ့စနစ်ကို လေ့လာဖို့အတွက် ဒေသတွင်း အသေးစား ရေအားလျှပ်စစ်ထုတ် စက်ရုံကို သွားရောက်ခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ တိုကျိုမှာ ဂျပန် Diet လွှတ်တော်ကို သွားရောက်ဖို့ရှိသလို၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖုမီယို ကီရှိဒါ (Fumio Kishida) နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို မပြန်ခင်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
XS
SM
MD
LG