သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်ဖွဲ့စည်းမှု ပုံစံ ငြိမ်းချမ်းရေး ညီလာခံတွင်း သဘောကွဲလွဲမှု ရှိ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့။ သတင်းဓာတ်ပုံ မြန်မာငြိမ်းချမ်းရေးစင်တာ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့။ သတင်းဓာတ်ပုံ မြန်မာငြိမ်းချမ်းရေးစင်တာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့မှာ နိုင်ငံရေး အစုအဖွဲ့ အသီးသီးက ခေါင်းစဉ် အလိုက် ဆွေးနွေးချက်တွေကို အဆုံးသတ် လိုက်ပြီး နိုင်ငံရေး ကဏ္ဍခေါင်းစဉ်နဲ့ဆွေးနွေးချက်အောက်မှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကို အစုအဖွဲ့အားလုံးက လက်ခံပေမဲ့ ပြည်ထောင်စု ဖွဲ့စည်းရာ မှာတော့ မတူညီတဲ့ အမြင်တွေ ကို မှတ်တမ်းရယူထားပါတယ်။ အလားတူပဲ လုံခြုံရေးကဏ္ဍမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား မတူညီတဲ့ အမြင်တွေရှိနေပြီး မတူညီတာတွေကို အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်ခဲ့ဲကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့မှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖဲ့ွတွေက ကိုယ်စားလှယ်တွေ ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ မြေယာနဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍတွေကို သင့်တင့်တဲ့ ဦးရေအလိုက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍကို ဆွေးနွေးကြရာမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူ ကို ပါဝင်ဆွေးနွေးတဲ့ အစုအဖွဲ့အားလုံးက သဘောတူကြတယ်လို့ နိုင်ငံရေး ကဏ္ဍ သဘာပတိ အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

" အဓိက ကတော့ ဖက်ဒရယ်မူကို အားလုံးလက်ခံ တယ်။ နောက်ပြီးတော့ ပြည်နယ် ဆိုလည်း ပြည်နယ်၊ တိုင်းဆိုလည်း တိုင်း Sate ဆိုလည်း State တပြေးညီ သတ်မှတ်သင့်တယ်လို့ ပြောတယ်။ တချို့ကလည်း ပြည်နယ် အသစ်တွေလည်း ပေါ်လာနိုင်တယ်။ ပြည်နယ်အသစ်တွေ ပေါ်လာနိုင်တဲ့အတွက် အကြံဉာဏ်ပေးတာတွေရှိပါတယ်။ တချို့ကလည်း ပြည်နယ် အသစ်သော်လည်းကောင်း၊ နယ်မြေ အသစ်သော်လည်းကောင်း၊ တိုင်းဒေသကြီး မြို့နယ်အသစ်သော်လည်းကောင်း ဖော်ထုတ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်သွားသင့်တယ်လို့လည်း တင်ပြတဲ့သူရှိပါတယ်။

တိုင်းရင်းသားအဖွဲ့တဖွဲ့ကတော့ ၈ ပြည်ထောင် မူကို တင်ပြပါတယ်။ ဒါပေမဲ့ တော်တော်များများ ကတော့ ၈ ပြည်ထောင် မူဟာ ဒါ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပြိုကွဲစေမယ်။ ဧရာဝတီတိုင်းဆိုရင် ရခိုင်တွေလည်းရှိတယ်။ ကရင်တွေလည်း ရှိတယ်။ အဲ့တာကြောင့် အဲ့လိုလည်း တင်ပြတဲ့အဖွဲ့ရှိပါတယ်။ "

ဒီလို တင်ပြရာမှာ ပအိုဝ်း၊ပလောင်၊ နာဂ၊ ၀ စတဲ့ ဒေသတွေကို ပြည်နယ်ဖွဲ့စည်းဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခု အစား ဗမာအပါအဝင် ၈ပြည်ထောင် သတ်မှတ်ဖို့ တင်ပြတာတွေ ရှိနေတာဖြစ်ပါတယ်။

တပ်မတော်တော်သားကိုယ်စားလှယ်တွေက လက်ရှိ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆွေးနွေးခဲ့သလို တချို့ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အတွင်း ဆွေးနွေးချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံ ကို ပြန်လည် စဉ်းစားသင့်ကြောင်း တင်ပြခဲ့တာတွေ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကိုယ်စားလှယ် မိဆူးပွင့်က ပြောပါတယ်။

" NCA ကနေ အခြေခံပြီးတော့ အားလုံးသဘောတူ ရေးဆွဲထားတဲ့ နိုင်ငံရေး မူဘောင်ကနေတဆင့် နိုင်ငံရေး ပြဿနာတွေကို ချဆွေးနွေးမယ်။ မူဝါဒတွေကို ချမယ်။ ပြီးတော့မှ ရရှိလာမယ့် နိုင်ငံရေးရလဒ်အပေါ် မူတည်ပြီး ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းပုံက အသစ်ရေးမလား၊ ပြင်မလား။ ဒီလိုအပိုင်းကိုပဲ စဉ်းစားသင့်တယ်ပေါ့နော်။ အခုက ကျမတို့ ဖွဲ့စည်းပုံ ဘောင်ထဲမှာ ဆွေးနွေးနေရသလိုမျိုး ဖြစ်လို့ရှိရင် အဲ့လိုမျိုး ဘောင်ကန့်လိုက်လို့ရှိရင် အခက်အခဲဖြစ်မယ်ဆိုတာမျိုးတွေကိုလည်း ကျမတို့ ABSDF ဘက်က အဲ့ဒီ့ဟာလေးကို သေချာပြန်တင်ပြနိုင်ခဲ့တယ်ပေါ့လေ။ "

နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲအပေါ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အခုလို သုံးသပ်ပါတယ်။

" ဒီနေ့ ဆွေးနွေးပွဲ ကြည့်ရတာကတော့ တိုင်းရင်းသားဘက်ကရော တပ်မတော်ဘက်ကရော အစိုးရဘက်ကရော တတ်သိပညာရှင်ဘက် ကရော နိုင်ငံရေး ပါတီဘက်ကရော အားလုံး အပြုသဘော နဲ့ဆွေးနွေးတာ တွေ့ရပါတယ်။ "

တခြားအရေးကြီး ခေါင်းစဉ်တခုဖြစ်တဲ့ လုံခြုံရေးကဏ္ဍ ဆွေးနွေးချက်မှာတော့ တပ်မတော် တခုတည်း ရှိရေးကို သဘောတူပေမဲ့ တချို့အချက်တွေကို အပြန်အလှန် မေးမြန်းရှင်းလင်းတာရှိကြောင်း လုံခြုံရေးကဏ္ဍ သဘာပတိအဖွဲ့ဝင် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက အခုလို ပြောပါတယ်။

"တခုတည်းသော ပြည်ထောင်စု တပ်မတော်တည်ရှိရေး ကိုတော့ သဘောတူတယ်။ ဒါပေမဲ့ အရပ်သား အုပ်ချုုပ်မှုအောက်မှာ ထားရှိရေးဆိုတာ ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲ ပေါ့နော်။ အရပ်သား အုပ်ချုုပ်မှုအောက်မှာ ထားမယ်ဆိုရင် တပ်မတော်မှာ Command တွေ ရှုပ်ထွေးသွားမယ်။ ဒီလိုမျိုး မဖြစ်သင့်ဘူး စသဖြင့် တပ်မတော်ဘက်က တင်ပြချက်တွေရှိတယ်။ အဲ့ဒီ့အပေါ်မှာ တချို့လူတွေက တင်ပြချက်တွေကို ပြန်လည်ရှင်းလင်းခိုင်းတာတွေရှိတယ်။ အဲ့တာမျိုး ပြန်ရှင်းရတာတွေရှိတယ်။ နောက်တခုကတော့ တပ်မတော်ထဲမှာ တိုင်းရင်းသားတွေက အချိုးကျ ကိုယ်စားပြု ပါဝင်နိုင်ဖို့ လိုတယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ အဲ့တာ ဘာကိုဆိုလိုတာလဲပေါ့နော့် အဲ့လိုမျိုး ကိစ္စတွေကို နှစ်ဘက် ကြေလည်အောင် မေးခွန်းတွေကို ပြန်ပြီးတော့ ရှင်းကြတာပါပဲ။ "

လုံခြုံရေးကဏ္ဍဆွေးနွေးပွဲမှာ ဘုံ သဘောတူညီချက် ရတာမျိုး မရှိပေမဲ့ အမြင် မတူတာတွေကို ဖလှယ်နိုင်ခဲ့တယ်လို့လည်း ရဲဘော်သံခဲက ပြောပါတယ်။

" ကျနော်တို့ လုံခြုံရေးဆိုင်ရာ အစုအဖွဲ့မှာ ဘုံ သဘောတူညီချက်ကို ရှာဖွေနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ရှာဖွေနိုင်ဖို့ လုပ်နိုင်တဲ့ အနေအထားလည်း မဟုတ်ဘူး။ အင်မတန်မှ ရက်ကလည်း တိုတယ်။ သို့သော်လည်းပဲ သေချာတာ တခုကတော့ တချိန်တုန်းက တဘက်နဲ့ တဘက် ဒီ်လိုမျိုးတောင် ပြောခွင့်မရှိတဲ့ အနေအထားမှာ အခု တပ်မတော်နဲ့ ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းတွေရဲ့ ကြားမှာ အမြင်မတူသော်လည်းပဲ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တဲ့ အခြေအနေ တခုတော့ ရောက်တယ်လို့ ကျနော်တို့ ယူဆတယ်။ "

မနက်ဖြန်မှာတော့ အစုအဖွဲ့အလိုက် ကဏ္ဍကြီး ၅ရပ်ပါ ဆွေးနွေးချက်တွေ ကို ပြန်လည် သုံးသပ်မှာပါ။ အဲဒီနောက်မှာ အစုအဖွဲ့အားလုံးက တူညီတဲ့ အချက်တွေကို စုစည်းပြီး ဆက်လက် ဆွေးနွေးမယ့် အခြေခံမူတခုအဖြစ် ချမှတ်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချ တာမျိုးတော့ ရှိမှာ မဟုတ်ပါဘူး။ ဒီအခြေခံမူတွေ ကို နောက်တက်မယ့် အစိုးရသစ်ကို လွဲှပြောင်းပေးအပ် သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG