သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ မာတင်လူသားကင်းနေ့ ကျင်းပ


ဒေါက်တာ မာတင်လူသာကင်း (ဂျူနီယာ) ချီကာဂိုင်တောင်ပိုင်းမှာ မိန့်ခွန်းပြောကြားစဉ်။ (ဂျူလိုင် ၂၄၊ ၁၉၆၅)
ဒေါက်တာ မာတင်လူသာကင်း (ဂျူနီယာ) ချီကာဂိုင်တောင်ပိုင်းမှာ မိန့်ခွန်းပြောကြားစဉ်။ (ဂျူလိုင် ၂၄၊ ၁၉၆၅)

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့ကို နိုင်ငံတော်အားလပ်ရက်သတ်မှတ်ထားပါတယ်။ မာတင်လူသာကင်းဟာ အယ်လ်ဘားမားပြည်နယ်၊ မောင်ဂိုမာရီမြို့က ဘတ်စ်ကားတွေမှာ လူဖြူလူမည်း ထိုင်ခုံနေရာ ခွဲခြားသတ်မှတ်တာကို အဆုံးသတ်သွားစေမယ့် ဆန့်ကျင်သပိတ်မှောက်မှုကြီးကို ဦးဆောင်ပြီးတော့ ၁၉၅၅ မှာ ထင်ရှားကျော်ကြားလာတာပါ။

၁၉၅၀ ပြည့်လွန်နဲ့ ၁၉၆၀ ပြည့်လွန်ကာလတွေမှာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကို အဓိကဦးဆောင်သူတစ်ဦး ဖြစ်ခဲ့ပြီးတော့ ‘March on Washington’ လို့ခေါ်တဲ့ ၁၉၆၃ ခုနှစ်က နိုင်ငံသားအခွင့်အရေး တောင်းဆိုချီတက်ပွဲအတွင်းမှာ သူဟောပြောခဲ့တဲ့ ‘I hava a Draem.’ က လူသန်းပေါင်းများစွာကို စိတ်ဓာတ်ခွန်အား ပေးခဲ့ပါတယ်။ မစ္စတာကင်းဟာ ၁၉၆၄ ခုနှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီးတော့ အဲဒီ တနှစ်တည်းမှာပဲ သမ္မတ လင်ဒန် ဂျွန်ဆင် (Lyndon Johnson) က သမိုင်းဝင် နိုင်ငံသားအခွင့်အရေးဥပဒေကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

၁၉၆၈ ခုနှစ်မှာတော့ လစာတန်းတူရရှိရေးအတွက် ဆန္ဒပြတဲ့ လူမည်းအမှိုက်သိမ်းလုပ်သားတွေကို ကူညီပေးဖို့ တန်နက်ဆီပြည်နယ်၊ မဲန်းဖစ္စ်မြို့ကိုသွားရောက်တုန်း ဧပြီလ (၄) ရက်နေ့မှာ အဲဒီမြို့မှာလုပ်ကြံခံခဲ့ရပါတယ်။

ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ဖွားမြင်တဲ့ မစ္စတာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီလ တတိယပတ်ရဲ့ တနင်္လာနေ့တိုင်းကို သူ့ရဲ့အထိမ်းအမှတ် အားလပ်ရက်အဖြစ်နဲ့ သတ်မှတ်ဖို့ ၁၉၈၃ ခုနှစ်မှာ သမ္မတ ရော်နယ်ရေဂင်က လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ရပ်ရွာလုပ်ငန်းတွေမှာပါဝင်ဖို့ အားပေးတဲ့အနေနဲ့ မစ္စတာကင်းအားလပ်ရက်ကို နိုင်ငံမှာ အများပြည်သူအကျိုးကို ဆောင်ရွက်တဲ့နေ့အဖြစ်နဲ့ ၁၉၉၄ မှာ လွှတ်တော်က သတ်မှတ်လိုက်ပါတယ်။

ဒီကနေ့ မာတင်လူသာကင်းနေ့မှာတော့ မတူတဲ့လူမျိုးနွယ်တွေနဲ့ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးကြဖို့ အားပေးတဲ့အနေနဲ့ MTV ဂီတရုပ်သံတီဗွီလိုင်းကနေပြီး သူ့ရဲ့အစီအစဉ်တွေကို ရုပ်/သံကြည့်ပရိသတ်တွေအတွက် အဖြူအမည်းနဲ့ (၁၂) နာရီကြာ ပြသမှာ ဖြစ်ပါတယ်။ ဒါဟာ MTV ဂီတရုပ်သံလိုင်းရဲ့ (၃၄) နှစ်တာသက်တမ်းအတွင်းမှာ ပထမဦးဆုံးအကြိမ် ထုတ်လွှင့်ပြသတာ ဖြစ်ပါတယ်။

XS
SM
MD
LG