အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရဲ့ ၁၀၉ ဦးမြောက် မြို့တော်ဝန်အဖြစ် Bill de Blasio တရားဝင် ရာထူးလက်ခံမှု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ နယူးယောက်မှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း မြို့တော်ဝင်နေရာကို ဒီမိုကရက်က ပထမဆုံး ပြန်လည် ရရှိတာဖြစ်ပါတယ်။
နှစ်သစ်ကူး ညသန်းခေါင်ယံအပြီး မကြာခင်မှာပဲ De Blasio က သူ့နေအိမ်အပြင်မှာ ကျမ်းသစ္စာဆိုပြီးနောက်၊ နယူးယောက်မြို့ရဲ့ မြို့တော်ဝင် ဖြစ်သွားပါတယ်။ အဲဒီနောက် မနေ့တုန်းက မြို့တော်ခန်းမမှာလုပ်တဲ့ အသက် ၅၂ နှစ်အရွယ် De Blasio ရဲ့ တရားဝင် ကျမ်းသစ္စာဆိုတဲ့ အခမ်းအနားကိုတော့ အမေရိကန်သမ္မတဟောင်း ဘေလ် ကလင်တန် တက်ရောက် ဦးဆောင်ပြုလုပ်ပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးမြို့ နယူးယောက်မှာရှိတဲ့ လူဦးရေ ၈ သန်းကျော်အတွက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိနဲ့ De Blasio ဟာ မြို့တော်ဝန် ရာထူး ရွေးချယ်ခံခဲ့ရတာပါ။
သက်တမ်းသုံးခု မြို့တော်ဝန်လုပ်ခဲ့တဲ့ Michael Bloomberg နေရာမှာ မြို့တော်ဝန်တာဝန်ကို လွှဲပြောင်းယူခဲ့တာပါ။ မြို့တော်ဝန်ဟောင်း Bloomberg ကတော့ နိုင်ငံရေးမှာ သီးခြားလွတ်လပ်သူဖြစ်ပြီး၊ နယူးယောက်မြို့မှာ ရာဇ၀တ်မှုတွေ ကျဆင်းအောင်နဲ့၊ နယူးယောက်မြို့ကို သဘာဝပတ်ဝန်းကျင် အလှအပနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးသူအဖြစ် လူတွေက လက်ခံ အသိအမှတ် ပြုခဲ့ကြပါတယ်။
ဒါပေမဲ့လည်း နယူးယောက်မြို့မှာ ၀င်ငွေကွာဟမှုဟာ မြို့တော်ဝန်သစ် Blasio အတွက် အကြီးဆုံး စိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ နယူးယောက်က ချမ်းသာကြွယ်ဝသူတွေထံကနေ အခွန်ငွေတိုးကောက်ပြီး၊ မူကြိုအဆင့် ပညာရေးကို ကလေးအားလုံး ခံစားခွင့်ရအောင် ဆောင်ရွက်သွားမယ်လို့ Blasio က ပြောခဲ့ပါတယ်။