သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်အနီး အလောင်း ၂၀ ကျော် ထပ်တွေ့


သေမှုသေခင်းကျွမ်းကျင်သူတွေက လူကုန်ကူးသူတွေ မြှုပ်ထားတဲ့အလောင်းတွေကို တူးဖော်စစ်ဆေးနေတာကို ဘေးက စောင့်ကြည့်နေတဲ့ မလေးရှားရဲတပ်ဖွဲ့ဝင်များ။ (မေ ၂၆၊ ၂၀၁၅)
သေမှုသေခင်းကျွမ်းကျင်သူတွေက လူကုန်ကူးသူတွေ မြှုပ်ထားတဲ့အလောင်းတွေကို တူးဖော်စစ်ဆေးနေတာကို ဘေးက စောင့်ကြည့်နေတဲ့ မလေးရှားရဲတပ်ဖွဲ့ဝင်များ။ (မေ ၂၆၊ ၂၀၁၅)

ထိုင်းနိုင်ငံနယ်စပ်အနီး တောအုပ်ထဲကနေ လူမှောင်ခိုကူးခံရသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့ခဲ့တယ်လို့ မလေးရှားရဲက ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ မေလတုန်းကတော့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ၁၃၉ နေရာကို မလေးရှားနိုင်ငံမြောက်ပိုင်း Perlis ဒေသအတွင်းက စွန့်ပစ်ထားတဲ့ တောတွင်းစခန်းတွေမှာ ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနယ်စပ်အနီးက ဒီလူသူအရောက်အပေါက်နည်းတဲ့နေရာကို တထောက်နားစခန်းအဖြစ် လူမှောင်ခိုကူးသူတွေက အသုံးပြုခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲက အများစုဟာ မြန်မာနိုင်ငံထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အာဏာပိုင်တွေရဲ့ ကြေညာချက်ထဲမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့တာ ဖြစ်ပြီး အစောပိုင်းတုန်းကလည်း ၁၀၆ လောင်း ရှာတွေ့ထားတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ရုပ်အလောင်းတွေကို ခွဲစိတ် စစ်ဆေးဖို့ အတွက် ပို့ဆောင်ထားပေမယ့် တခြားအသေးစိတ်ကိုဖေါ်ပြတာမျိုးမရှိပါဘူး။

အခုလိုရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိရာကနေ လူမှောင်ခိုကူးနေတဲ့ကွန်ယက်တွေရဲ့စခန်းတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို လူမှောင်ခိုကူးသူတွေက အဲဒီစခန်းတွေမှာ ပြန်ပေးဆွဲ ထိန်းသိမ်းထားပြီး သူတို့မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ တခြား မိသားစုဝင်တွေစီက ငွေရမှသာ သူတို့အလိုရှိတဲ့ မလေးရှားလို နိုင်ငံမျိုးအပါအဝင် အင်ဒိုနီးရှားစတဲ့နိုင်ငံတွေကို ဆက်လက် သွားလာနိုင်တာပါ။ အခုလိုလူမှောင်ခိုကူးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မလေးရှားအာဏာပိုင်တချို့ ပါဝင်ပတ်သက်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပေမယ့် မလေးရှားအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ငြင်းဆိုထားပြီးလူကုန်ကူးမှုတိုက်ဖျက်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG