သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မြို့တော် မူဆလင်ယဉ်ကျေးမှုစင်တာ တိုက်ခိုက်ခံရမှု လူ၄၀ထက်မနည်း သေဆုံး


အာဖဂန်မြို့တော် မူဆလင်ယဉ်ကျေးမှုစင်တာ တိုက်ခိုက်ခံရ။ (ဒီဇင်ဘာ ၂၈-၂၀၁၇)
အာဖဂန်မြို့တော် မူဆလင်ယဉ်ကျေးမှုစင်တာ တိုက်ခိုက်ခံရ။ (ဒီဇင်ဘာ ၂၈-၂၀၁၇)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်က ရှီအာ မူဆလင် ယဉ်ကျေးမှု စင်တာရှိတဲ့ အဆောက်အအုံမှာ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၄၀ ကျော် ရှိပြီး ၈၄ ဦး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးပါဝင်တယ်လို့ အာဖဂန် ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရ တဦးက သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ခိုက်မှုက သူတို့ လက်ချက် ဖြစ်ကြောင်း အစ္စလာမ္မစ် အစွန်းရောက် IS တို့က ပြောပါတယ်။ အသေခံ ဗုံးခွဲသမား တဦးရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု အပြင် ဗုံးသုံးလုံး လည်း အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ IS ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုဟာဆိုရင် လူသားမျိုးနွယ် အပေါ်ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်ဆိုပြီး အာဖဂန် သမ္မတ Ashraf Ghani က ပြောဆိုလိုက်ပါတယ်။ Tebyan လူမှုရေးနဲ့ ယဉ်ကျေးမှုစင်တာ အဆောက်အအုံရဲ့ မြေအောက်ခန်းက တွေ့ဆုံပွဲကြီး အနီးမှာ အသေခံ ဗုံးခွဲသမားက ဖောက်ခွဲလိုက်တာ ဖြစ်ပြီး ဒီနောက်မှာတော့ ကြိုထောင်ထားတဲ့ ဗုံးနှစ်လုံးတို့ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အဆောက်အအုံ အနီးတဝိုက်မှာ လုံခြုံရေး မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း အာဖဂန် တာဝန်ရှိသူတွေက တုံ့ပြန်တာမှာတော့ ဒီကနေ့ တွေ့ဆုံပွဲ ရှိကြောင်း ယဉ်ကျေးမှု စင်တာက ရဲကို အကြောင်းမကြားခဲ့ဘူးလို့ ပြောပါတယ်။ ယဉ်ကျေးမှု စင်တာနဲ့ အတူ ရှိနေတဲ့ Afghan Voice Agency –AVA က အနည်းဆုံး သတင်းထောက် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG