ယူကရိန်းနိုင်ငံရဲ့ ပင်မဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုလ် (Mariupol) ကို ရုရှားလိုလားတဲ့ သူပုန်တွေက ထိုးစစ်ဆင်ခဲ့ပါတယ်။ အခုလို အရှိန်မြှင့် ထိုးစစ်ဆင်မှုတွေဟာ အနာဂတ် အီးယူ- ရုရှားဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ပျက်ပြားစေနိုင်တယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲက သတိပေးလိုက်ပါတယ်။
မာရီယူပိုလ်က လူနေရပ်ကွက်မှာ စနေနေ့က ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ဈေးနဲ့ လူနေတိုက်ခန်းတွေကို ဒုံးကျည်ထိမှန်မှုကြောင့် လူပေါင်း ၈၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုထိုးစစ်ဆင်မှုဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လုံးဝ မလေးမစားလုပ်ရာ ရောက်တယ်လို့ နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ရုရှားတပ်တွေက သူပုန်တွေကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ရော ခေတ်မီ ရော့ကက် လောင်ချာသုံး စနစ်တွေနဲ့ပါ ပံ့ပိုးပေးနေတယ်လို့လည်း ပြောပါတယ်။
သူပုန်တွေကို ရုရှားက စစ်ရေးနဲ့ ငွေကြေးထောက်ပံ့မှုတွေ လုပ်နေတာရပ်တန့်ဖို့ Stoltenberg ကရော အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogheriniကပါ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် သူပုန်တွေရဲ့ ထိုးစစ်ဆင်နေမှုတွေရပ်သွားအောင် ရုရှားက သူ့သြဇာသုံးပေးဖို့ Federica Mogheriniက တောင်းဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ယူကရန်း ခွဲထွက်ရေးသမားတွေကို ရုရှားရဲ့ အကူအညီပေးမှု ရပ်တန့်ဖို့နဲ့ ယူကရိန်းထဲက လက်နက်အားလုံးနဲ့ တိုက်ခိုက်ရေးသမားတွေကို ပြန်ခေါ်ထုတ်ပြီး ငွေကြေး အကူအညီပေးမှုတွေ မရပ်တန့်ရင် အမေရိကန်နဲ့ နိုင်ငံတကာဘက်က ဖိအားပေးမှုတွေ ပိုပြီး တိုးမြှင့်မယ်လို့ စနေနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ အခုလို Mariupol ကို တိုက်ခိုက်မှုဟာ ကြောက်ဖို့ကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကို အပြင်းထန်ဆုံးအသုံးအနှုံးနဲ့ ကန့်ကွက်ကြတဲ့ သူ့ရဲ့အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ပါဝင် ရှုတ်ချလိုက်ကြောင်းလည်း ဝန်ကြီးကယ်ရီက ပြောပါတယ်။