သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိ


ဝါရှင်တန်ဒီစီမြို့တော် အရှေ့တောင်ဘက်ခြမ်းက အမေရိကန်ရေတပ်ဌာနချုပ် စခန်းတစ်ခုမှာ ဒီကနေ့မနက်အစောပိုင်းက သေနတ်သမားတစ်ဦးက ပစ်ခတ်တာကြောင့် လူအများအပြား ဒဏ်ရာရပြီး ၁ ဦးထက်မနည်း သေဆုံးသွားပြီလို့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေကပြောပါတယ်။

ဒဏ်ရာရသူအရေအတွက်ကို အတိအကျ မသိရသေးဘဲ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရထားတယ်လို့ CNN၊ NBC စတဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံသတင်းဌာနတွေက ပြောနေသလို၊ သေဆုံးသူ ဒီထက်များနိုင်တယ်ဆိုပြီးတော့ လည်း ပြောနေတာတွေရှိပါတယ်။

CNN ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုမှာတော့ သေနတ်သမားလို့ ယူဆရသူဟာ အရပ် ၆ ပေလောက်ရှိတဲ့ လူမည်းတစ်ဦးဖြစ်ပြီး ဂျင်းဘောင်းဘီအမဲ၊ အင်္ကျီအမဲ ဝတ်ထားတယ်လို့ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ပါဝင်တယ်လို့လည်း သတင်းတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာတဝိုက်မှာ လူသူ အသွားအလာမရှိဘဲ ရုံးတွေ၊ ကျောင်းတွေနဲ့ ဆိုင်တွေကို ပိတ်ထားပါတယ်။ အနီးနားက ရေဂင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အစောပိုင်းက ပိတ်ခဲ့ပေမဲ့ အခုတော့ ပြန်ဖွင့်နေပြီလို့ အမေရိကန်သတင်းတွေမှာ ပြောဆိုနေပါတယ်။

သေနတ်သမားကို အခုချိန်ထိ မမိသေးဘဲ လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေနေဆဲဖြစ်ပြီး၊ သေနတ်သမားတယောက်ထဲမဟုတ်ဘဲ ၃ ဦးဖြစ်တယ်လို့လည်း သတင်းတွေက ပြောပါတယ်။ အခင်းဖြစ်နေတဲ့ ရေတပ်စခန်းဟာ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦးနဲ့ ၁ မိုင်ကျော်ကျော်ပဲ ဝေးပြီး၊ သမ္မတအိမ်ဖြူတော်နဲ့ဆိုရင် ၂ ဒဿမ ၆ မိုင်ပဲ ဝေးပါတယ်။
XS
SM
MD
LG