သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏီပူ လူမျိုးရေးပဋိပက္ခ မကြုံစဖူး ကြီးမားနေ


INDIA-MANIPUR-UNREST
INDIA-MANIPUR-UNREST

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူပေါင်း ၁၈၀ လောက် သေဆုံးခဲ့ရတဲ့ လူမျိုးရေးပဋိပက္ခဟာ မကြုံစဖူးတဲ့ ကိစ္စမျိုးဖြစ်ကြောင်း အာသံရိုင်ဖယ်တပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Pradeep Chandran Nair က ပြောကြားခဲ့ပါတယ်။

“မဏီပူရပြည်နယ်မှာ အခုကြုံတွေ့နေရတာတွေဟာ ကျနော်တို့ တခါမှ မကြုံဘူးတဲ့ အခြေအနေမျိုးပါ။ ကျနော်တို့ရဲ့ သမိုင်းကြောင်းတလျှောက်မှာ ဒီလိုအဖြစ်အပျက်မျိုး တခါမှ မကြုံဘူးပါဘူး။ ဒါဟာ ကျနော်တို့အတွက် အသစ်ဖြစ်သလို၊ မဏိပူအတွက်လည်း အသစ် ဖြစ်ပါတယ်။ ၉၀ ခုနှစ်တွေတုန်းက နာဂနဲ့ ကူကီးတွေအကြား တိုက်ခိုက်ခဲ့ကြဖူးသလို၊ ကူကီးအချင်းချင်းကြားလဲ ၉၀ ခုနှစ် နှောင်းပိုင်းတွေမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်မျိုးတော့ မကြုံဖူးပါဘူး။” လို့ အာသံရိုင်ဖယ်တပ်က စက်တင်ဘာ ၁ ရက် သောကြာနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကူကီးနဲ့ ကသည်းလူမျိုးစုတွေကြားမှာလည်း အချင်းချင်းမုန်းတီးမှုလည်း ကြီးထွားလွန်းနေပြီး အကျင့်ပျက် ခြစားမှုတွေလည်း များနေတာကြောင့် ဒါတွေ အဆုံးသတ်ဖို့ လိုအပ်သလို၊ အချင်းချင်း တွေ့ဆုံ စကားပြောပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှ ဖြစ်မယ်ဆိုတာ သဘောပေါက်ဖို့ လိုတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

လူများစု ကသည်းလူမျိုးတွေနဲ့၊ လူနည်းစု ကူကီး မျိုးနွယ်စုတွေအကြား ဗဟိုအစိုးရထံက ပညာရေး၊ အလုပ်အကိုင်နဲ့ တခြား အထောက်အပံ့၊ အခွင့်အလမ်းတွေ ရနိုင်ဖို့ ပြိုင်ဆိုင်ကြရာက အခုနှစ်အစောပိုင်းကစပြီး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ လက်ရှိ အိန္ဒိယဗဟိုအစိုးရမှာ အာဏာရထားတဲ့ BJP ပါတီကပဲ အာဏာရထားတာဖြစ်ပြီး လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ နှိမ်နှင်းဖို့ လုံခြုံရေးတပ်ဖွဲ့တွေ တိုးချထားပါတယ်။

ဒီပဋိပက္ခမှာ အဓိကစိန်ခေါ်မှုက လူမျိုးစုတခုချင်းစီမှာ လက်နက်တွေ အများအပြား ပိုင်ဆိုင်ထားကြတဲ့ကိစ္စဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး Pradeep Chandran Nair က ပြောပါတယ်။ အချိန်မှာ လူမျိုးစုတိုင်းက လူငယ်တွေ စစ်သင်တန်းတွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပဋိပက္ခကြောင့် မဏိပူရပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားကြရတဲ့ ဒေသခံတွေဟာလည်း အခုချိန်မှာ နေရပ်ပြန်လာဖို့ ကြောက်ရွံ့နေကြပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ရေး လုပ်ဆောင်ဖို့အတွက် ငွေကြေးအထောက်အပံ့တွေ လိုအပ်တယ်လို့ မဏိပူရပြည်နယ်မှာရှိတဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG