သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူးခက်မြေပြိုမှု မြန်မာ ၆ ဦးသေဆုံး


ဖူးခက်မှာ မြေပြိုခဲ့လို့ ပျက်စီးနေပုံ
ဖူးခက်မှာ မြေပြိုခဲ့လို့ ပျက်စီးနေပုံ

ထိုင်းနိုင်ငံတောင်ပိုင်း (Phuket) ဖူးခက်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျခဲ့လို့ မြန်မာတွေအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဖူးခက်ကျွန်းရှိတဲ့ ဖူးခက်နယ်တလွှား သောကြာနေ့ကစလို့ မိုးသည်းထန်စွာရွာပြီး ရုတ်တရက် ရေကြီး မြေပြိုကျခဲ့တာလို့ ထိုင်းနိုင်ငံ သဘာဝဘေးဒဏ်ကာကွယ်ရေးနဲ့ သက်သာစေရေးဌာနက ပြောပါတယ်။

မြေပြိုကျမှုကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့တာပါ။ လောလောဆယ် ပြန်ရထားတဲ့အလောင်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ယောက်၊ ရုရှားစုံတွဲ ၁ တွဲနဲ့ ထိုင်းတချို့ပါတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Chalong၊ Karon၊ Muang ခရိုင် ၃ ခုမှာ အဆိုးဆုံးဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော် မြေပြိုပျက်စီးမှုကြောင့် လူပေါင်း ၄၀၀ ထက်မနည်း ဒုက္ခရောက်နေကြတယ်လို့ ဒီနေ့ စနေနေ့ ထိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေပြိုကျတဲ့ဒေသတွေမှာ ပြိုကျပျက်ဆီးနေတဲ့ အိမ်တွေ၊ ရွံ့နွံတွေအောက် အဆောက်အဦးပျက် အပိုင်းအစတွေကြားမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်တွေပေါ်မှာ မျှဝေနေကြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းရိုးတမ်းဒေသမှာ အခုသီတင်းပတ်အတွင်း မုတ်သုန်မိုးဆက်တိုက် ရွာသွန်းနေပြီး သောကြာနေ့က မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။
ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ စစ်သားတွေက အရေးပေါ် အကူအညီတွေ လိုက်လံပို့ဆောင်ပေးနေပြီး အပျက်အဆီးတွေ ရှင်းလင်းရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပေးနေပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ် မိုးရာသီမှာ မိုးများလေ့ ရှိပေမယ့် အခုနောက်ပိုင်း လူသားတွေရဲ့ လုပ်ဆောင်မှု အကျိုးဆက်အဖြစ်နဲ့ ဥတုရာသီ ဖောက်ပြန်လာနေတာကြောင့် အခုလို ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ပိုခံစားနေရတာလို့ သိပ္ပံပညာရှင်တွေ ထောက်ပြနေကြပါတယ်။

Forum

XS
SM
MD
LG