သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သင်္ဘောမှောက်မှု သေဆုံးသူ ၄၀၀ နီးပါးရှိပြီ


ယန်ဇီမြစ်အတွင်း နစ်မြုပ်သွားတဲ့ အပျော်စီးသင်္ဘော Eastern Star က ခရီးသည်တွေကို ရှာဖွေမယ့် ကယ်ဆယ်ရေးဝန်ထမ်းတွေကို တွေ့ရစဉ်။ (ဂျွန် ၅၊ ၂၀၁၅)
ယန်ဇီမြစ်အတွင်း နစ်မြုပ်သွားတဲ့ အပျော်စီးသင်္ဘော Eastern Star က ခရီးသည်တွေကို ရှာဖွေမယ့် ကယ်ဆယ်ရေးဝန်ထမ်းတွေကို တွေ့ရစဉ်။ (ဂျွန် ၅၊ ၂၀၁၅)

တရုတ်နိုင်ငံ ယန်ဇီမြစ်ထဲမှာ တနင်္လာနေ့ညပိုင်းက မှောက်သွားခဲ့တဲ့ အပျော်စီးသင်္ဘောမှာ သေဆုံးသူ ဒီကနေ့ စနေနေ့မှာ အတည်ပြုနိုင်သလောက် ၃၉၆ ယောက် ရှိသွားပါပြီ။ မှောက်နေတဲ့သင်္ဘောကြီးကို သောကြာနေ့က မ,တင်ဆယ်ယူခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေးတွေက သင်္ဘောအခန်းတွေထဲကို လိုက်လံရှာဖွေစဉ် အလောင်းတွေကို ထပ်မံ တွေ့ရှိခဲ့ကြတာပါ။

ရာသီဥတုဆိုးဝါးနေစဉ် နစ်မြုပ်သွားခဲ့တဲ့ Eastern Star သင်္ဘောပေါ်ကနေ ၁၄ ယောက်ကိုပဲ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်း ၄၅၆ ယောက်ပါသွားတာဖြစ်ပြီး ကျန်ပျောက်ဆုံးနေသူ ၄၆ ယောက်ကို အသက်ရှင် ပြန်တေ့ွနိုင်မယ့် အလားအလာနည်းပါးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မိုးကြီး၊ လေထန်နေတဲ့အပြင် ရေစီးသန်နေတဲ့မြစ်ထဲမှာ ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲလုပ်နေကြရပါတယ်။ ရေစီးကြောင့် သင်္ဘောဟာ စတင်မှောက်တဲ့ နေရာကနေ ရေစုန်ဘက်ကို ၃ ကီလိုမီတာလောက် မြောပါသွားခဲ့တာပါ။ ကယ်ဆယ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို ဝန်ကြီးချုပ် Li Keqiang ကိုယ်တိုင် သင်္ဘောနစ်တဲ့နေရာကို သွားပြီး ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

နစ်မြုပ်သွားတဲ့အပျော်စီးသင်္ဘော Eastern Star ကို ကရိန်းနဲ့မပြီး ဆယ်ယူနေစဉ်။
နစ်မြုပ်သွားတဲ့အပျော်စီးသင်္ဘော Eastern Star ကို ကရိန်းနဲ့မပြီး ဆယ်ယူနေစဉ်။

၇၇ မီတာရှည်လျားတဲ့သင်္ဘောကြီးဟာ လေဆင်နှာမောင်းတိုက်ပြီး မိနစ်ပိုင်းအကြာ တနင်္လာနေ့ညပိုင်းက နစ်မြုပ်ခဲ့တာလို့ တရုတ်သတင်းမီဒီယာတွေမှာ ပြောနေပါတယ်။ သင်္ဘော Captain နဲ့ အင်ဂျင်နီယာချုပ်တို့ကတော့ အသက်ရှင်တဲ့အတွက် ဘာကြောင့် သင်္ဘောမှောက်ခဲ့သလဲဆိုတာကို ရဲက စုံစမ်း စစ်ဆေးနေပါတယ်။

ရာသီဥတုဆိုးမယ်ဆိုတဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားလျက်နဲ့ ဘာကြောင့် အပျော်စီးသင်္ဘော ဆက်လက် မောင်းနှင်သွားခဲ့ရသလဲဆိုတာကို သင်္ဘောပေါ်ပါသွားတဲ့ ခရီးသည်မိသားစုဝင်တွေက မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG