သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာ သိမ်းဆည်းမှု ပြဿ နာ ဧရာဝတီတိုင်းမှာ ကြီးမား


တရားစွဲဆိုခံထားရတဲ့ အသက်(၇၀)ကျော်အရွယ် လယ်သမား ဦးအုန်းရွှေ တရားရုံးကို လာရောက်။ သတင်းဓာတ်ပုံ- ဦးဇော်ရမ်း
တရားစွဲဆိုခံထားရတဲ့ အသက်(၇၀)ကျော်အရွယ် လယ်သမား ဦးအုန်းရွှေ တရားရုံးကို လာရောက်။ သတင်းဓာတ်ပုံ- ဦးဇော်ရမ်း

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ထဲက သိမ်းဆည်းခံမြေမှာ ထွန်ယက် စိုက်ပျိုးမူ လုပ်ခဲ့တဲ့ ရွာ၃ရွာ လယ်သမား ၁၄ဦး ကို တလခွဲကြာခြေချုပ်ပုဒ်မနဲ့ အရေးယူပြီး တဲ့နောက်မှာတော့ အကျိုး ဖျက်ဆီးမူ၊ ပိုင်နက်ကျုးလွန်မူ၊ အားပေးကူညီမူတွေနဲ့ ဝါးခယ်မ တရားရုံးကနေ စက်တင်ဘာ ၂၅ရက်နေ့မှာ တရားစွဲ လိုက်ပါတယ်။ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ ဧရာဝတီတိုင်း တခုတည်းမှာပဲ လယ်သမား ၃၀၀ကျော် ဖမ်းဆီးခံထားရပြီး ၂နှစ်အတွင်းမှာလယ်သမားတွေ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံရတာဟာ ထောင်ဂဏန်းလောက်ထိ ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက တင်ပြပေး ထားပါတယ်။

ဝါးခယ်မမြိုနယ်ထဲက လယ်သမား ၁၄ဦးကို သိမ်းဆည်းမြေမှာ ထွန်ယက်စိုက်ပျိုးခဲ့တဲ့ အတွက် တစ်လခွဲကြာ ခြေချုပ်ပုဒ်မနဲ့ ချုပ်နှောင်ပြီးတဲ့နောက်မှာတော့ ပုဒ်မ ၄၄၇ ပုဒ်မ ၄၂၇ ၊ပုဒ်မ ၁၁၄ ၊ အကျိုးဖျက်ဆီးမူ၊ ပိုင်နက်ကျုးလွန်မူတွေ နဲ့ ထပ်မံတရားစွဲ တယ်လို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက် က ဦးဇော်ရမ်းက ဆိုခဲ့ပါတယ်။

" လယ်မားတွေကိုဗျာ ထွန်တုံးတိုက်ပွဲ လုပ်တယ်ဆိုပြီးတော့ ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ ဝါးခယ်မရဲ့ အချုပ်ထဲကို ထည့်ထားတယ်။ ထည့်ထားပြီးတော့ လယ်သမားတွေကို အကြာကြီးဖမ်းထားချင်တဲ့အခါကျတော့ အဲ့ဒီ့မှာရှိတဲ့ လယ်ဆည်တွေပေါ့ အာဏာပိုင်တွေကနေ ၅၁ (စ) (ဆ)၊ ခြေချုပ်ပုဒ်မနဲ့ ဖမ်းလိုက်တယ် ဖမ်းလိုက်တော့ တလခွဲကြာတဲ့ အခါကျတော့ ခြောက်ပတ်ပြည့်အောင် လုပ်ရမယ် ၅၁ (စ) (ဆ) ဆိုတော့ လွှတ်ရမယ်လည်းဆိုရော၊ ၄၄၇ ၄၄၂ နဲ့ ၁၁၄ပေါ့ ဒီနေ့စွဲပြီ။ အားလုံးပေါင်း ၁၄ယောက်ပါ ဒီတစ်မှုထဲမှာပဲ။ ရွာသုံးရွာ။ အခုကျနော်တို့ တရားရုံးမှာ တဖွဲ့တက်နေပြီ နောက်တသုတ်တက်မယ်။ ဒေသခံရွာသား လေးယောက်ရယ်။ မိန်းကလေး နှစ်ယောက်ရယ်က ရုံးတက်နေတယ်။ ဇရမ်းဘက်က လေးယောက်က မတက်ရသေးဘူး။ "

မြန်မာအစိုးရသစ်လက်ထက်မှာ တိုင်းနဲ့ ပြည်နယ် အသီးသီးဟာ လယ်ယာ အမူ အခင်းပေါင်းများစွာဖြစ်ခဲ့ပြိး လယ်သမားတွေ ရာနဲ့ချီပြီး ထိမ်းသိမ်းခံနေရသလို ၂နှစ်အတွင်းမှာ လယ်သမားတွေ ထောင်နဲ့ ချီ ဖမ်းဆီးထောင်ကျတာ ခံခဲ့ရတယ် လို့ တောင်သူ လယ်သမား အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက ပြောပြပါတယ်။

"တကယ်တမ်း ဖမ်းထားတာက မော်ကျွန်း တခုတည်းတင် ထောင်ကျော် တရားစွဲထားပြီး သုံးလေးရာ ထောင်ကျတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီတိုင်းနဲ့ ကန့်ဘလူ တစ်ခုတည်းပေါင်းဗျာ။ လက်ပန်းတောင်းနဲ့ ပတ်သက်ပြီး ကျတာတွေရှိတယ်။ အများကြီးပဲ။ ပန်းတနော်မှာလည်း ရှိတယ်။ တစ်မှုတည်းတောင် အခု ၁၉ယောက် ဖမ်းချုပ်ထားပြီးတော့ နှစ်လရှိပြီ ဖမ်းထားတာ။ စီရင်ချက်မချသေးဘူး။ အဲ့တာမျိုးပေါ့။ အခုလက်ရှိ ထိန်းသိမ်းဖမ်းဆီးထားတာကို ရာဂဏန်းရှိတယ်။ ဒီနှစ်နှစ်အတွင်းမှာ ထောင်ကျခဲ့တဲ့ ဆိုရင်တော့ ထောင်ဂဏန်းပဲ။"

လယ်သမားတွေရဲ့ပြသနာကိုဖြေရှင်းပေမဲ့ လယ်ယာမြေစီမံ ခန့်ခွဲမူ ကော်မတီ အဆင့်ဆင့်တွေမှာပါဝင်နေသူ အတော်များများဟာ လယ်သိမ်းမူတွေနဲ့ ပတ်သက် ဆက်နွယ်သူတွေ ဖြစ်နေတဲ့ အတွက် ဒီကော်မတီတွေဟာ လယ်သမားတွေကို ကိုယ်စားမပြုနိုင်တာကလည်း လယ်သမားအတွက် စိန်ခေါ်မူတခုဖြစ်တယ်လို့ ဆိုပါတယ်။

"၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြောင်းရမယ်။ အဲ့ဒီ့မှာ ပါတဲ့ လယ်ယာမြေစီမံ ခန့်ခွဲမှုကော်မတီ အဆင့်ဆင့် အဆင့်ငါးဆင့်ရှိတယ်။ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ကနေပြီးတော့ မြို့နယ် ခရိုင် တိုင်း နိုင်ငံတော် အဆင့်အထိ အဲ့တာ အဆင့်တိုင်းမှာ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအကုန် လုပ်ပိုင်ခွင့်ရထား တာ။ အဲ့ဒီ့မှာ အကုန်လုံးက ဥက္ကဋ္ဌတွေ အာဏာပိုင်အဖွဲ့အစည်း အဆင့်တိုင်းက ဥက္ကဋ္ဌသွားဖြစ်နေတယ်။ အဲ့တာတွေ အားလုံးက လယ်သိမ်းသူတွေနဲ့ ပတ်သက်တယ်။ ကုမ္ပဏီတွေနဲ့ ပတ်သက်တယ်။ လယ်သိမ်းနည်း ၇မျိုး ၈မျိုး ရှိတယ်။ ၈မျိးလုံးနဲ့ ပတ်သက်တယ်။"

လယ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ် မရပဲ ဖမ်းဆီးထောင်ချ တရားစွဲဆို ခံရမူတွေကိုသာ ကြုံခဲ့ရတယ်လို့လည်း လယ်သမားတွေ အရေး ဆောင်ရွက် သူ ရှေ့နေ ဦးအောင်သူရိန်ထွန်းကလည်းဆိုပါတယ်။

"လယ်ယာမြေဥပဒေမှာ သိမ်းထားတဲ့ မြေယာတွေနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းမျိုး ပေးမထားပါဘူး။ ဥပဒေနဲ့မညီပဲ သိမ်းယူထားတဲ့ မြေယာတွေနဲ့ ပတ်သက်လို့လည်း ဘယ်လိုစစ်ဆေး စီရင် ဆုံးဖြတ်နိုင်မယ် ဆိုတဲ့အကြောင်း အဲ့ဒီ့ဥပဒေမှာ ပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ တောင်သူ လယ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို ရသလားဆိုရင် မရဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။ "

ပြည်ထောင်စု လွှတ်တော်မြေယာ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းကတော့ မြေယာအမူအခင်းတွေနဲ့ပတ်သက်လို့ တိုင်စာပေါင်း ၆၀၀၀ကျော်ထဲက ၄၀၀ကျော်ကသာ အစိုးရဘက်က ဖြေရှင်းပေးခဲ့ တယ်လို့ ပြောဆိုထားပါတယ်။ ဖြေရှင်းပေးနိုင်တဲ့ အမူတိုင်း ကလည်း ပြန်လည်ပေးအပ်တာမျိုး မဟုတ်ဘူးလို့ လယ်သမားတွေ ဘက်ကပြောဆိုပါတယ်။

XS
SM
MD
LG