သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ် နောက်ထပ်ရေကြီးမယ့် အန္တရာယ် ကုလစိုးရိမ်


မြန်မာနိုင်ငံက ရေဘေးဒုက္ခသည် ၂ သိန်းကျော်အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့နိုင်ရေး ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီ WFP က စီစဉ်နေတယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးမှုအန္တရာယ် ဒုတိယအကြိမ်မြောက် ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ OCHR က သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မုတ်သုန်မိုးသည်းထန်ပြီး မြစ်ရေကြီးမှုကြောင့် လူပေါင်း ၇၀ နီးပါးသေဆုံးပြီး ၂ သိန်း ၅ သောင်းကျော် ရေဘေးဒုက္ခရောက်နေကြတယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ သူရဲ့လက်အောက်ခံအဖွဲ့တွေကလည်း ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံကို အကူညီပေးနေရာမှာ WFP ကနေ နိုင်ငံတဝှမ်း ရေဘေးဒုက္ခသည် ၂ သိန်းကျော်အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။

“ကျနော်တို့ရဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီ WFP ကနေ မြန်မာနိုင်ငံက ရေဘေးဒဏ် အဆိုးရွားဆုံးခံနေရတဲ့ ဒေသတွေက ဒုက္ခသည်ဦးရေ ၂ သိန်းကျော်အတွက် စားနပ်ရိက္ခာတွေကို ထောက်ပံ့ကူညီဖို့ စီစဉ်ဆောင်ရွက်နေကြောင်း မနေ့က ကျနော်တို့ကို အကြောင်းကြားထားပါတယ်။ ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တို့မှာရှိနေတဲ့ ရေဘေးဒုက္ခသည်တွေကိုလည်း WFP က အရေးပေါ် အကူအညီတွေ ထောက်ပံ့နေပါတယ်။”

WFP အနေနဲ့ သြဂုတ်လ ၂ ရက်နေ့ကစပြီး အစိုးရနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ၊ အခြားကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးသင့်ဒေသတွေက လူပေါင်း ၈ သောင်းကျော်အတွက် စားနပ်ရိက္ခာတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ Stephane Dujarric က ဆိုပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ နောက်ထပ် ရေကြီးမယ့်အန္တရာယ် ရှိနိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရန်ကုန်ရုံးခွဲက ပြောခွင့်ရပုဂ္ဂိုလ် Pierre Peron က မနေ့က အခုလို ပြောပါတယ်။

“အခု ကျနော်တို့ အစိုးရိမ်ဆုံးကတော့ မြစ်ရေဟာ တောင်ပိုင်းကို စီးဆင်းလာတဲ့အတွက် မြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်ရေအမြင့်ဟာ စိုးရိမ်ရေမှတ် ကျော်လာမယ်ဆိုရင် ဒုတိယအကြိမ်မြောက် ရေကြီးမယ့် အခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။”

ရေဘေးဒဏ်ဆိုးရွာတဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိနေပေမဲ့ ကုလသမဂ္ဂ အကဲဖြတ် တွက်ချက်ရေးအဖွဲ့တွေဟာ ကြိုးစားပြီး အရောက်သွားခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

“တချို့နေရာတွေကိုသွားဖို့ အကဲဖြတ်တွက်ချက်ရေးအဖွဲ့တွေအတွက် အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ ခရီးလမ်းအတော်များများမှာ ရေကြီးနေဆဲရှိတာကြောင့် ဝန်ထမ်းတွေအနေနဲ့ လှေတွေနဲ့ သွားကြရသလို ရေစီးအရမ်းသန်တဲ့ နေရာတွေမှာ အန္တရာယ်တွေ ရှိနေတာကြောင့် နောက်ပြန်လှည့်ခဲ့ရတာမျိုးလည်း ရှိပါတယ်။ နေရာအများစုကို လေကြောင်းကနေပဲ သွားပြီးကြည့်နိုင်တာပါ။ မြန်မာအစိုးရက သူတို့ရဲ့ ရဟတ်ယာဉ်တွေနဲ့ မော်တော်လှေတွေ အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။”

ဒါ့အပြင် လက်ရှိ ရေဘေးကယ်ဆယ်ကူညီရေးတွေမှာ အစိုးရရဲ့ ဦးစီးဆောင်ရွက်မှုတွေကိုလည်း Pierre Peron အသိမှတ်ပြု ပြောခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံက ရေဘေးဒဏ်သင့် လူထုအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးဖို့ စီစဉ်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက မနေ့က မလေးရှားနိုင်ငံကို ရောက်ရှိနေချိန်မှာ ပြောသွားပါတယ်။ သြစတြေးလျ၊ တရုတ်၊ ထိုင်း အစိုးရတွေကလည်း မြန်မာရေဘေးဒုက္ခသည်တွေကို ကူညီရေးမှာ ရန်ပုံငွေတွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

XS
SM
MD
LG