သုံးရလွယ်ကူစေသည့် Link များ

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာပွဲတခုမှာ သေနတ်နဲ့ဝင်ပစ်လို့ လူသေတဲ့ထိဖြစ်ရတဲ့ဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt က ပြောလိုက်ပါတယ်။

ဆွီဒင်ကာတွန်းဆရာ Lars Vilks စကားပြောဖို့ရှိတဲ့ ပွဲကျင်းပရာ ကော်ဖီဆိုင်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာဝင်ပစ်ခံရပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဝန်ကြီးချုပ်က ကြေညာချက်တခု ထုတ်ပြန်ပြောဆိုတာပါ။ ဒိန်းမတ်နိုင်ငံတဝန်းမှာ အထူး သတိပေးနှိုးဆော်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း နိုင်ငံတဝန်း ဖြန့်ကျက်ချထားတယ်လို့ Thorning-Schmidt ကပြောပါတယ်။

ကာတွန်းဆရာ Vilks ဟာ ၂၀၀၇ ခုနှစ်က တမန်တော်မိုဟာမက်ဒ်ကို ခွေးခန္ဓာကိုယ်နဲ့ ကာတွန်းဆွဲခဲ့တာအပါအဝင် တမင်တကာ လှုံ့ဆွတဲ့ ကာတွန်းတွေကြောင့် လူသိများသူပါ။ သူရော၊ ဒိန်းမတ်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Francois Zimeray ဟာ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာ မရကြပါဘူး။ ဒါပေမဲ့လည်း ပွဲစီစဉ်တဲ့ကော်မတီရဲ့ ပြောခွင့်ရကတော့ ဒါဟာ Vilks ရဲ့အသက်ကို အန္တရာယ်ပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်သမားတွေဟာ အချက်ပေါင်းများစွာပစ်ပြီးတဲ့နောက် အနက်ရောင်ကားတစီးနဲ့ ထွက်ပြေးသွားကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကားကို စွန့်ပစ်သွားတာကို ရဲတပ်ဖွဲ့က နောက်ပိုင်းမှာတွေ့ခဲ့ပေမယ့် သေနတ်သမားတွေ ဘယ်ရောက်နေသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG