သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ အလားအလာ မြင်ရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC အချို့ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်နေစဉ်။ စက်တင်ဘာ ၁၅၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC အချို့ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်နေစဉ်။ စက်တင်ဘာ ၁၅၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ အလားအလာကို မြင်နေရပြီလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပထမဆုံး အကြိမ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှာ ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက် တချို့ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် ကမ္ဘာကြီးက သတ်မှတ် ကျင်းပနေပေမဲ့ မြန်မာနိုင်ငံသားအားလုံး အတွက်ကတော့ အခုအချိန်မှာ နေ့တိုင်းကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပြီး အလုပ်လုပ်ဖို့ လိုတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းအစမှာ ပြောခဲ့ပါတယ်။ အထူးသဖြင့်တော့ အစိုးရ အပြောင်းအလဲတွေမှာ ဘယ်သူ့ကိုမှ နစ်နာမှု မရှိဘဲနဲ့ ငြိမ်းချမ်း ညင်သာစွာ အပြောင်းအလဲ လုပ်နိုင်ခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး လက္ခဏာတခု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ကျမအတွက် ဒီမိုကရေစီ စနစ်ရဲ့ အရေးအကြီးဆုံး လက္ခဏာတခုက ဘာလဲဆိုတော့ ဒီမိုကရေစီစနစ်အောက်မှာ ဆိုရင် အစိုးရ အပြောင်းအလဲများ လုပ်တဲ့နေရာမှာ တိုင်းပြည်လည်း မနာဘူး၊ ပြည်သူလည်း မနာဘူး။ အားလုံး အေးအေးချမ်းချမ်း သိက္ခာရှိရှိနဲ့ လုပ်သွားနိုင်တာ ဖြစ်ပါတယ်။ အစိုးရများဆိုတာ သူ့အချိန်နဲ့သူ ပြောင်းလဲကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ ဒီလူတွေပဲ အုပ်စိုးနေတာ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် အစိုးရ အပြောင်းအလဲတွေကိုလည်း လက်ခံရမယ်။

“အဲဒီတော့ ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်၊ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်သွားတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးဟာ မျှတတဲ့ အခြေခံပေါ်မှာ တည်ရှိရမယ်။ ပြီးတော့ စောစောတုန်းက ဘဘဦးတင်ဦး ပြောသွားသလိုပေါ့၊ မေတ္တာတရားပေါ်မှာ တည်ရှိရမယ်။ ဒါကတော့ ကျမတို့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ရဲ့ အထူးလက္ခဏာတခု အနေနဲ့တောင် ကျမ ဖြစ်စေချင်တယ်။”

အခုဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်နိုင်မယ့် အခြေအနေတခု ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားသလို ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် အပြောင်းအလဲတွေရအောင် ဝိုင်းပြီး ကြိုးစားဖို့ လိုတယ်လို့လည်း တိုက်တွန်းပါတယ်။

“အခုဆိုရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါ ကျမကလည်း လူသိရှင်ကြား ပြောပြီးသား ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်မယ့် အခြေအနေ ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ အပြောင်းအလဲ ဖြစ်နိုင်မယ့် အခြေအနေမှာ ရောက်နေပြီဆိုရင် ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။

“တကယ့်ကို ဒီမိုကရေစီစိတ်ဓာတ် ရှိတဲ့သူတွေက အပြောင်းအလဲကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ လိုချင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ တချို့ကျတော့ ပုံစံမပြောင်းနိုင်ဘူး။ ဒီပုံစံ ဒီပုံစံပဲ၊ ဒီအခြေအနေလည်း ဒီပုံစံပဲလုပ်မယ်၊ ဟိုအခြေအနေလည်း ဒီပုံစံပဲ လုပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။”

ကမ္ဘာ့ကုလသမဂ္ဂက ၂၀၀၇ ခုနှစ်ကစပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ အခုဆိုရင် ဒီမိုကရေစီ လိုအပ်တယ်ဆိုတာ ယုံကြည် လက်ခံလို့ ဒီမိုကရေစီနေ့ ဆိုတာတွေကို ကျင်းပလာနေပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခု ကျမတို့ ဒီနေ့ဟာ ပထမဦးဆုံး ကမ္ဘာ့ဒီမိုကရေစီနေ့ပေါ့၊ ဒီလို တကမ္ဘာလုံးက ကမ္ဘာ့ဒီမိုကရေစီနေ့ ဆိုပြီးတော့ ကျင်းပလာရတဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီရဲ့ တန်ဖိုးကို အများက သိလာလို့ပဲ။ ဒီမိုကရေစီ လိုအပ်တယ်ဆိုတာ အများက လက်ခံလာလို့ ဖြစ်ပါတယ်။ ကျမတို့ကတော့ ဒီမိုကရေစီ လိုအပ်တယ် ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံခဲ့တာ အနှစ် ၂၀ ကျော်သွားပါပြီ။ ဒါကြောင့်မို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အင်မတန်မှ ခက်ခဲတဲ့ လမ်းကြမ်းကြီးကို ဒီမိုကရေစီဆိုတဲ့ အယူအဆကို လက်ကနေ မြဲမြဲကိုင်ပြီး ကျမတို့ ချီတက်ခဲ့တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တရပ် လိုအပ်တယ် ဆိုတာကို ခိုင်ခိုင်မာမာ ယုံကြည်ထားတာမို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော်အထိ ဒီမိုကရေစီအတွက် အလုပ်လုပ်လာ ခဲ့တာ ဖြစ်ပြီးတော့ အခုအချိန်မှာလည်း ဒီမိုကရေစီ စနစ်အတွက် အားလုံးရဲ့ စိတ်ခွန်အားဟာ အရေးအကြီးဆုံးပဲလို့လည်း ပြောပါတယ်။ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့အတူ ခေတ်နဲ့လျော်ညီတဲ့ အခြေအနေတွေကို ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီး လူတိုင်းမှာ တာဝန်သိစိတ်ရှိဖို့ ဆော်သြခဲ့သလို ဒီမိုကရေစီစနစ် ရတဲ့အထိ လျှောက်လှမ်းကြပါလို့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG