သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားစစ်ကြောင်း မတ်လ (၂) ရက် ပြန်စမည်


ဒီမိုကရေစီပညာရေး ချီတက်ဆန္ဒပြနေကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း (ဓာတ်ပုံ သီဟဝင်းတင်-ဖဘ)
ဒီမိုကရေစီပညာရေး ချီတက်ဆန္ဒပြနေကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း (ဓာတ်ပုံ သီဟဝင်းတင်-ဖဘ)

အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေး လွှတ်တော်က အချိန်ဆွဲနေတဲ့အတွက် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းတွေထဲက ဗကသများအဖွဲ့ချုပ် ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းဟာ ခရီးရှည်ချီတက်မှုကို မတ်လ (၂) ရက်နေ့မှာ ပြန်စမယ်လို့ သပိတ်ခေါင်းဆောင် ကျောင်းသားတွေက ပြောပါတယ်။ ဆန္ဒပြရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ပြည်ထဲရေးဌာနက သတိပေးချက်ထုတ်ပြန်ထားတာဖြစ်လို့ ဒေသခံတွေက အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မတ်လ (၁) ရက်နေ့မှာ ခရီးပြည်ချီတက်ဖို့ စီစဉ်ထားပေမယ့် မနေ့တုန်းက မဘသသံဃာတော်တွေနဲ့ ဆွေးနွေးနေတဲ့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်စစ်ကြောင်းရှိရာ ပဲခူးတိုင်း၊ လက်ပံတန်းကို အပြန်နောက်ကျခဲ့တဲ့အတွက် သတ်မှတ်ရက်အတိုင်း ခရီးမစနိုင်ခဲ့ကြောင်း ပင်မသပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင်က ပြောပါတယ်။

“မကွေးကျောင်းတိုက်မှာ ဆရာတော်တွေကို ဒီအခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲလေးလုပ်တယ်ပေါ့။ ဆွေးနွေးပွဲလုပ်တာကလည်း ထင်ထားတဲ့ အချိန်ထက် နည်းနည်းလေး အချိန်က ကျော်သွားတယ်။ ကျော်သွားတော့ member တွေက စခန်းကိုရောက်တာ နည်းနည်း နောက်ကျသွားတယ်။ ၂ ခွဲ၊ ၃ လောက်မှ ရောက်တယ်။ နောက်တခုက ကားကလည်းအဆင်သင့်မဖြစ်တော့ ကျနော်တို့ မထွက်ဖြစ်လိုက်တာဗျ။ မနက်ဖြန်ထွက်မယ်။”

ပြည်ထဲရေးဌာနက ဖေဖော်ဝါရီလ (၂၈) ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ လေးပွင့်ဆိုင်ဆွေးနွေးရေးကနေ သဘောတူညီထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန္ဒပြကျောင်းသားတွေရဲ့တောင်းဆိုချက်အရ ‘ပြင်ဆင်နိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှတ်တော်မှာ စတင်ကြားနာ ဆွေးနွေးဆောင်ရွက်နေပြီဖြစ်လို့ ဆန္ဒပြကျောင်းသားတွေအနေနဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ရပ်ဆိုင်းထားဖို့ လိုအပ်ကြောင်းနဲ့ ဆန္ဒပြပါက တည်ဆဲဥပဒေအရ အရေးယူမယ်’ ဆိုတဲ့အကြောင်း သတိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို သတိပေးပေမယ့် ကျောင်းသားတွေက သူတို့ မူလ ရည်မှန်းချက်အတိုင်း ခရီးရှည်ချီတက်မယ့်ကိစ္စကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ သူတို့အနေနဲ့ လွှတ်တော်ဘက်က အချိန်ကာလ သတ်မှတ်ချက်ရှိမယ်ဆိုရင် သူတို့ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မှာ ဖြစ်ပေမယ့် အခုလို အချိန်ကာလ ကြန့်ကြာမယ့်အခြေအနေပေါ်မှာတော့ သူတို့ ဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဲလိုမျိုး အခြေအနေတော့ မရှိဘူးခင်ဗျ။ ကျနော်တို့အနေနဲ့က ဆုံးဖြတ်ချက်ကိုပြင်မယ့်အရာက တခုပဲရှိတော့ အဲဒါက သီးခြားခိုင်မာတဲ့ အချိန် အတိုင်းအတာတခု ရရင်ပြင်မယ်။ ပြီးတော့ နောက်တခုက ဥပဒေမူကြမ်းကို အတည်ပြုပြီးရင်ပြင်မယ်။ အဲလိုမျိုးတော့ ဆုံးဖြတ်ထားကြတယ်။ အနည်းဆုံးအဆင့်အတွက်ကတော့ ဒီ ဥပဒေမူကြမ်းအတွက် အချိန်အတိုင်းအတာ ဘယ်လောက်အထိ ယူမယ်ဆိုတာ time frame ကိုပြရင်တော့ ကျနော်တို့ ပြင်ဖို့တော့ အစီအစဉ်ရှိတယ်ဗျ။”

ကျောင်းသားတွေ ချီတက်သပိတ်မှောက်ရာ လမ်းကြောင်းတလျှောက် ပဲခူးတိုင်းအတွင်းမှာတော အာဏာပိုင်တွေဘက်က တားဆီးဖို့ ပြင်ဆင်နေသလို ရန်ကုန်အဝင်မှာလည်း လုံခြုံရေးအတားအဆီးတွေ အများအပြား ချထားပါတယ်။ ကျောင်းသားတွေ ဖြတ်သန်းသွားမယ့် သာယာဝတီမြို့မှာလည်း လုံခြုံရေးအင်အားတွေချထားကြောင်း မြို့ခံတွေက ဆိုပါတယ်။ ဒါပေမယ့် မြို့ခံတွေနဲ့ ကျောင်းသားတွေ နဲ့ အာဏာပိုင်တွေကြားမှာ အကြမ်းဖက်မှုတွေ မဖြစ်စေချင်ဘဲ ငြိမ်းချမ်းပြေလည်မှု ရစေချင်ကြောင်း၊ ကျောင်းသားတွေ ရောက်လာမယ်ဆိုရင် ကျောင်းသားတွေကို ဝန်းရံပေးဖို့ ပြင်ဆင်နေကြောင်း သာယာဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“Stand-by ချထားတယ်။ နေ့တိုင်း လူအုပ်စုတွေနဲ့ ဟန်ရေးပြနေတယ်ပေါ့။ အဓိက-ကတေ့ာလေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်သွားရင်တော့ ကောင်းတာပေါ့။ ငြိမ်းချမ်းတယ်ဆိုတော့ ကျောင်းသားတွေကလည်း သူတို့ရည်မှန်းချက်တခုအထိ ရှိအောင်တော့ သူတို့ ရောက်အောင်သွားမယ်။ ဟိုဘက်ကလည်း ဟိုထဲအဝင်မခံဘူးဆိုတော့ ဒါ ကျနော်ထင်တယ်။ ဆိုတော့ အားလုံး နှစ်ဦးနှစ်ဘက် မနစ်နာစေသောနည်းနဲ့လုပ်နိုင်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်ထင်တယ်။ ဒါပေမယ့် အဲဒီနေရာတွေမှာ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ လာပြီး ဝန်းရံကြမှာပေါ့။”

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျောင်းသားတွေကိုတားဆီးဖို့ ထူးခြားတဲ့ပြင်ဆင်မှုတွေတော့ မရှိသေးကြောင်း၊ အထက်က ညွှန်ကြားလာတဲ့အခြေအနေပေါ်မှာပဲ မူတည်ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့မှူးတဦးက ရှင်းပြပါတယ်။

“ရဲတပ်ဖွဲ့အနေနဲ့အတားအဆီးရှိလားဆိုတော့ အတားအဆီးရယ်လို့တော့ မဟုတ်ဘူး။ ပထမ အရင် သူတို့ ဆန္ဒပြတုန်းက လုပ်ခဲ့တဲ့အတိုင်းပဲပေါ့နော်၊ တားဆီးတာတော့မဟုတ်ဘူး၊ ပြောပြပြီးတော့ နားလည်အောင်ပြောပြပြီးတော့ အဲဒါပဲရှိတယ် ဆရာမ၊ ကျနော်တို့ဘက်ကတော့ ကျနော်တို့ ပထမ တားထားတဲ့အတိုင်း သူတို့ ပေါ်လစီချထားတဲ့အတိုင်းပဲ ကျနော်တို့ဘက်က အတား မရှိပါဘူး….ထူးခြားပြီးတော့ ညွှန်ကြားမှုတော့ မရှိဘူး။ ကျနော်တို့က အထက်ဌာနက ညွှန်ကြားလာမှ ကျနော်တို့က ပြန်ပြီးညွှန်ကြားရမယ့်အဆင့်လေ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ်အောက်မှာ ထပ်ပြီးတော့ ညွှန်ကြားလာမှ ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ထပ်ပြီးညွှန်ကြားရမှာလေ။ ကျနော်တို့တိုင်းအဆင့်အနေနဲ့။ လက်ရှိမှာတော့ ဘာမှ ညွှန်ကြားထားတာမရှိတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ဘာမှ ပြန်ညွှန်ကြားထားတာ မရှိပါဘူးခင်ဗျ။”

(၁၀) ရက်ကြာ ရပ်နားနေခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်းဟာ အခက်အခဲတွေကြားက ခရီးရှည်ချီတက်ဖို့ ပြင်ဆင်နေသလို ဧရာဝတီ သပိတ်စစ်ကြောင်း ကတော့ ဧရာဝတီတိုင်းမှာ သပိတ်စခန်း (၂) ခုဖွင့်ပြီး လွှတ်တော်ရဲ့အခြေအနေကို တလတာ စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ပင်မသပိတ် စစ်ကြောင်းက ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက်မယ်ဆိုရင်တော့ သူတို့အစီအစဉ်ကို ပြောင်းလဲမယ်လို့ ကျောင်းသားတွေက ဆိုပါတယ်ရှင်။

XS
SM
MD
LG