သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ လူသားစာနာမှုအကူအညီတွေ ထိရောက်ရေး နိုင်ငံတကာစောင့်ကြည့်ဖို့ လိုအပ်


ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃
ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃

မိုခါဆိုင်ကလုန်မုန်တိုင်းဒဏ် အပြင်းအထန်ခံလိုက်ရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအကူအညီပေးရေး လှုပ်ရှားနေသူတွေ ဖမ်းဆီးခံရတာ၊ ကုလသမဂ္ဂနဲ့ အာဆီယံကပေးနေတဲ့ အကူအညီတွေမှာ အကန့်အသတ်တွေ ရှိနေတာကြောင့်၊ ရံပုံငွေလှူဒါန်းကြတဲ့ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးစောင့်ကြည့်ဖို့ NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူညီတွေကို တတ်နိုင်သလောက်ပံ့ပိုးပေးနေကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကြေညာချက် ထုတ်ပြန်ထားတာပါ။ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ကို အကြီးအကျယ် အလူးအလဲ ခံရတဲ့ စစ်တွေမြို့တဝိုက် ရခိုင်ပြည်နယ်မှာရှိတဲ့ မုန်တိုင်းသင့်ပြည်သူတွေအတွက် NUG ဘက်က လူသားချင်းစာနာဆိုင်ရာ အကူအညီတွေမှာ ဘယ်လိုပါဝင်ဆောင်ရွက်နေလဲရှင့်။

ဖြေ ။ ။ NUG ဘယ်လိုဆောင်ရွက်နေသလဲလို့ မေးလို့ရှိရင်တော့ NUG က ပြည်သူ့အစိုးရ ဖြစ်တယ်။ လူသားချင်းစာနာစိတ်ရှိတဲ့ အစိုးရ ဖြစ်တယ်။ ဒါကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ ကျနော်တို့တာဝန်ဆိုတော့ ဒါကိုဆောင်ရွက်ရတယ်။ မိုခါမုန်တိုင်းနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ဆောင်ရွက်ရတဲ့ အရေးကြီးဆုံးအချက်က မုန်တိုင်းဆိုတာ ကြိုတင်ပြီးတော့ သိနိုင်တယ်။ ကြိုတင်ကာကွယ်တားဆီးနိုင်တဲ့ဟာမျိုး ဖြစ်တာကြောင့် NUG အနေနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့တယ်။ NUG မှာ အဖွဲ့အစည်းတွေ ရှိတယ်။ ဘာလဲဆိုတော့ လူသားချင်းစာနာ ကူညီရေးနဲ့ ဘေးအန္တရာယ် တုံပြန်ရေးကော်မရှင်ဆိုတာ ရှိတယ်။ ဒါက ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ကြီးပါ ပါဝင်တဲ့ကော်မရှင်။ နောက်တခုကတော့ လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီးတော့ အရေးပေါ်တုံ့ပြန်နိုုင်တဲ့ Emergecy Operation Coordination Committee ဆိုတာ ရှိတယ်။ အဲဒီကော်မတီကလည်း အလုပ်လုပ်နေတယ်။ နောက်တခုက နိုင်ငံတကာနဲ့ ပတ်သက်လို့ရှိရင် International Aid Coordination Committee ဆိုတာ ရှိတယ်။ ဒီကော်မရှင်နဲ့ ကော်မတီ သုံးခုကနေ အလုပ်လုပ်နေတာတွေ ရှိတယ်။ ဆိုတော့ ဒီအလုပ်တွေလုပ်ပြီးတော့ ပြည်သူတွေကို ကူညီနေတာ ဖြစ်တယ်။ အခု မိုခါမုန်တိုင်းနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ စပြီးတော့ မဖြစ်ခင်ကတည်းက အစီအစဉ် ရှိတယ်။ ကြိုတင်ပြီးတော့ မိုးလေဝသပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ကြိုတင်အသိပေးတာတွေ လုပ်ခဲ့တယ်။ နောက်ပြီးတော့ အရေးကြီးဆုံးအချက်ကတော့ အသိပေးရုံတင်မကဘူး၊ သတိပေးဖို့လည်း လိုတယ်။ ဒါကြောင့်မို့ ကျနော်တို့ အချိန်နဲ့အမျှ ချိန်ကိုက်သတိပေးတာတွေ လုပ်ခဲ့တယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ကျနော်တိို့က မြေပြင်မှာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာတွေ ဖြစ်တယ်။

ဆိုတော့ ရခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်း ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့အတူတူ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဖောင်ဒေးရှင်းတွေ ရှိတယ်။ ဒါတွေနဲ့ ချိတ်ဆက်တယ်။ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ရင်လည်း ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ် ရှိတယ်။ နောက် အဲဒီမှာ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဒါတွေနဲ့ ချိတ်ဆက်တယ်။

စစ်ကိုင်း၊ မကွေးဆိုရင်တော့ ကျနော်တို့က ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးမှု ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီဒေသ အများစုမှာ ကျနော်တို့ရဲ့ မြေပြင်မှာဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းကနေ လူသားစာနာမှုတွေနဲ့ ပတ်သက်တဲ့ တာဝန်ခံတွေ ရှိတယ်။ အားလုံးနဲ့ ချိတ်ဆက်ပြီးတော့ မြေပြင်မှာ ဆောင်ရွက်နေတယ်။

မေး ။ ။ အဲဒီမှာ တချက်မေးချင်တာက အဓိက NUG မှာ သမ္မတ၊ ဝန်ကြီးချုပ်တို့ကလည်း မြန်မာနိုုင်ငံရဲ့ နယ်မြေတနေရာမှာ ရှိနေတယ်ဆိုပေမဲ့ တချို့ဝန်ကြီးတွေကြတော့လည်း ပြည်ပမှာ အခြေအနေအမျိုးမျိုးနဲ့ ရှိနေတဲ့အခါကြတော့ တကယ်တမ်း မြေပြင်မှာ အခုလို လိုအပ်နေတဲ့ အနေအထားမှာ စောစောက NUG နဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်းတွေအတွက် စစ်ကောင်စီက NUG ကို အကြမ်းဖက်အဖြစ်အဖွဲ့ သတ်မှတ်ပြီးတော့ ဆက်သွယ်တဲ့ အဖွဲ့အစည်းတွေကိုလည်း ရသလောက် ချေမှုန်းနေတယ်။ NUG နဲ့ ပတ်သက်တဲ့နေရာတွေ မှန်သမျှတွေကိုလည်း အင်အားသုံး ချေမှုန်းနေတဲ့အခါကြတော့ ဆရာတို့ အခုလို ပြည်တွင်းမြေပြင်မှာ ဖြစ်နေတဲ့ အနေအထားတွေမှာ ကူညီတဲ့အခါမှာ တကယ်ပဲ ထိထိရောက်ရောက် ကူညီနိုင်သလား။

ဖြေ ။ ။ ကျနော်တို့ ကူညီတဲ့အပိုင်းက နိုင်သလောက်ကို ကူညီတာ။ နိုင်သလောက် ကူညီတဲ့အပိုင်းက အခုန ကျနော်ပြောသလိုပဲ နဂိုကတည်းက မြေပြင်မှာ ဒီတော်လှန်ရေးကာလ စကတည်းက ဆိုတာက အကြမ်းဖက်ဖိနှိပ်မှုတွေကို ခံရပြီးကတည်းက ကျနော်တို့က ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီနေတာ။ အခု ကျနော်တို့ရဲ့ အတွေ့အကြုံက ၂ နှစ်ကျော်လာပြီ။ ၂ နှစ်ကျော် အတွေ့အကြုံတွေထဲမှာ မြေပြင်မှာ ဒုက္ခရောက်နေတဲ့ လူတွေဆီကို လိုအပ်တဲ့ အထောက်အပံ့ ဘယ်လိုရောက်အောင် လုပ်ရမလဲဆိုတာကို အစီအမံတွေ ရှိပြီသားဖြစ်တယ်။ အခုဆိုရင် စဖြစ်ပြီးကတည်းက စာရင်းတွေ တက်လာတယ်။ အမိုးအကာအတွက် လိုအပ်တယ်။ အစားအသောက်အတွက် လိုအပ်တယ်။ ဆေးဝါးအတွက် လိုအပ်တယ်။ ဒါတွေကို နေ့စဉ် ၂၄ နာရီ ဖြည့်ဆည်းပေးတယ်။ တောက်လျှောက်ရတဲ့နည်းနဲ့ ပို့ခဲ့တယ်။ ဘာကြောင့် ၂၄ နာရီ ပြောသလဲဆိုတော့ တချို့ ဒီကိစ္စတွေကို ဆောင်ရွက်နေတဲ့ လူတွေက နေရာအသီးသီးကနေ ဆောင်ရွက်နေတာ။ Time Zone တွေ မတူတဲ့နေရာအသီးသီးက ဆောင်ရွက်နေတာမို့ ၂၄ နာရီလုံး ချိတ်ဆက်လို့ရတယ်။ အဲဒါကလည်း တမျိုးပြောရရင်တော့ ဒီတော်လှန်ရေးကာလမှာ အားသာချက်တခုပေါ့။ ၂၄ နာရီလုံး ကျနော်တို့က ချိတ်ဆက်လို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာအများအပြားမှာ တကမ္ဘာလုံးမှာလည်း ကျနော်တို့လူတွေ ရှိတယ်။ အလုပ်လုပ်နေတဲ့လူတွေ ရှိတော့ မြေပြင်နဲ့ ချိတ်ဆက်တဲ့နေရာမှာ အင်မတန်မှ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီလိုနည်းနဲ့ ကျနော်တို့ ဆောင်ရွက်နေတယ်။

မေး ။ ။ အဲဒီတော့ တဘက်မှာကြတော့ စစ်ကောင်စီဘက်ကလည်း အခုအချိန်မှာ သူတို့က အထူးသဖြင့် NUG နဲ့ ပတ်သက်ရင် အကြီးအကျယ် ဖိနှိပ်နေတာတွေ၊ နောက်တခါကြတော့ အခုပြီခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကပဲ ရခိုင် လူသားချင်းစာနာ ကူညီပေးရေးလုပ်နေတဲ့သူတွေ အပါအဝင် ဖမ်းတာဆီးတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး၊ ဆရာတို့ မြေပြင်က အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ဆရာတို့ စိုးရိမ်မှု အခြေအနေကော ဘယ်လိုရှိသလဲ။

ဖြေ ။ ။ စစ်ကောင်စီကတော့ တောက်လျှောက် မတရားဖိနှိပ်မှုတွေ လုပ်နေတယ်။ တကယ်ကို တင်းကြပ်ချုပ်ချယ် ကန့်သတ်မှုတွေ၊ ချုပ်ကိုင်မှုတွေကို အမျိုးမျိုးလုပ်နေတယ်။ ဆိုလိုတာကတော့ တကယ် သူတို့စိတ်ထဲမှာ ဒါဟာ သူတို့ကို မလိုလားဘူးပေါ့။ စစ်တပ်ကို မလိုလားဘူး။ တော်လှန်ရေးနဲ့ ပတ်သက်လို့ရှိရင် တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတဲ့သဘောမျိုး ရှိတဲ့လူတိုင်းကို ရန်သူလို့ မြင်တယ်။ ဖြစ်တဲ့အများစုကလည်း ပြည်သူတွေပဲဆိုတော့ ပြည်သူကို ရန်သူလို သဘောထားတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ ချုပ်ကိုင်မှုတွေ၊ တင်းကြပ်မှုတွေ ဒါတွေအကုန် ရှိနေတာပဲ ဖြစ်တယ်။ ဒါတွေကို ကျော်လွှာနိုင်ဖို့ဆိုတာကို တကယ့်မြေပြင်မှာ အလုပ်လုပ်နေတဲ့ လူတွေက အင်မတန် အရေးကြီးတဲ့နေရာမှာ ရှိနေတယ်။ အခု စစ်ကောင်စီကလည်း ပံ့ပိုးကူညီတာတွေ ရှိတယ်ဆိုတာတွေ အသံလွှင့်နေတာ ရှိတယ်။ ဒါတွေမှာ အရေးကြီးတဲ့ကိစ္စကတော့ နေရာအနှံ့က ပြည်သူတွေရဲ့ တကယ်လက်တွေ့ အကူအညီတွေ ရရဲ့လားဆိုတာက အင်မတန် အရေးကြီးတယ်။ အဲဒီအခြေအနေကို ကျနော်တို့သိဖို့ လိုတယ်။

မေး ။ ။ အဲဒီနေရာမှာ အခုနိုင်ငံတကာက အကူအညီပေးရေးကိစ္စတွေ။ အထူးသဖြင့် ကုလသမဂ္ဂက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာတွေ။ မုန်တိုင်းနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ဒုက္ခရောက်သွားသလဲ။ ဘယ်လောက်အထိ အပျက်အစီးတွေ ဖြစ်သွားသလဲ။ လူတွေ ဘယ်လောက်အထိ ဒုက္ခရောက်နေသလဲဆိုတာတွေကို သူတို့ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးနေသလို၊ အကူအညီပေးရေး လုပ်ငန်းတွေမှာလည်း လုပ်နေတယ်ဆိုတာလည်း သတင်းထုတ်ပြန်ထားတာတွေ ရှိတယ်ဆိုတော့ ဒီအပေါ်မှာ ဆရာတို့ NUG ဘက်က ဘယ်လိုမြင်သလဲရှင့်။

ဖြေ ။ ။ နိုင်ငံတကာကတော့ အကူအညီတွေနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတာကတော့ နိုင်ငံတကာအနေနဲ့ အဓိက နိုင်ငံတကာလို့ ပြောလိုက်လို့ရှိရင် UN ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အဓိက။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အာဆီယံတို့ အကူအညီပေးရေးစင်တာ ရှိတယ်။ အာဆီယံက လူသားချင်းစာနာ ကူညီပေးရေးအဖွဲ့ရယ်၊ နိုင်ငံတကာ ကုလသမဂ္ဂအဖွဲ့အစည်းရယ် ဒါတွေက အဓိက အဖွဲ့အစည်းတွေ။ ဝင်ရောက်ပြီးတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေ။ အဲဒီအဖွဲ့အစည်းတွေက သူတို့ဝင်ရောက် ကူညီဖို့အတွက်ကို စစ်ကောင်စီနဲ့တွဲမှ ရတယ်။ ပူးပေါင်းမှရတယ်။ ဒါကြောင့်မို့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ စစ်ကောင်စီကို မတွန်းလှန်နိုင်ဘူး။ စစ်ကောင်စီအောက်ကနေ လုပ်ရမှာဖြစ်တာကြောင့် ယူအန်၊ အာဆီယံတို့က စစ်ကောင်စီအောက်မှာပဲ ဝင်ရောက်ပြီး လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလွှမ်းမိုးမှုအတိုင်းပဲ သူတို့ကူညီမှုတွေက သွားနေတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို ရထားတဲ့ တကယ်ပေးရမယ့် အာဆီယံကလည်း စစ်ကောင်စီ အလိုကျပဲ သွားနေတယ်။ ယူအန်နဲ့ ကျန်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီအလိုကျပဲ သွားနေကြရတဲ့သဘော ရှိနေတယ်ဆိုတော့ ဒီလိုမျိုး အခြေအနေမျိုးမှာ တကယ်လိုအပ်တဲ့ နေရာမျိုးကို ထိထိရောက်ရောက် ရောက်ဖို့ဆိုလို့ရှိရင် အင်မတန် အရေးကြီးတာက အခုလက်ရှိ ဆောင်ရွက်နေတဲ့လူတွေပေါ်မှာ မူတည်တယ်။ စစ်ကောင်စီနဲ့ မလွှဲသာဘူး၊ လုံးဝအခြေအနေအရ ပူးပေါင်းဆောင်ရွက်ရမယ် ဆိုပေမယ့် အခြားနည်းလမ်းတွေနဲ့ ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းသစ်တွေကို ရှာဖွေဖို့လိုတယ်။

မေး ။ ။ တဘက်မှာကြတော့ စစ်ကောင်စီဘက်က ပြောနေတာက မုန်တိုင်းဒုက္ခသည်တွေ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်မှာဆိုရင် နိုင်ငံတကာ အကူအညီတွေကို ဖွင့်ပေးထားတယ်။ ပိတ်မထားဘူး။ နောက်ပြီးတော့ သူတို့ကိုယ်တိုင်လည်း ဒုက္ခသည်တွေကို စစ်တပ်ကနေ အင်နဲ့အားနဲ့ အကူအညီပေးနေတယ်လို့လည်း ပြောပါတယ်။ ဆိုတော့ ဒီအပေါ်မှာကော ဆရာတို့ NUG ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ အဲဒီအခြေအနေမှန်ကို စောင့်ကြည့်ဖို့ လိုတယ်။ စောင့်ကြည့်ဖို့ လိုတယ်ဆိုတာက ဒီအခြေအနေမှန်က ဘယ်က သိရမလဲဆိုတော့ ခံစားနေရတဲ့ ပြည်သူတွေဆီကပဲ သိရမယ်။ အခြေအနေမှန်ကို စောင့်ကြည့်ဖို့ဆိုရင် ကျနော်တို့လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ တကယ်တမ်းဆိုရင် ဒီအလုပ်ကို လုပ်ရမယ့်လူတွေကလည်း ယူအန်အဖွဲ့အစည်းတွေက ထောက်ပံ့နေတယ်။ အာဆီယံကလည်း ထောက်ပံ့နေတယ်။ စစ်ကောင်စီက သူတို့နဲ့တွဲပြီးတော့ ထောက်ပံ့နေတယ်ပြောတယ်။ အဲဒီတော့ သူတို့ထောက်ပံ့နေတာတွေကို တကယ်လိုအပ်တဲ့ လူတွေဆီကို ရောက်မရောက်ကို စောင့်ကြည့်ဖို့လိုတယ်။ အဲဒီစောင့်ကြည့်ရမယ့် လူတွေက အလှူရှင်တွေပဲ။ နိုင်ငံတကာအလှူရှင်တွေ၊ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ဒါတွေက စောင့်ကြည့်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ လှူလိုက်တဲ့ အလှူဟာ တကယ်တမ်းဆိိုရင် နိုင်ငံတကာပံ့ပိုးမှုနဲ့ အာဆီယံထဲ ငွေတွေရောက်လာတယ်။ အာဆီယံစင်တာမှာ အလှူငွေတွေ ရှိတယ်။ ဒီလိုပဲ နိုင်ငံတကာပံ့ပိုးမှုနဲ့ ယူအန်က အလှူငွေတွေ ရတယ်။ ဒါတွေက တကယ်ထိရောက်တဲ့နေရာတွေဆီ ရောက်သလားဆိုတာကို နိုင်ငံတကာအလှူရှင်တွေက စောင့်ကြည့်ဖို့လိုတယ် - ဒီအချက်က အရမ်းအရေးကြီးတယ်။

မေး ။ ။ ဒါဆိုရင် NUG အနေနဲ့ အထူးသဖြင့် ကုလသမဂ္ဂတို့လို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားပေါ့။ ပြီးခဲ့တဲ့အပတ်ကပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင်ကလည်း တခါးပိတ်လုံခြုံရေးကောင်စီ အစည်းအဝေးပွဲမှာ တင်ပြသွားတာတွေလည်း ရှိတယ်ဆိုတော့ အထူးသဖြင့် နိုင်ငံတကာက ကူညီပေးနေတဲ့ကိစ္စတွေမှာ NUG နဲ့ တိုင်ပင်ဆွေးနွေးဖို့ဆိုတော့ မြန်မာနိုင်ငံထဲကို အဓိက ထိထိရောက်ရောက် ရောက်ဖို့ဆိုတာ။ အဲဒီတော့ NUG က ဒီလိုနိုင်ငံတကာနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဘယ်လိုမျိုး ပုံစံမျိုးနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မလဲ။ ဘယ်လိုမျိုး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ NUG အစကတည်းက နိုင်ငံတကာနဲ့ ချိတ်ဆက်တယ်။ အကူအညီအတွက် ချိတ်ဆက်တာ။ နံပါတ်တစ်က ဘယ်လိုချိတ်ဆက်သလဲဆိုရင် ယူအန်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တယ်။ ယူအန်အဖွဲ့အစည်းတွေနဲ့ အစည်းအဝေး ရှိတယ်။ ဒီမုန်တိုင်းမတိုင်မီမှာလည်း ယူအန်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့ ယူအန်အဖွဲ့အစည်းတွေနဲ့ အနုစိတ်ပြန်ဆွေးနွေးတယ်။ ဒီကာလအတွင်းမှာ ကျနော်တို့နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စတွေ ရှိတယ်။ နောက်တချက်ကတော့ နိုင်ငံတကာ အလှူရှင်နိုင်ငံတွေ။ အာဆီယံမှာရှိတဲ့ နိုင်ငံတွေ ရှိတယ်။ အဓိကတော့ တကယ့် အလှူရှင်နိုင်ငံကြီးတွေ - အဲဒီနိုင်ငံကြီးတွေနဲ့ ကျနော်တို့ bilateral ဆောင်ရွက်နေတာ ရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနနဲ့ ကျနော်တို့ NUG က လူသားချင်းစာနာဌာနနဲ့ ကျန်တဲ့ ပညာ၊ ကျန်းမာဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးဌာနတွေ အကုန်လုံး။ အခုလုပ်နေတာက လူသားစာနာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်၊ ကလေး၊ ပညာရေး၊ ကျန်မာရေးတို့ ရှိတယ်။ ဒါကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်တယ်။ နိုင်ငံတကာဝန်ကြီးဌာနနဲ့ ချိတ်ဆက်တယ်။ ချိတ်ဆက်ပြီးတော့ နိုင်ငံတကာနဲ့ နဂိုကတည်းက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်။ အခုလည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

နောက်တခုက အာဆီယံ။ အာဆီယံနဲ့ဆိုရင်လည်း အာဆီယံနဲ့ ပတ်သက်တဲ့ အာဆီယံဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှားနိုင်ငံနဲ့ တိုက်ရိုက်ချိတ်ဆက်တယ်။ လူသားချင်းစာနာ ကူညီမှုတွေ ပေးဖို့အတွက်ကို ASEAN Envoy ရုံးနဲ့ ကျနော်တို့နဲ့ အမြဲတမ်းချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ သူတို့ကလည်း ကူညီမယ်ဆိုပြီး AHA Centre ပြောထားတာဖြစ်ပြီး၊ AHA Centre က independence ဖြစ်ဖို့၊ တကယ်ဖြစ်တဲ့နေရာတွေကို ရောက်ဖို့ဆိုတာကို သူတို့လည်း တိုက်တွန်းနေပါတယ်လို့ ပြောပါတယ်။ အဲဒီလို အချိတ်အဆက်တွေ အကုန်လုံးရှိတယ်။ ဒီလိုလုပ်နေတာ ကျနော်တိို့ပဲမဟုတ်ဘူး၊ ကျနော်တို့နဲ့ အတူတူ၊ အမြဲတမ်းလက်တွဲပြီးတော့ လုပ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အကုန်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာဝင်းမြတ်အေး၊ အခုလို အချိန်ပေးပြီးတော့ ကျမတို့ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါက်တာဝင်းမြတ်အေး ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG