မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ICC နိုင်ငံတကာရာဇ၀တ်ခုံရုံးက ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ် Karim Khan ရဲ့ ကြိုးပမ်းချက်ကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပေမဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူရေး တရားမျှတမှုလမ်းကြောင်းအဖြစ် NUG အစိုးရနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အထူးကြိုဆိုခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က ဒီမိုကရေစီရေးအစီအစဥ်မှာ စုစည်းတင်ဆက်ထားပါတယ်။
အင်ကြင်းနိုင် ။ ။ စုဆောင်းရရှိထားတဲ့ အထောက်အထားတွေကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ယာယီသမတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယုံကြည်ပြီး အကျိုးအကြောင်းဆီလျော်တဲ့ အထောက်အထားတွေ ရှိနေကြောင်း ကျနော့်ရုံးက ကောက်ချက်ချလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ် လ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်အတွင်း မြန်မာနိုင်ငံနဲ့ ဘဂ်လားဒေ့ရှ်နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ ရိုဟင်ဂျာတွေကို နေရပ်ကနေ အတင်းအကျပ်မောင်းထုတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်မှုတို့ကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အခုလို မြန်မာအစိုးရ အဆင့်မြင့်အရာရှိတဦးကို ဖမ်းဝရမ်းထုတ်ဖို့ ကျနော့်ရုံးရဲ့ လျှောက်ထားချက်က ပထမဦးဆုံး ဖြစ်ပါတယ်။ နောက်ထပ်လည်း လာဖို့ရှိပါတယ်လို့ ICC ရှေ့နေ့ချုပ်က ပြောသွားတာပါ။
ဒါဟာ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ စစ်ခေါင်းဆောင်အဆက်ဆက်အတွက် ပထမဦးဆုံးအကြိမ် နိုင်ငံတကာဉပဒေနဲ့အညီ အရေးယူဖို့ နောက်တဆင့် တက်လှမ်းနိုင်တဲ့ သတင်းကောင်း ဖြစ်တယ်လို့ NUG အမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOA ကို ပြောပါတယ်။
ဒေါ်ဇင်မာအောင် ။ ။ တစ်အချက်အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း အာဏာသိမ်းတဲ့ ဖြစ်စဉ်တိုင်း စစ်ခေါင်းဆောင်တွေရဲ့ အဆက်ဆက်ကိုကြည့်မယ်ဆိုရင် အကုန်လုံးက သာသာယာယာနဲ့ အစပိုင်းမှာတော့ ဆန်ဒပြကြတယ်။ တော်လှန်ကြတယ် - လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုတွေ တောက်လျှောက်ဖြစ်ခဲ့တယ်။ ၆၂ ကစလို့ ပြီးတော့ အကြာကြီးအုပ်ချုပ်သွားကာ သာသာယာယာနဲ့ ပြန်ထွက်သွား။ ပြောချင်တာက ဘာမှအပြစ်ပေး အရေးယူမှု - သူတို့ ကျူးလွန်ခဲ့တဲ့ တိုင်းပြည်အပေါ်မှာ လူထုအပေါ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဘယ်တုန်းကမှ အရေးယူခံရခြင်း မရှိဘဲနဲ့ သာသာယာယာနဲ့ ထွက်သွားနိုင်ခဲ့တယ်။ ထွက်သွားခွင့်ရတဲ့အတွက် ဘာကိုဖြစ်စေသလဲဆိုတော့ သူတို့က ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် အမြဲတမ်းရနေခဲ့တယ်။ ဒီတကြိမ်ကတော့ ဝရမ်းထုတ်ခံရတာကတော့ ကာကွယ်ရေးဦးစီးချုပ်တယောက်အနေနဲ့၊ အာဏာသိမ်း စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒါကတော့ ပထမဦးဆုံး ဖြစ်တယ်။ ဒါကသည်ပင် နွေဦးတော်လှန်ရေး ၂၁ ရာစုမှာ ဒီလိုမျိုး ကျူးလွန်မှုတွေကို လုပ်မယ်ဆိုရင်တော့ ဘယ်သူမှ ပြစ်ဒဏ်က ကင်းလွတ်ခွင့် မရဘူး။ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ဖို့- တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်ဆိုတဲ့ သတင်းစကားကိုတော့ ပထမအဆင့် ပေးတယ်လို့ ကျမက ဒီလိုယူဆတယ်။ ဒါကိုကသည်ပင်လည်း သမိုင်းကြောင်းနဲ့ချီတဲ့ ထူးခြားမှုတခုလို့ ပြောလို့ရတယ်။ နောက်ဆက်တွဲ ဘယ်အချိန် ဘယ်လောက်ကြာမလဲ ဘယ်လိုတည်ဆောက်မလဲဆိုတာက နောက်တပိုင်းပေါ့။ သို့သော် ဒီလိုမျိုး ဝရမ်းထုတ်ခံရတာကတော့ မြန်မာပြည်ရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ သမိုင်းမှာ ပထမဦးဆုံးလို့ ပြောလို့ရပါတယ်။
အင်ကြင်းနိုင် ။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ICC ခုံရုံးက စွဲဆိုထားတဲ့အမှုတွေဟာ အာဏာမသိမ်းခင်ကဖြစ်ပေမဲ့ အခု အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်မှုတွေမှာလည်း သူဟာ တာ၀န်အရှိဆုံးဖြစ်နေတဲ့အတွက် ICC ခုံရုံးရဲ့ ကြိုးပမ်းချက်တွေဟာ အကျိုးသက်ရောက်မှု ရှိနေကြောင်း ဒေါ်ဇင်မာအောင်က သုံးသပ်ပါတယ်။
ဒေါ်ဇင်မာအောင် ။ ။ ရှိနိုင်တာပေါ့ နောက်ဆက်တွဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၇ တုန်းကလည်း ဒီ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Chain of Command အောက်မှာရှိတဲ့ တပ်တွေက ကျူးလွန်တာ ဖြစ်တယ်။ အခု အာဏာသိမ်းလိုက်တော့လည်း ဒီပုဂ္ဂိုလ်ပဲ။ အခုလည်း သူပဲပေါ့နော်။ ဆိုတော့ ဒီ Continuity က အမှု တည်ဆောက်တဲ့အခါမှာ အင်မတန်မှတော့ Relevancy ရှိတယ်လို့တော့ မြင်ရတာပေါ့။ ဒါကြောင့်မို့လို့လည်း အခုလိုမျိုး ဖမ်းဝရမ်း ထုတ်ဖို့ကို ခွင့်တောင်းခံတယ်ဆိုကတည်းက သေချာအမှု တည်ဆောက်ပြီးသွားပြီ။ ခိုင်လှုံတဲ့ သက်သေတွေလည်းရှိလို့ ဒိလိုမျိုး ဆောင်ရွက်နိုင်တယ်လို့ ကျမတို့ ပြောလို့ရပါတယ်။
အင်ကြင်းနိုင်။ ။ အခုလို ICC ရှေ့နေချုပ်က ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်ထားချက်ဟာ ရိုဟင်ဂျာတွေသာမကဘဲ မြန်မာပြည်သူတွေအပေါ် ညှဉ်းပန်းနှိပ်စက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူအပြစ်ပေးနိုင်ရေး တရားမျှတမှုလမ်းကြောင်းကို ရောက်နေပြီ ဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေကိုပြောပါတယ်။
ဦးထွန်းခင် ။ ။ ICC ဆိုတဲ့ International Criminal ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးကနေ ဖမ်းဝရမ်း ထုတ်တဲ့ဟာက တခါမှလည်း မဖြစ်ခဲ့ဘူး။ ကျနော်တို့ နိုင်ငံမှာ။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား ညီအကိုတွေဆိုရင်လည်း နှစ်ပေါင်းများစွာ။ ရိုဟင်ဂျာတွေဆိုရင် လူမျိုးတုံးသတ်ဖြတ်မှု၊ အခြားတိုင်းရင်းသားနယ်ပယ်တွေမှာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ စစ်တပ်က နှစ်ပေါင်းများစွာ ရှိပြီ။ ဘယ်တုန်းကမှ ဒီလို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်ထားတာကို ဘယ်တရားရုံးကမှ မရှိခဲ့ဘူး။ ICC အနေနဲ့ ဒီလို လျှောက်လွှာတင်ပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ဟာက တော်တော်လေးကို အားရစရာကောင်းတယ်။ တော်တော်လေးကို ကျေနပ်ဖို့ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေတင်မကဘူး၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို နေ့စဥ်နဲ့အမျှ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ်မှာ ဒါက ကျနော်တို့အတွက် တရားမျှတမှုရရေး လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတဲ့ဟာကို ပေါ်လွင်နေပါတယ်။ ဒါက တော်တော်လေးကို ထူထူးခြားခြား၊ တော်တော်လေးကို နှစ်ပေါင်းများစွာအတွင်းမှာ မဖြစ်ခဲ့တဲ့ ဖမ်းဝရမ်းတခုထုတ်ဖို့ လျှောက်လွှာတင်တဲ့ဟာက အင်မတန်မှ အားရကျေနပ်ဖို့ ကောင်းတယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရာဇ၀တ်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ အာဂျင်တီနားတရားရုံးမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ( universal jurisdiction) နဲ့အညီ စစ်ခေါင်းဆောင်တွေကို မြန်မာရိုဟင်ဂျာအဖွဲ့က အမှုဖွင့် တရားစွဲဆိုထားတာပါ။
ဦးထွန်းခင် ။ ။ ဒီမှာကတော့ ကျနော်တို့ရဲ့ ဘုံရန်သူကတော့ အကြမ်းဖက် စစ်တပ်ပါပဲ။ ဒီမှာ ကျနော်တို့ တင်ထားတဲ့ ကျနော်တို့ အာဂျင်တီးနားရုံး တရားရုံးချုပ်ကနေ ရှေ့နေကလည်း ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်ထားတယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ပြီးတော့ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင် (၅) ယောက်လောက် ရှိပါတယ်။ ပြီးတော့ နောက်ထပ်လည်း လာအုန်းမှာပါ အများကြီး။ အဲဒီလိုကြတော့ ဒီမှာ Case အနေနဲ့တော့ ကွာတယ်။ ဒီမှာ အာဂျင်တီးနား ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်ထားတဲ့ဟာက ဘာလဲဆိုတော့ ဒါက Deportation Case လို့ ခေါ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ မြန်မာနိုင်ငံမှာ စစ်တပ်က လူသားမျိုးနွယ်ပေါ်မှာ ရာဇဝတ်မှုတွေ ကျုးလွန်တယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်။ အဲဒီဟာတွေက အဲဒီလူတွေက ဘင်္ဂလားဒေ့ရ်ုနိုင်ငံဘက်ကို ရောက်သွားတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြီးတော့ သေနတ်ဒဏ်ရာတွေ၊ ဒဏ်ရာပေါင်းမျိုးစုံတွေနဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရ်ုနိုင်ငံကို ရောက်သွားတော့ Deportation - ဒီဘက်မှာ ရက်ရက်စက်စက် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မှုမျိုးစုံ လုပ်ပြီးတော့ တဘက်မှာ ဟိုဘက်ကို မောင်းထုတ်လိုက်တယ်။ မောင်းထုတ်လိုက်ပြီးတော့ သူတို့ ရောက်သွားတဲ့နိုင်ငံ ဘင်္ဂလားဒေ့ရ်ုနိုင်ငံက ICC မှာ လက်မှတ်ထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက်၊ အဲ့ဒါကြောင့် ဒါကို ပထမဆုံး အရင်တုန်းက ICC ရဲ့ ရှေ့နေချုပ်က ဒီဟာကို အဲ့လို Angle ကနေ စဥ်းစားပြီးတော့ ဒီအမှုကို စွဲချက်တင်တာ ဖြစ်တယ်။ အဲ့ဒါက တကယ်တမ်း ဘင်္ဂလားဒေ့ရ်ုကနေ ICC ထိုးထားတဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရ်ုဘက်ကို ရောက်သွားတာကြောင့် ဘင်္ဂလားဒေ့ရ်ုက ICC ကို လက်မှတ်ထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရ်ုကနေ ဒီအမှု့ကို လုပ်တာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ Universal Jurisdiction
အာဂျင်တီးနားမှာကြတော့ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ပြီးတော့ လူသားမျိုးနွယ်ပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေကို သတ်ပစ်တယ်။ ဒီလိုဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်တဲ့ နိုင်ငံတနိုင်ငံမှာ အဲဒီလို ရက်ရက်စက်စက် ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတော့ အဲဒီလိုနိုင်ငံတနိုင်ငံမှာ အဲဒီလိုလုပ်ပြီဆိုရင် အခြားနိုင်ငံတနိုင်ငံမှာ အမှုဖွင့်လို့ရတယ်။ အဲဒီလိုအနေနဲ့ ကျနော်တို့က အာဂျင်တီးနားမှာ ဒါကအမှုဖွင့်ပြီးတော့ Universal Jurisdiction အောက်မှာ နိုင်ငံတနိုင်ငံမှာ အဲဒီလိုလုပ်ရင် အမှုစွဲလို့ရတယ်။ အဲ့ဒါကြောင့် အာဂျင်တီးနားမှာ ကျနော်တို့ တရားစွဲခြင်း ဖြစ်တယ်။
အင်ကြင်းနိုင်။ ။ ICC ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း အာဂျင်တီနား လူ့အခွင့်အရေးရှေ့နေ Tomas Quintana က ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း ICC ဖမ်းဝရမ်း ထုတ်ထားတဲ့ ရုရှား၊ အစ္စရေး ခေါင်းဆောင်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ဘာမှမဖြစ်ဘူးလို့ ထင်ရပေမဲ့ ICC ခုံရုံးရဲ့ ပြဌာန်းချက်တွေကို လိုက်နာတဲ့ နိုင်ငံပေါင်းများစွာ ရှိနေတယ်ဆိုတဲ့အချက်ကို Quintana က အခုလို သတိပေးသွားပါတယ်။
Tomas Quintana ။ ။ မကြာသေးခင်နှစ်တွေအတွင်း နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ဆန့်ကျင်မှုတွေ တိုးလာတာကို ကျနော်တို့ တွေ့မြင်ရမှာပါ။ အထူးသဖြင့် အမေရိကန်နဲ့ အခြားနိုင်ငံတွေ ဖြစ်ပါတယ်။ ဒါကလည်း လက်တွေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်မှန်တွေပါ။ ဒါပေမယ့်လည်းပဲ ICC ခုံရုံးကို ဖွဲ့စည်းခဲ့တဲ့ ရောမဥပဒေ ရှိနေပြီး နိုင်ငံတွေအနေနဲ့ ဒါကို လေးစားလိုက်နာဖို့ တာဝန်ရှိနေတဲ့ အချက်ဟာ အရေးကြီးပါတယ်။ အဲဒီအထဲမှာ စွဲချက်တင်ခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာလိုမျိုး ဖြစ်ရပ်တွေဟာ တရားမျှတမှု ရရှိရေး ပံ့ပိုးကူညီပေးဖို့အချက် ပါဝင်နေပါတယ်။ ၂၀၁၇ ခုနစ်က အဖြစ်အပျက်တွေ ဘယ်လောက်ဆိုးရွားသလဲဆိုတာကို ICC ရှေ့နေချုပ်က အသိအမှတ်ပြုပြီးတော့ ဖမ်းဝရမ်း ထုတ်ပေးဖို့ လျှောက်ထားချက်ဟာ အလွန်အရေးကြီးပါတယ်။ တရားမျှတမှုရဖို့ အချိန်ရှည်ကြာပြီး စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပေမယ့် လူသားထုအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်လို ကမ္ဘာတဝှမ်းမှာ ပြစ်မှုကျူးလွန်သူအားလုံးကိုကော ရက်စက်ကြမ်းကြုတ်မှု ဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသူတွေအတွက် အရေးပါတဲ့ သတင်းစကားကတော့ လမ်းခရီး မည်မျှပင်ခက်ခဲစေကာမူ တရားမျှတမှု ရရှိစေနိုင်တယ်ဆိုတဲ့ သတိပေးချက် ဖြစ်ပါတယ်။
မေး ။ ။ ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့နဲ့ ဒါမှမဟုတ် ဖမ်း၀ရမ်းထုတ်ခဲ့တယ်ဆိုရင် လက်တွေ့မှာ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။
Tomas Quintana ။ ။ အဓိကစိန်ခေါ်မှုကတော့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ် မပြုတဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေ ရှိနေတာပါ။ အဲဒီအတွက် ICC ရဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေကို ရှုပ်ထွေးစေပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာရာဇ၀တ်မှု ဥပဒေနဲ့ ICC ရဲ့ အခြေခံမူတွေကို လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံပေါင်းများစွာ ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် စွဲချက်တင်ထားတဲ့ ရာဇ၀တ်မှုတွေထဲမှာ - ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ နေရပ်ကနေ အတင်းအကျပ် မောင်းထုတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို သက်သေအထောက်အထား အခိုင်အလုံနဲ့ စုဆောင်းမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
အဲဒီတော့ သမိုင်းကြောင်းအရကြည့်ရင် ICC ဖမ်းဝရမ်း ထုတ်ခံထားရသူတွေ ဖမ်းဆီးခံခဲ့ရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ချီလီအာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေးဟာ အာဏာအရှိန်အ၀ါ ကြီးမားခဲ့ပေမဲ့ ဗြိတိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အလားတူပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်း ထုတ်ခဲ့မယ်ဆိုရင် ICC ခုံရုံး ပြဌာန်းချက်တွေကို လိုက်နာတဲ့နိုင်ငံတွေကို ခရီးသွားမယ်ဆိုရင် အရေးယူခံရနိုင်ပါတယ်။ ဒီအတွက် စိန်ခေါ်မှု အခက်အခဲတွေ ရှိနေတယ်ဆိုပေမဲ့ ရာဇ၀တ်ကျူးလွန်သူတွေဟာ တနေ့တချိန်မှာ သူတို့ ကျူးလွန်ခဲ့တာတွေအပေါ် တာ၀န်ခံမှုကို ရင်ဆိုင်ရမယ်ဆိုတာ အထင်အရှား ပေါ်လွင်နေပါတယ်။
Forum