သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆပ်ရမယ့် တန်ဖိုးကြီးမားတဲ့ တရုတ်အကူအညီ


Jason Tower (အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး)
Jason Tower (အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး)

တရုတ်က ပေးတဲ့အကူအညီမှာ ပြန်ပေးဆပ်ရမယ့် တန်ဖိုးက စစ်ကောင်စီအတွက် အတော်ကြီးမားကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်အကြီးတန်းသုတေသီ Jason Tower က ဗွီအိုအေကို ပြောပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တရုတ်က အကူအညီပေးခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းကကြေညာခဲ့တာပါ။

အွန်လိုင်းကနေ ငွေလိမ်လည်မှုအပါအဝင် အခြားနိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေကို နှိမ်နင်းနေပါတယ်ဆိုတဲ့ စစ်ကောင်စီ အတွက် သူ့လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်က အရေးပါသူတွေနဲ့ လောက်ကိုင်မှာ အာဏာရှိသူတွေကို တရုတ်နိုင်ငံက ထပ်ပြီး ဖမ်းဝရမ်းထုတ်လိုက်တဲ့အပေါ် စစ်ကောင်စီ ဘာဆက်လုပ်မလဲ။ တရုတ်အကူအညီနဲ့ လုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဆွေးနွေးပွဲ နောက်ခံအကြောင်းအရင်းတွေက ဘာတွေလဲ။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

"အခုလို ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဆွေးနွေးတာ၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်မှာပြုလုပ်တဲ့ ဒေသတွင်းအစည်းအဝေးကို သွားတက်တာ စတာတွေ ဖြစ်ပေါ်လာပေမဲ့ တရုတ်ဘက်က နောက်ထပ် ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် ၁၀ ဦးကို ဖမ်းဝရမ်း ထပ်ပြီးထုတ်လိုက်ပါတယ်။ လောက်ကိုင်မှာ အဓိကသြဇာရှိတဲ့ သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး သူတို့ဆီလွှဲပြောင်းဖို့ တရုတ်က လိုလားနေတာပါ။ ဆိုက်ဘာရာဇဝတ်မှုတွေကို အဓိကကျူးလွန်သူတွေကို ကိုးကန့်ဒေသကနေတဆင့် တရုတ်ကိုလွှဲပြောင်းနိုင်ရေး လောက်ကိုင်ကို ပိတ်ဆို့ထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းကြတယ်လို့ ထင်ပါတယ်။ ကိုးကန့် နယ်ခြားစောင့်တပ်က အရေးပါသူတွေအားလုံး တရုတ်ကို လွှဲပေးမယ်၊ ပြီးရင် MNDAA က လောက်ကိုင်ကို သိမ်းမယ်၊ စစ်ကောင်စီတပ်တွေက ထွက်ပေးမယ်ဆိုတဲ့အချက်တွေ သဘောတူညီခဲ့ကြတယ်လို့ ကျနော်မြင်ပါတယ်။ တဘက်မှာလည်း တရုတ်မြင်ချင်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမယ်။"

ဒါပေမဲ့လဲ ကိုးကန့် MNDAA အတွက် အကြပ်ရိုက်စေတဲ့အချက်ကိုလည်း Jason Tower က အခုလို ထောက်ပြပါတယ်။

"MNDAA က အပစ်အခတ်ရပ်စဲရေး သဘောတူမယ်ဆိုရင် သူ့အတွက် အကျပ်အတည်းဖြစ်စေတာက စစ်ဆင်ရေး ၁၀၂၇ အစမှာ မဟာမိတ်တွေကို ကတိပေးခဲ့တဲ့အတိုင်း နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ ပူးပေါင်းပါဝင်မယ်ဆိုတဲ့အချက်ကို ချိုးဖောက်ရာရောက်သွားမယ့် အခြေအနေပါ။ MNDAA ဘက်ကလည်း သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ မဟာမိတ်တွေရဲ့ အကူအညီရဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းမယ်လို့ ကတိပေးထားတာပါ။ ဒါကြောင့် နယ်စပ်တည်ငြိမ်ရေး လိုလားနေတဲ့ တရုတ်ရဲ့ အကူအညီနဲ့ ညီနောင်သုံးဖွဲနဲ့ စစ်ကောင်စီကြား ဘယ်လိုပုံစံမျိုးနဲ့ သဘောတူညီချက်တွေပဲ ရခဲ့ပါစေ တကယ်ပဲ တည်ငြိမ်အောင် လုပ်နိုင်မှာလားဆိုတဲ့ မေးခွန်းကတော့ ရှိနေပါတယ်။"

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် လောက်ကိုင်ကို MNDAA သိမ်းပိုက်ဖို့ ပြင်နေတော့ ပိတ်မိနေတဲ့ မြန်မာစစ်သားတွေကို ကယ်ထုတ်ဖို့ စစ်ရေး ထွက်ပေါက်ရအောင် စစ်ကောင်စီက ကြိုးစားတဲ့အနေနဲ့ တရုတ်ကို အကူအညီတောင်းပြီးညှိနှိုင်းတာဆိုတဲ့ သုံးသပ်ချက်အပေါ်မှာ မြန်မာစစ်တပ်ရဲ့အနေအထားကိုရော ဘယ်လိုမြင်လဲ။

Jason Tower ။ ။ တရုတ်ဘက်က ဖမ်းဝရမ်းထုတ်လိုက်တဲ့ကိစ္စဟာ စစ်ကောင်စီအတွက် တကယ့်ကို အကျပ်အတည်းကြုံတွေ့ဖို့ ဖြစ်လာစေပါတယ်။ တရုတ်ရဲ့ ဖမ်းဝရမ်းထဲမှာပါတဲ့သူတွေဟာ လောက်ကိုင်မှာ အဓိက အာဏာရှိသူတွေ ဖြစ်ပါတယ်။ တကယ်လို့သာ စစ်တပ်က သူတို့ကို ဖမ်းရမယ်ဆိုရင် လောက်ကိုင်ကို ဘယ်လိုထိန်းမလဲ။ အဲဒီတော့ တရုတ်ရဲ့ ဖမ်းဝရမ်းကို စစ်တပ်က ဘယ်လိုလိုက်လျောမလဲဆိုတာ ကျနော် ဘယ်လိုမှ တွေးလို့မရဘူး။ အဲဒီလိုသာလုပ်ရင် စစ်ကောင်စီဘက်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက စစ်ကောင်စီဘက်က တရုတ်လိုလားသလို ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ အခွင့်အရေး ဆုံးရှုံးခဲ့တာပါ။ စစ်ကောင်စီဘက်က ဘယ်လို ကိုင်တွယ်နေသလဲဆိုတာ နေ့စဉ် သတင်းတွေထုတ်နေတာတော့ ရှိတယ်၊ ဒါပေမယ့် ထိရောက်မှုမရှိသလို ကျူးလွန်သူတွေကိုလည်း အရေးမယူတဲ့အတွက် တရုတ်က နောက်ဆုံးမှာ အရေးပါတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်က ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ တရုတ်အနေအထားမှာလည်း တဘက်က နယ်စပ်ကုန်သွယ်ရေး မတည်မငြိမ် ဖြစ်နေတာကို အတော်လေးစိုးရိမ်နေတယ်လို့ မြင်ပါတယ်။
ဒါကြောင့်လည်း ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့ နယ်စပ်ဒေသမှာ အနည်းဆုံးတည်ငြိမ်မှုရရေး နည်းလမ်းတချို့ရှာတဲ့အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ အထူးသဖြင့် ကိုးကန့် MNDAA ကို စစ်ကောင်စီနဲ့ သဘောတူညီချက်တခုခုရဖို့ ဖိအားတွေအများကြီး တရုတ်က ပေးနေပုံရတယ်။

အင်ကြင်းနိုင် ။ ။ အဲဒီတော့ တရုတ်ဘက်က စစ်ကောင်စီတောင်းတဲ့ အကူအညီကိုပေးရခြင်း နောက်ကွယ် အကြောင်းအရင်းကိုရော ဘယ်လိုမြင်လဲ။

Jason Tower ။ ။ မြန်မာစစ်ကောင်စီဘက်က အခုအချိန်မှာ အလွန်ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတာကတော့ ရှင်းပါတယ်။ ကိုးကန့်ဒေသမှာဆိုရင် MNDAA တပ်ကနေ လောက်ကိုင်ကို အပေါ်စီးက မြင်နေရတဲ့ မဟာဗျူဟာမြောက် တောင်ကုန်လေးကုန်က စခန်းတွေကို မကြာသေးခင်က သိမ်းယူခဲ့တာပါ။ ဒါကြောင့် MNDAA အနေနဲ့ လောက်ကိုင်ကို အချိန်မရွေး သိမ်းယူနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒီတော့ စစ်ကောင်စီဘက်က လောက်ကိုင်ကို MNDAA သိမ်းလိုက်တာကို မမြင်ချင်ပါဘူး။ တကယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးအရအောင်မြင်မှုဟာ နောက်ထပ် လှိုင်းလုံးကြီး တလုံးလိုမျိုး အခြားဒေသတွေကို ရိုက်ခတ်သက်ရောက်မှုရှိမှာကို မြန်မာစစ်တပ်က စိုးရိမ်ပုံရပါတယ်။ လောက်ကိုင်ကို စစ်တပ်က ဆုံးရှုံးလိုက်ပြီဆိုရင် သူတို့ရဲ့အင်အားဘယ်လောက် နည်းသွားပြီလဲဆိုတာအပြင် သူတို့ရဲ့ ဗျူဟာမြောက်ရပ်တည်ချက်ကို ဘယ်လိုမှ ထိန်းသိမ်းလို့ မရတော့ဘူးဆိုတဲ့ အရိပ်အရောင်ပေါ်မှာကို စစ်တပ်က စိုးရိမ်နေတာပါ။ ဒါကြောင့် စစ်ကောင်စီက တရုတ်ကို တတ်နိုင်သလောက် အကူအညီတောင်းပြီး တွေ့ဆုံဆွေးနွေးရေး တွန်းအားပေးဖို့ ကြိုးစားတယ်လို့ ကျနော်မြင်ပါတယ်။

ဒါပေမဲ့ တရုတ်ပေးမယ့် အကူအညီမှာ ပြန်ပြီးတောင်းဆိုတဲ့အရာကလည်း ကြီးမားပါတယ်။ ဆိုင်ဘာရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေဖြစ်တဲ့ ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး တရုတ်ကို လွှဲပြောင်းပေးရုံတင်မကဘူး သူတို့လိမ်လည်ထားသမျှ ဒေါ်လာငွေဘီလီယံလောက်ကိုလည်း ပြန်ပြီးလျော်ပေးရမယ့် သဘောမျိုး၊ တရုတ်က ပြောထားတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ကြားသိသမျှဆိုရင် သူတို့ တရုတ်နိုင်ငံသားတွေဆီကနေ ဒေါ်လာ ဘီလီယံနဲ့ချီပြီး လိမ်လည်ထားတဲ့ ငွေတွေကို ဒီရာဇဝတ်ဂိုဏ်းတွေ ပြန်ပြီးပေးလျော်ဖို့ တရုတ်က လိုလားနေတာပါ။ ဒါကြောင့် စစ်ကောင်စီက တရုတ်ကို အကူအညီတောင်းနိုင်ပါတယ်။ တရုတ်ကလည်း စစ်ခေါင်းဆောင်တွေကို တရုတ်မှာပြုလုပ်တဲ့ ဒေသတွင်း အစည်းအဝေးတွေကို ဖိတ်ကြားတာမျိုးတွေလုပ်ပါလိမ့်မယ်။ ဒါပေမယ့် တရုတ်ပေးမယ့် အကူအညီမှာ ပြန်ပြီးပေးရမယ့် ပမာဏကလည်း စစ်ကောင်စီအတွက် ကြီးမားပါတယ်။

အင်ကြင်းနိုင် ။ ။ တဘက်မှာလည်း စစ်ကောင်စီကို လိုလားသူတွေရဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ဝါဒဖြန့်မှုတွေအပေါ် ဘယ်လိုမြင်လဲ။ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်ပံ့ပိုးနေတယ်၊ မြန်မာပြည်ကြီး တရုတ်လက်ဝေခံရောက်အောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကိုရော ဘယ်လိုမြင်လဲ။

Jason Tower ။ ။ စစ်ကောင်စီ ကြိုးစားနေတာက တရုတ်ကို မြန်မာတွေက အမျက်ဒေါသထွက်နေတယ်ဆိုတာကို ပြဖို့ပါ။ ဒါပေမဲ့ စစ်ကောင်စီက သူတို့ဝါဒဖြန့်ဖို့အတွက် စည်းရုံးနေတာ လူတိုင်းသိပါတယ်။ မြောက်ပိုင်းပဋိပက္ခမှာ တရုတ်က ပါနေတယ်ဆိုပြီး တရုတ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကလည်း စစ်တပ်က စည်းရုံးထားသူတွေပါ။ ဒါကို တရုတ်ဘက်ကလည်း ကောင်းကောင်းသဘောပေါက်တယ်လို့ ကျနော်မြင်တယ်။ နောက်ပြီး စစ်ကောင်စီက သူတို့တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓါတ်အင်အားမြှင့်တင်ဖို့ သူတို့ အပြစ်မဟုတ်ပါဘူး။ တရုတ်ကြောင့် ဖြစ်ရတာပါဆိုပြီး တရုတ်ဆန့်ကျင်ရေး ကို အသုံးချနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီဘက်က တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အခုတော့ နောက်ပြန်ဆုတ်သွားပါတယ်။ ဘာလို့လည်းဆိုရင် တရုတ်ရဲ့ အကူအညီကို သူတို့လိုအပ်နေချိန်မှာ အခုလိုမျိုး ဝါဒဖြန့်လုပ်ရပ်တွေဟာ စစ်ကောင်စီရဲ့ မိုက်မဲမှုပဲလို့ ကျနော်မြင်ပါတယ်။

အင်ကြင်းနိုင် ။ ။ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း အဆက်အသွယ်မပြတ်ဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတဒူဝါးလာရှီးလက ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။ အဲဒီတော့ တရုတ်နဲ့ NUG ဆက်ဆံရေးကို ဘယ်လိုမြင်လဲ။

Jason Tower ။ ။ ဒီနေရာမှာ တရုတ်ဘက်က အဓိက အခွင့်အလမ်းကြီတခု ဆုံးရှုံးနေတယ်လို့ ကျနော်မြင်တယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ဆက်ဆံပြီးတော့ မြန်မာနိုင်ငံသားတွေအတွက်ပါမက ဒေသတွင်းအတွက်ပါ အကောင်းဆုံးနည်းလမ်း အဖြေရှာဖို့လမ်းကြောင်းကို တရုတ်က လွဲချော်နေပါတယ်။ မြန်မာစစ်တပ်ဟာ တည်ငြိမ်မှုကို ဖေါ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိတဲ့အပြင် သူတို့ကြောင့် မြန်မာနိုင်ငံမှာ ပိုပြီးမတည်မငြိမ် ဖြစ်နေတာပါ။ အခု တရုတ်က ရှမ်းမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး ဖိအားပေးမယ်ဆိုရင် ဥပမာ စစ်တပ်က ဒါကို အခွင့်ကောင်းယူပြီး အခြားနေရာဒေသတွေမှာ သူတို့အင်အားပိုကောင်းအောင် လုပ်နိုင်သလိုမျိုးဖြစ်သွားပြီး ပိုပြီးတိုက်ခိုက်တာတွေလုပ်ရင်၊ မတည်ငြိမ်မှုတွေ မြင့်မားစေမှာ ဖြစ်ပါတယ်။

အကယ်၍ တရုတ်က မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကိုသာမက NUG နဲ့ PDF အဖွဲ့တွေ၊ တောင်ပိုင်းနဲ့ အိန္ဒိယနယ်စပ်က အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့ဆက်ဆံပြီး သူ့ရဲ့ ချဉ်းကပ်မှုကို တိုးချဲ့သင့်ပါတယ်။ အခြားနိုင်ငံတွေအနေနဲ့လည်း အလားတူပါပဲ။ ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အကောင်းဆုံးနည်းလမ်းကို အဖြေရှာရေး ဝိုင်းဝန်းကြိုးပမ်းသင့်တယ်လို့ ကျနော်မြင်ပါတယ်။

အင်ကြင်းနိုင် ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက အခုလို စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ရဲ့ဆွေးနွေးပွဲရလာဒ်ရဲ့ အကျိုးသက်ရောက်မှုအပိုင်းကို ဘယ်လိုမြင်လဲ။

Jason Tower ။ ။ အခုထိတော့ အချက်ပြမှုတခုပဲလို့ ကျွန်တော်တို့ မြင်ပါတယ်။ အွန်လိုင်းကနေ ငွေလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို အပြတ်နှိမ်နင်းချင်နေတာကို တရုတ်က လေးလေးနက်နက် အချက်ပြလိုက်တာပါ။ အနည်းဆုံးတော့ ကိုးကန့်ဒေသ တစိတ်တပိုင်း တချို့လောက်မှာ ယာယီအပစ်အခတ်ရပ်ဆဲရေးအပါအဝင် သဘောတူညီချက်တချို့ကို နှစ်ဘက်စလုံး အကောင်အထည်ဖေါ်ဖို့ တရုတ်က လိုလားနေပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးပွဲပြီးသွားပြီးနောက်ပိုင်းမှာလည်း ကိုးကန့်မှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတာကို တွေ့နေရပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ရော အခြားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်အောင် ဒီဆွေးနွေးပွဲက လုပ်နိုင်ခြင်းမရှိပါဘူး။ လောက်ကိုင်နဲ့ ကိုးကန့်ဒေသမှာ ဘာတွေဖြစ်မလဲဆိုတာကို စောင့်ကြည့်ဖို့ အချိန်နည်းနည်းယူရမယ်လို့ ထင်ပါတယ်။ ကျနော်ဆိုလိုတာက တရုတ်က ကြေညာလိုက်တဲ့ နောက်ဆုံး ဖမ်းဝရမ်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တရုတ်ဖမ်းဝရမ်းထုတ်ခဲ့တဲ့ မြီမိသားစုကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်လက်ထဲ အပ်ခဲ့သလို လုပ်မှာလား။ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ အခု တရုတ်က ဖမ်းဖို့ပြင်နေသူတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်တွေဖြစ်နေတော့ သူတို့ကို စစ်ကောင်စီက ဖမ်းရင် ညီနောင်မဟာမိတ်သုံးဖွဲ့ကို ဦးဆောင်နေတဲ့ ကိုးကန့် MNDAA က ဘာမှ တိုက်စရာမလိုပဲ လောက်ကိုင်ကို အသာလေး သိမ်းယူရုံပါပဲ။ ဒါမှမဟုတ် တရုတ်ဖမ်းဝရမ်းထုတ်တဲ့သူတွေကို စစ်ကောင်စီက မဖမ်းပဲ လွတ်မြောက်အောင်အကူအညီပေးမယ်၊အရင်လိုပဲ တရုတ်ရဲ့ တောင်းဆိုချက်တွေကို လျစ်လျူပြုမယ်ဆိုရင်တော့ တရုတ်က ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကို အလေးသာမှာ အမှန်ပဲ။ မြန်မာစစ်ကောင်စီအတွက် အတော်လေး အကျပ်အတည်းတွေ့နေတဲ့ အခြေအနေ ရှိနေပါတယ်။ အဲတော့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းချက်တွေ ဘာတွေ ဘယ်လိုမျိုး ဖြစ်ပျက်နေလဲ၊ လာမယ့် ရက်ပိုင်းတွေအတွင်း ထွက်လာနိုင်တဲ့ အခြေအနေတွေကို စောင့်ကြည့်ရမှာပါ။

XS
SM
MD
LG