သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကို ကြောက်ရွံ့စိတ်နဲ့ စစ်ကောင်စီက ဖျက်သိမ်း


အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်
အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်

NLD ပါတီကို ဖျက်သိမ်းတဲ့ စစ်ကောင်စီရဲ့ နည်းဗျူဟာကိုကြည့်ရင် လူထု အပြည့်အဝထောက်ခံမှုရထားတဲ့ နိုင်ငံရေးပါတီအပေါ် စစ်တပ်ရဲ့ ကြောက်ရွံ့စိတ်အတိုင်းအတာကို မြင်နေရကြောင်း မြန်မာ့အရေးအကဲခတ် အမေရိကန် အငြိမ်းစား ဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။ ဆန့်ကျင်သူတွေကို ချေမှုန်းဖို့နဲ့ ပြည်သူတွေကို ပိုပြီးကြောက်ရွံ့အောင်လုပ်တဲ့ နည်းဗျူဟာကလည်း စစ်ကောင်စီ ရည်မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ရလာဒ်ကိုပဲ ဦးတည်နေတယ်လို့ ဆိုပါတယ်။ ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒေါက်တာမီမီဝင်းဘတ် ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အခုလိုမျိုး အချိန်ပေးပြီးတော့ VOA မြန်မာပိုင်းကို မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ စစ်ကောင်စီကနေ သူတို့ သတ်မှတ်ချက်တွေအရ NLD အပါအဝင် ပါတီပေါင်း (၄၀) ကို ဖျက်သိမ်းလိုက်တယ်။ သတ်မှတ်ချက်တွေ ကျော်လွန်သွားတဲ့ဆိုတဲ့ အတိုင်းအတာနဲ့ဆိုတော့ ဘာပဲပြောပြော NLD က အခုဆိုရင် ဖျက်သိမ်းခံရတဲ့ ပါတီ ဖြစ်သွားတယ်။ ဒီအပေါ် နိုင်ငံတကာကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ကြတယ်။ အထူးသဖြင့် ကုလသမဂ္ဂက မလိုလားအပ်တဲ့ ခြေလှမ်းဖြစ်ပြီးတော့ သူတို့ဘက်ကလည်း ဆက်လက်ပြီတော့ မြန်မာ့အရေးကို စောင့်ကြည့်ဆောင်ရွက်သွားမယ်ဆိုတာမျိုး နည်းနည်းပြင်းထန်တဲ့သဘောမျိုး တုံ့ပြန်ပြောဆိုလာတာတွေလည်း ရှိတော့ စစ်ကောင်စီက ဘာကြောင့် ဒီလို နောက်ဆုံး နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းရတာလဲ။ အထူးသဖြင့် NLD ပါတီကို ဖျက်သိမ်းတဲ့အဆင့်အထိ ဘာကြောင့်လုပ်လာတယ်လို့ ဒေါက်တာ မြင်ပါသလဲရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ ကျမ ဒီမေးခွန်းကို မဖြေခင်၊ ပထမဦးဆုံး ကျမရဲ့ disclaimer လေး ပြောပါမယ်။ ကျမ ဒီနေ့ပြောသွားတဲ့ဟာတွေအားလုံးက ပညာရှင်တယောက်အနေနဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ပြောတာပါ။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုပြီတော့ ပြောတာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီတော့ ဘာကြောင့် NLD လဲ။ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာကတော့ စစ်တပ်အတွက်က NLD ကို သူ အကြောက်ဆုံးပဲ။ သူတို့ အကြောက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ NLD က အများပြည်သူလူထုက ထောက်ခံပံ့ပိုး၊ ယုံကြည်တဲ့ ပါတီတခုဆိုတာကြောင့်ပါ။ နောက်တခုကတော့ ကျမ အရင်တုန်းက ပြောထားသလိုပါပဲ သူတို့ရဲ့ strategy မဟာဗျူဟာ အစကတည်းက ဒီလိုလုပ်လို့ရှိရင် တလွဲတွေကြီးပဲ။ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီတော့ တကမ္ဘာလုံးမှာ နည်းနည်းလေး ငြိမ်နေကြတယ်။ အခုတလော နည်းနည်းငြိမ်သွားတယ်။ ငြိမ်သွားတဲ့ဟာကို သူက ဒီလိုလုပ်လိုက်တဲ့အခါကြတော့ ပြန်ပြီတော့ ဆွသလိုမျိုး - တကမ္ဘာလုံးက မြန်မာနိုင်ငံအကြောင်း ပြန်ပြီတော့ ထောက်ခံလာတယ်။ ပြန်ပြီတော့ အလေးထားလာတယ်။ ဆိုတော့ ဒီအချိန်မှာ အရင်တုန်းကလည်း အဲဒီအတိုင်းပဲ သူတို့ရဲ့ ဗျူဟာက၊ မဟာဗျူဟာထဲမှာတော့ အရမ်းမှားတယ်။ အဲဒါကြောင့်လဲ ဒီလိုမျိုးတွေလုပ်တာ။ ဒီလိုလုပ်လေလေ ကမ္ဘာကလည်း လက်မခံဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဗျူဟာဆွဲတာက အကြောက်စိတ်နဲ့ဆွဲတာ။ NLD ကို သူတို့ အရမ်းကြောက်တယ်။ ဒါပါပဲ။

မေး ။ ။ အဲဒီတော့ အခုလို NLD က ဖျက်သိမ်းခံလိုက်ရတဲ့အတွက် တကယ်ပဲ NLD ပါတီရဲ့ ရပ်တည်ချက်က ပျောက်သွားမယ်လို့ ဒေါက်တာမီမီ သုံးသပ်ပါသလား။ ဘယ်လို ထင်ပါသလဲရှင်။

ဖြေ ။ ။ Politics နိုင်ငံရေးဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှု။ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပတ်သက်တယ်။ ဘယ်လောက်လောက် ဥပဒေတွေဆွဲဆွဲ၊ ဟိုဆွဲဒီဆွဲ ဒီဥပဒေကလည်း စစ်တပ်ဆွဲလိုက်တဲ့ ဥပဒေကိုလည်း လူတွေက မယုံကြည်ဘူး။ တကယ်လဲ သူတို့လုပ်ချင်ရာ လုပ်တယ်လို့ လူတိုင်းက နားလည်တယ်။ ဆိုတော့ သူတို့ဘာသာ သူတို့ ပြောချင်ရာပြော၊ လူတွေက သူတို့ဘာသာ သူတို့ယုံကြည်ထိုက်တဲ့၊ ယုံကြည်နိုင်တဲ့ ပါတီကို သူတို့ အမြဲထောက်ခံနေမှာပဲ။ ဆိုတော့ စစ်တပ်က အရင်ကတည်းကပြောတယ် နိုင်ငံရေးကို သူတို့ လုံးဝနားမလည်ဘူး။ သူတို့ဆီမှာ နည်းလမ်းတခု ရှိတာက၊ Fear ကြောက်စိတ်။ သူများကို ကြောက်အောင်လုပ်မယ်၊ သူတို့ရဲ့ လုပ်တဲ့ဟာက ကြောက်စိတ်နဲ့ ဗျူဟာဆွဲတယ်။ အဲဒါကြောင့်မို့ သူတို့ လုပ်ချင်လုပ်လိမ့်မယ်၊ ဒါပေမဲ့ ပါတီက လူတွေရဲ့ support ထောက်ခံမှု ရနေသမျှပတ်လုံး ပြည်သူတွေရဲ့ အချစ်၊ ပြည်သူတွေရဲ့ ယုံကြည်မှု ရှိနေသမျှကာလပတ်လုံး ဒီပါတီက ဘာမှမပျောက်သွားဘူး။

မေး ။ ။ စစ်ကောင်စီက အခု သူတို့သွားနေတဲ့လမ်းကြောင်း၊ သူတို့သွားနေတဲ့ လမ်းကြောင်းက အထူးသဖြင့် စစ်တပ်ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အတိအလင်း၊ အတိအကျ ပြောသွားတဲ့ထဲမှာတော့ သူ့ကိုဆန့်ကျင်တဲ့ အင်အားစုတွေ၊ အထူးသဖြင့် NUG, PDF တို့ကို ချေမှုန်းသွားမယ်။ ဒီဟာတွေကို သူပြောသွားတယ်ဆိုတော့ အခုဆိုရင် တိုင်းပြည်က တော်တော်လေး အခြေအနေဆိုးတယ်ဆိုတာလည်း သိနေရဲ့သားနဲ့ အခုက ဒီလမ်းကြောင်းကိုပဲ ဆက်ပြီးသွားမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ထုတ်ဖော်ပြောဆိုချက်၊ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး၊ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ သူလုပ်လိုက်တာနဲ့ မြန်မာနိုင်ငံ တနိုင်ငံလုံးလည်း ပျက်စီးတယ်။ နောက်ပြီတော့ စစ်တပ်ကိုလည်း သူ ဖျက်ဆီးလိုက်တယ်။ အခုဆိုရင် လူတွေက စစ်တပ်ကို တပ်မတော်လို့တောင် မခေါ်ချင်ကြတော့ဘူး။ တကယ်နာကျင် မုန်းတီးရုံမက ရွံသွားကြတယ်။ အခု ပြန်ကြည့်လိုက်ရင် တော်တော်များများ စစ်တပ်ထဲမှာရှိတဲ့ စစ်ဗိုလ်တွေ၊ စစ်သားတွေအားလုံးက သူတို့က စစ်သည်တော်တွေပါလို့ ပြောရမှာကို အရမ်းရှက်တယ်။ သူတို့ မပြောရက်ဘူး၊ မပြောနိုင်ဘူး။ မပြောချင်ကြဘူး။ အဲဒီလိုဖြစ်ကတည်းက စစ်တပ်က တကယ် professional စစ်တပ် မဟုတ်တော့ဘူး။ ဒီဗျုဟာတွေက criminal organization ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းတွေ လုပ်တဲ့ လုပ်ရပ်တွေ။ အဲဒီလိုလုပ်လေလေ ပြည်သူတွေက ပိုပြီတော့ မခံနိုင်လေလေ ဖြစ်တယ်။ အဲဒီအထဲက ဒီလိုလုပ်ကတည်းက ကျမတို့သိတယ် စစ်တပ်ထဲမှာရှိတဲ့ လူတွေက criminal organization ရာဇဝတ်ဂိုဏ်းအဖွဲ့တွေက ဝင်လာတာ။ တော်တော်များများလည်း ပြောကြပါတယ် - ကျမ သူတို့ကို အင်တာဗျူးလုပ်တဲ့အခါမှာ။ နောက်ထပ်ထပ်ဖြည့်လာတဲ့ စစ်သားတွေက ထောင်ထဲကနေ လွှတ်ပြီးတော့ တကယ့် hardcore criminals သူခိုး၊ ဓါးပြတွေကို သူတို့ထဲကို ထည့်ထားတာဆိုတော့ အဲဒီကတည်းက သူခိုး ဓါးပြတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်က သူခိုး ဓါးပြစစ်တပ် ဖြစ်သွားတာပေါ့။

မေး ။ ။ အခုဆိုရင် စစ်တပ်၊ စစ်ကောင်စီက သူကို ဆန့်ကျင်နေကြတဲ့ နေရာဒေသတွေ။ အထူးသဖြင့် စစ်ကိုင်း၊ ချင်း၊ ကရင်နီတို့ ဒေသတွေမှာ သူတို့ရဲ့ ဖိနှိပ်မှုဗျူဟာ သူတို့ ကျင့်သုံးတဲ့ ဗျူဟာကဆိုရင် တော်တော်လေးကို ပြင်းထန်တဲ့ အင်အားသုံးပြီးတော့ နှိမ်နင်းနေတယ်ဆိုတဲ့ အနေအထား သတင်းတွေမှာလည်း တွေ့ရတဲ့အခါကြတော့ အကျိုးဆက်တွေက ဘာတွေဖြစ်မလဲရှင့်။

ဖြေ ။ ။ အဲဒီဥစ္စာက သူတို့ အသုံးချတာ ဘာကြောင့် ဒီလိုလုပ်သလဲ။ အဲဒါက သူတို့က ပြည်သူလူထု အကြောက်စိတ်ဝင်အောင် လုပ်တာ။ ဘာဖြစ်လို့လဲဆိုတော့ တကယ် စစ်တပ်တခုနဲ့ စစ်တပ်တခု ပြိုင်ပြီတော့ ယှဉ်တိုက်လို့ရှိရင် သူတို့ မနိုင်တော့ဘူးဆိုတော့ ဘာလုပ်လဲဆိုတော့ အပြစ်မဲ့တဲ့ ဘာမှမလုပ်နိုင်တဲ့ ပြည်သူလူထုကို သူတို့ သွားအနိုင်ကျင့်တာ။ ဒါပေမဲ့ ပြည်သူလူထုက အဲဒီလိုမျိုး အရမ်းလုပ်လာလို့ရှိရင် ပြည်သူလူထုက အကြောက်စိတ်ကနေ မုန်းတီးမှုကို ရောက်သွားတယ်။ အဲဒီလို ဖြစ်သွားတာ။ ပြောရမယ်ဆိုတရင် ပြည်သူလူထုဘက်က ဖောင်ဖျက်တယ်ဆိုတဲ့ ပုံစံ ဖြစ်သွားတာပေါ့။ ပြည်သူလူထုက ငါတို့မှာ ဘာမှမရှိတော့ဘူးဆိုရင် ပြန်ချမယ်။ မရရတဲ့နည်းနဲ့ ပြန်ချဆိုတဲ့ အဲဒီစိတ်က ဝင်သွားတယ်။ မြန်မာနိုင်ငံမှာတင်မက တခြားနေရာမှာ အားလုံးတွေ့ဖူးတယ်။ ဒီလိုမျိုး လုပ်လို့ရှိရင် ဒီလိုပဲ တုံ့ပြန်မှုက ဖြစ်တယ်။ အဲဒီလို ဖြစ်ကတည်းက အခုနပြောသလိုမျိုး ပါတီတွေကို ဖျက်လိုက်တယ်က အရေးမကြီးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ဆွဲဆောင်ရတာ။ ဒီလိုမျိုး ဟိုသွားဒီသွားနဲ့ သတ်လိုက်ဖြတ်လိုက်ဆို ဘယ်လိုမှ ဆွဲဆောင်မနိုင်ဘူး။ သူတို့ရဲ့စိတ်ကို ဆွဲဆောင်လို့ မရတော့ဘူး။ ဒီဘက်က ပြည်သူလူထုဘက်က စိတ်ဓါတ်က ပိုပြီးတော့ ပြင်းသွားပြီ။ ဒီလိုခံလိုက်ရတဲ့အတွက်ကြောင့် - ဘာလို့လဲဆိုတော့ သူတို့မှာ ဘာမှနောက်ထပ် ဆုံးရှုံးစရာတွေ မရှိတော့ဘူး။ နောက်ဆုံးဖြစ်သွားပြီ။ Extremism အစွန်းရောက် ဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူတို့ကို အသေခံပြန်တိုက်တော့မယ်။ အခုဆိုရင် ဟိုတနေ့က စစ်တမ်းတခုကပြတာ - ၉၁ ရာခိုင်နှုန်း စစ်တပ်ကို လုံးဝလက်မခံဘူးလို့ ထွက်လာတယ်။ ၉ ရာခိုင်နှုန်းကတော့ လက်ခံတယ်လို့ ထွက်တယ်။ အဲဒီလိုမျိုး ၉၀ ရာခိုင်နှုန်းက ကိုယ့်ကိုယ် ဆန့်ကျင်တယ်ဆိုရင် ဒီနိုင်ငံကို ဘယ်လိုမှ အုပ်ချုပ်လို့ မရဘူး။

မေး ။ ။ အခုဆိုရင် လူအများစုက ထင်ထားတယ်။ ရုရှားသမ္မတ ပူတင်လိုမျိုး ICC ကနေ ဖမ်းဝရမ်း - စစ်ရာဇဝတ်မှု ကျူးလွန်သူဆိုပြီး ဖမ်းဝရမ်း ထုတ်လိုက်မယ်လို့ မထင်ထားခဲ့ကြဘူး။ အခုနောက်ဆုံးမှာတော့ ICC ကနေ ရုရှားသမ္မတ ပူတင်ကိုတောင် ဖမ်းဝရမ်းထုတ်တဲ့အဆင့် ရောက်လာတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာကော အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ သူ့ကို ICC ဘက်က ဖမ်းဝရမ်း ထုတ်လာဖို့ဆိုတဲ့ တောင်းဆိုချက်တွေက တကယ်ဖြစ်လာဖို့ ရှိလားရှင့်။

ဖြေ ။ ။ ပူတင်ကိုတောင် လုပ်နိုင်လို့ရှိရင် မင်းအောင်လှိုင်ကို ပိုပြီးတော့ လုပ်နိုင်တာပေါ့။ ဆိုတော့ လာလိမ့်မယ်။ ဒီမှာလည်း အများကြီးပဲ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဖွဲ့တွေက အများကြီးပဲ။ သူတို့မှာ ဒေတာ အချက်အလက်တွေလည်း အများကြီးရှိတယ်။ တကယ့်သက်သေတွေ၊ အချက်အလက်တွေ အများကြီးရှိတယ်ဆိုတော့ အခု ပူတင်ကို တင်လိုက်ပြီဆိုတော့ နောက်တဆင့်ကတော့ မင်းအောင်လှိုင် ဖြစ်မှာပဲ။ မင်းအောင်လှိုင်နဲ့ သူ့နားတဝိုက်မှာ ရှိနေတဲ့ တချို့တွေ စစ်ဗိုလ်ချုပ်တွေလည်း ပါလိမ့်မယ်။

မေး ။ ။ အခုနောက်ဆုံး အမေရိကန်ပြည်ထောင်စုကတော့ မြန်မာစစ်တပ်ကို ထပ်ပြီတော့ ပိတ်စို့အရေးယူတဲ့ထဲမှာ လေယာဉ်လောင်စာဆီတွေ၊ ရောင်းချနေတဲ့ကိစ္စတွေ၊ အထူးသဖြင့် ပံ့ပိုးနေတဲ့ လုပ်ငန်းရှင်တွေ၊ နောက် လုပ်ငန်းတွေကို သူတို့ ထပ်ပြီးပိတ်စို့အရေးယူတယ်။ အဲဒီအရေးယူတဲ့အပိုင်းမှာ တချို့ကလည်း ထိရောက်မှု မရှိဘူးလို့ ထောက်ပြကြတယ်။ တချို့ကတော့ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတခုဆိုပြီး မြင်ကြတာလည်း ရှိတယ်ဆိုတော့ ဒေါက်တာမီမီရဲ့ အမြင်က ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ Sanction ပိတ်စို့မှုကတော့ message ပြသမှုက လက်မခံတဲ့သဘော ဖြစ်တယ်။ ပိတ်စို့မှုလုပ်တာကို တကယ်ပြည့်ပြည့်စုံစုံ လိုက်ပြီတော့ တည်ဆောက်တဲ့အခါမှာတော့ နည်းနည်းခက်ခဲတာပေါ့။ ဒါပေမဲ့လည်း သူတို့ရဲ့ supplies အထောက်အပံ့တွေ ရနိုင်တဲ့ဟာ တော်တော်နည်းသွားတာပေါ့။ အားလုံးအပြည့်အစုံ မဖြတ်တောက်သည့်နိုင်အောင်၊ မဖြစ်နိုင်ပေမယ့်လည်း တော်တော်များများ ဖြတ်နိုင်သွားပြီ။ ဆိုတော့ သူတို့ရဲ့ capability လုပ်ဆောင်နိုင်မှုတွေ လျှော့ချလိုက်တာနဲ့တူတယ်။ ဆိုတော့ မရှိတာထက် ရှိတာ ပိုကောင်းတယ်။ ဒါပေမဲ့ ပိတ်စို့ထားတာတွေကို ဘယ်လို ပိုပြီးတော့ ပြည့်ပြည့်စုံစုံ တည်ဆောက်ရမလဲဆိုတဲ့ နည်းလမ်းကိုတော့ နည်းနည်းပိုရှာဖို့ လိုတာပေါ့။

မေး ။ ။ အခု NUG ဘက်က ပြောထားတာက ဒီနေ့ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ ဆုံးဖြတ်မယ့်နှစ် ဆိုပြီတော့ ကြေညာထားတာ ရှိတယ်။ တဘက်မှာလည်း စစ်ခေါင်းဆောင်တွေဘက်ကလည်း သူတို့ သဘောထားကို တင်းတင်းမာမာ ရှိနေကြောင်း သူတို့ ဆက်ပြီးတော့ ဖိနှိပ်သွားမယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ကိုလည်း အတိအလင်းလည်း ကြေညာထားတာဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီတော့ မျှော်လင့်ချက် ဒေါက်တာမီမီ ဘယ်လိုမြင်မိသလဲရှင့်။

ဖြေ ။ ။ ကြည့်လိုက်လို့ရှိရင် နှစ်ခု ဖြစ်ရမယ်။ တစ်လမ်းက စစ်တပ်ကို တော်လှန်ရေးဘက်က တော်တော်နာအောင် စစ်တိုက်နိုင်လို့ရှိရင် negotition တွေ့ဆုံဆွေးနွေးရေးစားပွဲကို ရောက်လို့ရှိရင် အပေါ်စီးနဲ့ စေ့စပ်ပြောဆိုလို့ရတယ်။ ဒါမှမဟုတ်လို့ရှိရင် စစ်တပ်က အခုချက်ချင် ရှိနေတဲ့ဟာတွေကို လူတွေကို သတ်ဖြတ်နေတဲ့ဟာတွေကို အားလုံးရပ်တန့်ပြီတော့ နိုင်ငံရေးခေါင်းဆောင်တွေကို လွတ်ပေးလိုက်လို့ရှိရင်လည်း စကားပြောဆိုနိုင်တဲ့အဆင့်ကို လုပ်လို့ရတယ်။ ဆိုတော့ အဲဒီနှစ်လမ်း။ ဒါပေမဲ့ စစ်ဆုံးတာကတော့ များသောအားဖြင့် စေ့စပ်ဆွေးနွေးရေးစားပွဲမှာပဲ အဆုံးသတ်ကြတယ်။ ဒုတိယကမ္ဘာစစ်မှာလည်း ဂျပန်လက်နက်ချတဲ့အခါမှာလည်း စေ့စပ်ဆွေးနွေးရေးပါပဲ။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးရေး လုပ်တဲ့အခါကြတော့ ဂျပန်စစ်တပ်က တော်တော်လေးကို ကျဆုံးသွားတဲ့အခါကြတော့ စေ့စပ်ဆွေးနွေးရေး လုပ်တဲ့အခါမှာ မဟာမိတ်ဘက်က အပေါ်စီးကနေ စေ့စပ်ဆွေးနွေးရေး လုပ်လို့ရတယ်။ ဆိုတော့ အခုအချိန်မှာ နှစ်မျိုး လုပ်လို့ရတယ်။ စစ်တပ်ကို အထိနာစေပြီတော့ ဆွေးနွေးရေး သွားမလား။ ဒါမှမဟုတ် စစ်တပ်ကနေ သူ့ဘာသာ ရွေးချယ်ပြီး - အာဆီယံက ပြောထားတဲ့အတိုင်း ပထမအချက်က အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့။ လူတိုင်းကပြောတယ် - နှစ်ဘက်စလုံး လုပ်ကြတယ်။ နှစ်ဘက်လုံး လုပ်နေတာက မတူဘူး။ တော်လှန်ရေးဘက်က လုပ်နေတာက စစ်တပ်ဘက်က လုပ်လိုက်လို့ ပြန်လည်တုံ့ပြန်ကြတာ။ စစ်တပ်က ဒီလိုမျိုး မလုပ်တော့ဘူးဆိုရင် ဒီတုံ့ပြန်မှုက ရပ်သွားလိမ့်မယ်။ ဆိုတော့ နှစ်ဘက်လုံး လုပ်ပါတယ်ဆိုတာ နှစ်ဘက်လုံးက အတူတူ မဟုတ်ဘူး။ စစ်တပ်ဘက်က ပိုပြီးတော့ တာဝန်ကြီးတယ်။ သူတို့ တကယ်လို့ ရပ်လိုက်လို့ရှိရင် စေ့စပ်ဆွေးနွေးဖို့ အခြေအနေ ဖြစ်လာလိမ့်မယ်။ မင်းအောင်လှိုင် ပြောသွားတဲ့ဟာက ပိုဆိုးသွားမှာ ဖြစ်မယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ်ရှင်။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးသွားတဲ့ ဒေါက်တာမီမီဝင်းဘတ်ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျေးဇူးပါ။

==== Unicode =====


















XS
SM
MD
LG