သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်ဖြစ်သူလွတ်မြောက်ရေး လှုပ်ရှားနေတဲ့ Kim Aris နဲ့ ဗွီအိုအေ


ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူ Kim Aris
ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူ Kim Aris

မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအပါအဝင် မြန်မာပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက်အရေးယူရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် ရပ်တည်ပေးဖို့ သားဖြစ်သူ Kim Aris က တောင်းဆိုလိုက်ပါတယ်။ သူကိုယ်တိုင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသားတွေနဲ့ လက်တွဲပါဝင်နေတာပါ။ မအင်ကြင်းနိုင်က Zoom ကနေ Kim Aris ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Ingyin: အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်ပေါင်း ၃၀ နီးပါး ချမှတ်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ Kim အနေနဲ့ သတင်းမီဒီယာတွေနဲ့ မကြာခဏ တွေ့ဆုံမေးမြန်းတာတွေ လုပ်တာတွေ့ရပါတယ်။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတဦးအနေနဲ့ ဒါမျိုးမရှိခဲ့ဘဲနဲ့ အခု သတင်းမီဒီယာတွေနဲ့ရော အများပြည်သူတွေနဲ့ပါ ထိတွေ့ဆက်ဆံလာတာ ဘာကြောင့်ပါလဲ။

Kim: မြန်မာနိုင်ငံမှာ အာဏာသိမ်းစကတည်းက ကျနော့်အမေနဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ သူ ဘယ်မှာရှိနေသလဲဆိုတာကို စစ်ကောင်စီကို ကျနော် အမြဲဆက်သွယ်မေးမြန်းပေမယ့် သူတို့က ဖြေကြားခြင်း မရှိသလို၊ သူ့ကို ဘယ်လိုနည်းလမ်းနဲ့ ဆက်သွယ်လို့ရသလဲဆိုတာကိုလည်း မပြောပါဘူး။ ဒါကြောင့် အမေ့ကို ဆက်သွယ်နိုင်မယ့် အခြားနည်းလမ်းဆိုတာ မရှိတော့ပါဘူး။ ကျနော့် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပါတယ်။ နောက်ပြီး မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်တပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မြင်ရတဲ့သူတိုင်း မျက်စိပိတ်ထားနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း လောလောဆယ်မှာ မြန်မာနိုင်ငံအတွက် အများကြီးလုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေမျိုးလည်း မရှိပါဘူး။ အဲတော့ ကျနော့်အမေ လွတ်မြောက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အလွန်အမင်း လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးဖို့ အခြားသူတွေ လုပ်ဆောင်ပါလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော့်အနေ ငုတ်တုတ်ထိုင်နေလို့ မရတော့ပါဘူး။ နောက်ပြီး ကျနော့်အမေကို နေအိမ်အကျယ်ချုပ် ပြောင်းထားတယ်ဆိုတဲ့ သတင်းတွေလည်း မမှန်ပါဘူး။ ကျနော့် သိသလောက် သူ့ကို နေပြည်တော် အကျဉ်းထောင်ထဲမှာပဲ ဆက်ပြီး ထားတာတာပါ။ စစ်တပ်ကတော့ အရင်ကအတိုင်း မှားယွင်းတဲ့သတင်းတွေနဲ့ ဝါဒဖြန့်တဲ့ နည်းပရိယာယ်ကို အကြိမ်ကြိမ်အသုံးပြုနေတာပါ။

Ingyin: ဒေါ်အောင်ဆန်းစုကြည်က သူ့သားတွေကို နိုင်ငံရေးမှာ မပါဝင်စေချင်ဘူးလို့ ပြောထားတာပါ။ အဲဒါဘာကြောင့်လည်းဆိုတာ Kim သိလား။

Kim: မိခင်တွေရဲ့ သဘာဝအတိုင်း ကိုယ့်သားသမီးတွေကို ကာကွယ်ဖို့ ဆိုတဲ့အချက်ကတော့ သေချာပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် သူကိုယ်တိုင်လည်း အန္တရာယ်ရှိနေတာပါ။ သေချာတာက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတာတွေကို အကြိမ်ပေါင်းများစွာ သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရတာ၊ နောက် ကျနော့်အဖိုး သူ့အဖေကို လုပ်ကြံသတ်ဖြတ်ခဲ့တာကိုလည်း တွေ့ကြုံခဲ့ရတာဆိုတော့ အန္တရာယ်တွေများတယ်လို့ သူ့စိတ်ထဲမှာ ရှိနေပုံရပါတယ်။

Ingyin: Kim အနေနဲ့ ကိုယ်ရေးကိုယ်တာအကြောင်း သိပ်မပြောချင်ဘူးဆိုတာကို တော်တော်များများ သိကြပါတယ်၊ ဒါပေမဲ့လဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Kim ကလေးဘဝအရွယ်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး နိုင်ငံရေးမှာ ဦးဆောင်လှုပ်ရှားနေခဲ့တာဆိုတော့ မိခင်မရှိပဲ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို လူငယ်ပရိသတ်တွေအတွက် ပြောပြပေးလို့ရမလား။

Kim: တခါတလေ ကျနော်တို့ မိသားစုနဲ့ ပတ်သက်ရင် အမေ့ကို နေစိမ့်နိုင်သူတဦးလို ပုံဖေါ်ကြတာကို ကျနော်အရမ်းပဲ ဒေါသထွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော့်ဖခင် ဆုံးပါးခါနီး နောက်ဆုံးရက်တွေမှာ အဖေ့အနားမှာ ကျနော် တချိန်လုံးပြုစုနေခဲ့တာပါ။ ဒါကြောင့် ကျနော်သိနေတာက မြန်မာပြည်မှာရှိနေတဲ့ အမေ့ကို အဖေက ပြန်မလာစေချင်ပါဘူး။ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေ စွန့်လွှတ်ပြီး မြန်မာပြည်မှာ အမေရှိနေတာကို အဖေက နားလည်ပါတယ်။ အဖေ့ဆန္ဒက သူပဲ မြန်မာနိုင်ငံကို သွားပြီးတော့ သူ့ရဲ့ နောက်ဆုံးရက်တွေမှာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ အမေနဲ့ အတူ ဖြတ်သန်းချင်ခဲ့တာပါ။ ဒါပေမယ့် နှလုံးသားမရှိတဲ့ သနားကြင်နာမှုမရှိတဲ့ စစ်ဗိုလ်ချုပ်တွေက အဖေကို မြန်မာနိုင်ငံကိုလာခွင့် မပြုခဲ့ပါဘူး။ မြန်မာပြည်သူတွေရဲ့ အကျိူးစီးပွားအတွက် ကျနော်မိဘနှစ်ပါးလုံးရဲ့ ရပ်တည်ချက်ဟာ တစည်းတလုံး တည်းရှိပြီးခိုင်မာတယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ နောက်ပြီး သူတို့ ရင်ဆိုင်ခဲ့ရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မတရားတဲ့လုပ်ရပ်တွေဟာ ဆန့်ကျင်တွန်းလှန်ဖို့ သူတို့အတွက် ခွန်အားတွေ ပိုပြီးရှိစေခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ယှဉ်ရင် အမေမရှိပဲ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ခက်ခဲတယ်လို့ ကျနော်မခံစားမိပါဘူး။ ကျနော်ရင်ဆိုင်ရတဲ့ အခြေအနေတွေထက် သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက ပိုပြီးကြီးမားပါတယ်။

Ingyin: Kim အနေနဲ့ မြန်မာနိုင်ငံမှာ အဖြစ်အပျက်တွေကို အနီးကပ် စောင့်ကြည့်နေတာတော့ သေချာပါတယ်။ မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပျက်ကွက်နေတယ်ဆိုပြီးတော့လည်း ထောက်ပြပြောဆိုတာတွေလည်း တွေ့ရပါတယ်။ အဲဒီတော့ မြန်မာအကျပ်အတည်းအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကို ဘယ်လိုတွေ့ရလဲ။

Kim: မကြာသေးခင်က ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ကျနော်ကြိုဆိုပါတယ်။ တချိန်တည်းမှာပဲ ကျနော့်အမြင်အရ တရုတ်အပါအဝင် နိုင်ငံအားလုံးဟာ သူတို့ အကျိုးစီးပွားအရ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ညီညွတ်မှု ပြန်လည်ရရှိတာကိုပဲ မြင်ချင်ကြတာပါ။ မြန်မာနိုင်ငံမှာနှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးအဓိက ဖြစ်ပွားစေတဲ့ မြန်မာစစ်တပ် တည်ရှိနေသမျှ ပြည်တွင်းမှာ ငြိမ်းချမ်းတည်ငြိမ်မှုဆိုတာ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။

Ingyin: စစ်ကောင်စီနဲ့ အနီးကပ် တရားဝင်သံတမန် ဆက်ဆံရေး ပြန်ပြီးတည်ဆောက်နေတဲ့ တရုတ်အပေါ်မှာ Kim ရဲ့ အမြင်ဘယ်လိုရှိလဲ။

Kim: မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းစဉ်ကျင့်သုံးတာကို တရုတ်က ဘယ်တုန်းကမှ မထောက်ခံခဲ့သလို စစ်တပ်ကိုလည်း အကြောင်းတစုံတရာကြောင့် အမြဲပဲ ထောက်ခံနေတာပါ။ ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ထားပေမယ့် မကြာခင် ဖြစ်လာမယ်လို့တော့ ကျနော် မမြင်မိသေးပါဘူး။ စီးပွားရေး တည်ငြိမ်မှုကို လိုချင်ရင် စစ်တပ်ဟာ သူတို့ရဲ့ အိမ်နီးချင်းကောင်းမဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်တယ်လို့ ကျနော်ထင်ပါတယ်။

Ingyin: ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်မှာ လူကုန်ကူးမှုနဲ့ ဆိုက်ဘာကျွန်ပြုမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ အခြေအနေကို Kim အနေနဲ့ ထုတ်ဖေါ်ပြောဆိုထားတာဆိုတော့ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ စိုးရိမ်ရတဲ့ အခြေအနေရှိနေလဲ။

Kim: စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တရားမဝင်ရောင်းချတဲ့ လုပ်ငန်းနဲ့အတူ လူကုန်ကူးမှု၊ ဆိုက်ဘာကျွန်ပြုမှုစတဲ့ ရာဇဝတ်မှုတွေအတွက် ကမ္ဘာ့အဓိကနေရာ ဖြစ်လာပါတယ်။ ဒီကနေ့ခေတ်ကြီးမှာ ကျွန်စနစ်လိုဖြစ်နေတဲ့ အခြေအနေအောက်မှာ လူပေါင်း အရေအတွက် ၁၀,၀၀၀ လောက် ကျွန်ပြုခံနေရတာကို ကျနော်တို့ ပြောနေတာပါ။ ဒီဖြစ်ရပ်ဆိုးတွေကို ရပ်တန့်ဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ခိုင်မာတဲ့ နိုင်ငံရေးဆန္ဒတွေရှိဖို့ လိုပါတယ်။ ဒါပေမဲ့ အာဆီယံမှာ ဒီလို စွမ်းရည်မျိုး ရှိမနေပါဘူး။ ဒါအပြင် မြန်မာနိုင်ငံမှာ အဓိက အခြေပြုနေတဲ့ အွန်လိုင်း လောင်းကစား လိမ်လှည်မှုတွေနဲ့ ပတ်သက်လို့ ရပ်တန့်နိုင်ရေး ပိုမိုကြိုးပမ်းအားထုတ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကနေ စစ်ကောင်စီကို တောင်းဆိုထားချက်ဟာလည်း လုံးဝကို လျစ်လျူရှုခံထားရတယ်လို့ မြင်ပါတယ်။

Ingyin: မကြာသေးမီက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အခြေအနေတွေ၊ လူ့အခွင့်အရေး အခြေအနေတွေဟာ အလွန်စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်နေပြီလို့ သတိပေးထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ လိုလားနေတဲ့ မြန်မာလူထုကို ထိထိရောက်ရောက် အကူအညီပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘယ်နည်းလမ်းတွေနဲ့ အထိရောက်ဆုံး လုပ်ဆောင်ပေးသင့်လဲ။

Kim: အရပ်သားပေါင်း ၁.၇ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ လူပေါင်း ၂၄၀၀၀ ကျော်ဟာ ဥပဒေမဲ့ မတရားဖမ်းဆီးခံခဲ့ရပါတယ်။ ဒါအပြင် လူပေါင်း ၆၀၀၀ လောက် သေဆုံးခဲ့ရပြီး ၁၇ သန်းလောက်အတွက် အစားအစာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။ သူတို့ရှိနေတဲ့ ဒေသတွေဆီ အရေးပေါ်အကူအညီတွေ ရောက်ရှိရေးဟာလည်း အလွန်အင်မတန်အရေးကြီးပါတယ်။ စစ်တပ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလတုန်းက ကာကွယ်ဆေးတွေ၊ အကူအညီတွေကို လက်နက်သဖွယ် အသုံးပြု ကန့်သတ်ခဲ့တဲ့အတိုင်းပဲလုပ်ဆောင်နေတာပါ။ မကြာသေးခင်က မုန်တိုင်းကြောင့် နောက်ထပ် လူပေါင်း ၆၀၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတွင်း အကျပ်အတည်းတွေ ပိုပြီးတိုးလာစေပါတယ်။ ဒါကြောင့် စစ်ပွဲတွေအဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်မှသာ ဆိုးရွားလှတဲ့ အကျပ်အတည်းတွေကို ရပ်တန့်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အတွက် ဝင်ငွေရအောင် အထောက်အကူ ပေးနေတာတွေ၊ စစ်ရေးစွမ်းဆောင်နိုင်မှုတွေကို ပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ပိုမိုပစ်မှတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တောင်းဆိုပါတယ်။

Ingyin: မြန်မာ့နွေဦး တော်လှန်ရေး လှုပ်ရှားမှုမှာ အဓိကဖြစ်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးကို ကမ္ဘာတဝှမ်းမှာ ရှိနေတဲ့ မြန်မာတွေ ရံပုံငွေတွေ ရှာဖွေလှူဒါန်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာရေးမှာ လက်နက်ကိုင် တော်လှန်ရေးက ဘယ်လိုသက်ရောက်မှုတွေရှိလဲလို့ မြင်သလဲ။

Kim: ဒီစစ်ပွဲမှာ စစ်တပ်က ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်သူတွေကို စစ်တပ်က ဖိနှိပ်တိုက်ခိုက်နေတာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ငွေကြေးအရ ပံ့ပိုးနေတဲ့ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍ အရမ်းကို အရေးပါပါတယ်။ ယူကရိန်း အကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာက ပေးနေတဲ့ အကူအညီတွေထဲက ၂% လောက်ကိုပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကို ပံ့ပိုးမယ်ဆိုရင် လူသားထုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

Ingyin: အကျဉ်းကျနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Kim ဦးဆောင် လှုပ်ရှားနေတဲ့ နောက်ဆုံးအခြေအနေကို ပြောပြပါအုံး။ ဒီလှုပ်ရှားမှုမှာ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကရော ဘာတွေလဲရှင့်။

Kim: ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေးအပါအဝင် မြန်မာပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက်အရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် ရပ်တည်ဖို့ တောင်းဆိုလှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတဝှမ်း မြန်မာ့အရေး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေရှာဖွေမှုတွေမှာ ပံ့ပိုးကူညီရေး ကြိုးပမ်းနေပါတယ်။ ဆိုးရွားနေတဲ့ မြန်မာနိုင်ငံကအကျပ်အတည်းနဲ့ စစ်တပ်က ကျူးလွန်နေတဲ့ လူသားထုအပေါ် ရာဇဝတ် ကျူးလွန်မှုတွေကို ကမ္ဘာတဝှမ်း သတိပြုမိလာစေဖို့ ကျနော် နေ့တိုင်းဆောင်ရွက်နေပါတယ်။

ကျနော် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုကတော့ တချို့အစိုးရတွေနဲ့ အဖွဲ့အစည်းတွေဟာ လူသားထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိနေကြတာပါ။ စစ်တပ်ရဲ့ ဝင်ငွေစီးဆင်းမှု လွယ်ကူချောမွေ့စေဖို့ ထောက်ပံ့ကူညီနေတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအပေါ်ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ကျယ်ကျယ်ပြန်ပြန့် ထိထိရောက်ရောက်နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုချမှတ်နိုင်ဖို့လည်း ကျနော်လှုပ်ရှားနေပါတယ်။

Ingyin: ဗြိတိန်က မြန်မာ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအနေနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေမှာ Kim ကနေ ပါဝင်ထောက်ခံ အားပေးတာတွေဟာ သူတို့အတွက် အားတက်စေတယ်လို့ ပြောကြပါတယ်။ အဲဒီတော့NUG အပါအဝင် အခြား မြန်မာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်ရော ရှိပါသလား။

Kim: အဲလိုမျိုး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့တော့ ကျနော့်မှာ အစီအစဉ် မရှိပါဘူး။ နိုင်ငံရေးသမား ဖြစ်ချင်တာမျိုး ကျနော့်မှာ မရှိပါဘူး။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေအားလုံးနဲ့ တညီတညွတ်တည်း ရပ်တည်သွားမှာပါ။ အထူးသဖြင့်စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဘုံတိုက်ပွဲမှာ မတူညီတဲ့ အုပ်စုအားလုံးကြား ပူးပေါင်းပြီး စည်းလုံးညီညွတ်မှုအသစ်တွေနဲ့ ဒီစစ်ပွဲကို အောင်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်ရဲ့ယုံကြည်ချက်ကတော့ မြန်မာနိုင်ငံဟာ အားလုံး ပိုမိုပူးပေါင်းပါဝင်မှုကို လက်ခံပြီး ဒီမိုကရက်တစ်နိုင်ငံဖြစ်ထွန်းလာဖို့ ဖြစ်ပါတယ်။

XS
SM
MD
LG