သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ စစ်ကိုင်းဖိုရမ်


ကိုနွေဦး (မြောင် PDF ပြည်သူ့ကာကွယ်ရေးတပ်)
ကိုနွေဦး (မြောင် PDF ပြည်သူ့ကာကွယ်ရေးတပ်)

နိုင်ငံ့အနာဂတ်တည်ဆောက်ရေးမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးကို ဦးတည်ပြီး စစ်ကိုင်းဖိုရမ်ကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောင် PDF ပြည်သူ့ကာကွယ်ရေးတပ်က ကိုနွေဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်အာဏာသိမ်းတာကို လက်မခံဘဲ၊ ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်နဲ့ အရပ်ဖက်အဖွဲ့တွေအပါအဝင် အဖွဲ့အစည်းပေါင်း ၁၀၀ နီးပါး ပါဝင်ခဲ့တဲ့ စစ်ကိုင်းဖိုရမ် လို့ခေါ်တဲ့ စစ်ကိုင်းညီလာခံကို မေလ ၃၀-၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းဖိုရမ်ပြောခွင့်ရသူတဦးဖြစ်တဲ့ ကိုနွေဦး (မြောင်) ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကိုနွေဦးက မြောင်ဘက်က PDF ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ မေလကုန်ပိုင်းတုန်းက လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့တဲ့ လူတဦးဆိုတော့ တကယ်တမ်း စစ်ကိုင်းဖိုရမ်ကို ဘယ်သူတွေက စလုပ်ခဲ့တာလဲရှင့်။

ဖြေ ။ ။ စစ်ကိုင်းဖိုရမ်ကို ဘယ်သူတွေက စလုပ်ခဲ့တာလဲဆိုတော့ အဓိကတော့ စစ်ကိုင်းတိုင်းသူ၊ စစ်ကိုင်းသားတွေနဲ့ စခဲ့တာပေါ့။ အဲဒီအထဲကနေ ပါတဲ့ဟာက မြေပြင်အင်အားစုတွေပါတယ်။ တော်လှန်ရေးအင်အားစုတွေ ပါတယ်။ နောက်တခုက စစ်ကိုင်းတိုင်းတွင်းက သပိတ်အင်အားစုတွေ ပါတယ်။ ပြီးတော့ စစ်ကိုင်းတိုင်းတွင်းက CDM အင်အားစုတွေ ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးအင်အားစုတွေ ပါတယ်။ အဲဒီ့အစုအဖွဲ့လေးတွေကနေ စလိုက်တာပေါ့။

မေး ။ ။ အဲဒီတော့ စစ်ကိုင်းဖိုရမ် လုပ်ဖို့ ဖြစ်လာတဲ့အကြောင်းရင်းက ဘာလဲရှင့်။ နောက်ပြီးတော့ ဒီလိုလုပ်ဖို့အတွက်ကို ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေကော ရင်ဆိုင်ခဲ့ရသလဲ။

ဖြေ ။ ။ ကျနော်တို့ ဖြစ်မြောက်အောင် လုပ်တဲ့နေရာမှာ အစကတော့ အများကြီး စဉ်းစားခဲ့ရတယ်။ အစည်းအဝေးတွေလည်း မြေပြင်အင်အားစုတွေ စုစည်းပြီးတော့ တိုင်ပင်ကြတာတွေ အကြိမ်ကြိမ်အခါခါပေါ့။ ဖြစ်မြောက်လာဖို့အတွက် စစ်ကိုင်းတိုင်းမှာ ဒီလိုမျိုးတွေ ဖြစ်နေတယ်၊ ဒါမျိုးတွေ ဒါမျိုးတွေ ဖြစ်နေတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားကြမယ်ဆိုရင် ဒို့ပြည်သူတွေ ဆုံးရှုံးနစ်နာခဲ့တာတွေ၊ သေကြေပျက်ဆီး၊ မီးရှို့ခံရတာတွေနဲ့ မကာမိတော့ဘူး။ နောက်တခုက အသက်ပေးနေရတဲ့ တော်လှန်ရေးရဲဘော်တွေ အသက်ပေးရတာလည်း အလဟသ ဖြစ်တော့မယ်။ သူတို့ အသက်ပေးခဲ့ရတာ ကိုယ်တွေသွားချင်တဲ့ စစ်အာဏာရှင် ကျဆုံးရေးဆိုတဲ့ လမ်းကြောင်းတခုတည်း မဟုတ်ဘူး။ အာဏာရှင် ကျဆုံးသွားပြီးနောက် အာဏာရှင်အသစ်တွေ မပေါက်လာရေးကော တိုင်းသူပြည်သားတွေက အကုန်လုံးရှိကြတဲ့ ရည်ရွယ်ချက်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးကိုလည်း ဦးတည်ပြီး သွားနေကြတာမို့ ဒီပုံစံအတိုင်း သွားလို့ရှိရင်တော့ ဒို့တော်လှန်ရေးခရီးလည်း ကြာလိမ့်မယ်။ ဒါထက်မက အများကြီးကြုံလာရနိုင်တယ်။ အဲဒါကြောင့် ဒို့တော်လှန်ရေးခရီးလည်း မြန်မြန်ဆန်ဆန် ပြီမြောက်နိုင်အောင်၊ ပြည်သူတွေ လိုလားတဲ့အရာတခုကိုလည်း ပုံဖော်နိုင်ရမယ်။ ပြီးနောက် ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုလည်း ထောက်ထားပြီးတော့ ကျန်ခဲ့တဲ့လူတွေက ဆက်လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ကျနော်တို့ အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ သတင်းတွေအရဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်အာဏာသိမ်းတာကို လက်မခံတာ၊ စစ်ကောင်စီ အုပ်ချုပ်တာကို လက်မခံတဲ့ အခြေအနေတွေကလည်း ရှိနေတာကို တွေ့ရတဲ့အခါကြတော့ ဒီစစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီက ပြင်းပြင်းထန်ထန် ကိုင်တွယ်နေတဲ့ အနေအထားက ဘယ်လောက်အထိ ရှိသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ဘယ်လောက်အထိ ရှိသလဲဆိုရင် စစ်ကိုင်းတိုင်းအတွင်းမှာ ရှိနေတဲ့ ပြည်သူတွေက အကုန်လုံးနီးပါး သိပါတယ်။ ခံနေရတဲ့ဟာတွေလည်း အကုန်လုံးနီးပါး သိနေတယ်။ တချို့နေရာတွေမှာဆို ခံသာခံလိုက်ရတာ လူမသိသူမသိ ခံလိုက်ရတဲ့ ကိစ္စမျိုးတွေ။ ခံနေရတောင်မှ ထုတ်ဖော်ပြသလို့ မရတဲ့နေရာမျိုးတွေ။ ဥပမာ အင်တာနက်တွေ မရှိတော့ ဆက်သွယ်မှု ခက်ခဲမှုတွေကြောင့် တကယ်ဖြစ်ပြီးတော့၊ တကယ့်သတင်းတွေက အပြင်မထွက်သွားတဲ့ဟာတွေကလည်း အများကြီးရှိတာပေါ့။ နောက်တခုက ပြည်သူတွေဘက်က ခံရတဲ့ဟာတွေက ဘာတွေရှိမလဲဆိုရင် အကြောင်းမဲ့ ပြည်သူအိုးအိမ်တွေကို မီးရှို့တာတွေဆိုလည်း ရှေ့လတွေကစပြီး ၂၀၂၂ လောက်ကစပြီးတော့ ဒီနေ့အချိန်အထိ တနယ်မဟုတ် တနယ်ကတော့ ရှိခဲ့တယ်။ ဆက်တိုက် ဖြစ်နေခဲ့တယ်။ လုပ်လိုက်ပြီဆိုရင်လည်း ရွာလုံးကျွတ်နီးပါး။ အဲဒီလိုမျိုးဆိုတော့ အိုးအိမ်ဆုံးရှုံးသွားတဲ့ ပြည်သူတွေဆိုရင်လည်း သိန်းချီနေပြီ။ အများကြီး အဲဒီလိုမျိုးနဲ့ အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရပြီတော့ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းအဆီး ခံရတယ်။ ဖမ်းခံရပြီတော့ ထောင်ကျ အနှိပ်စက်ခံနေရတာတွေလည်း အများကြီးပဲ။ ကျနော်တို့ စစ်ကိုင်းတိုင်းအတွင်းမှာ။ အဲဒီလိုမျိုးတွေနဲ့ ဒုက္ခတ ဖြစ်သွားတဲ့လူတွေ။ အသက်တော့ မသေဘူး၊ စည်စိမ်ဥစ္စာတွေလည်း ကုန်ဆုံးသွားပြီ။ ဒါပေမဲ့ ဒုက္ခတဘဝတွေနဲ့ ဆက်ပြီးတော့ ရှင်သန်သွားရမယ်လူတွေလည်း အများကြီးပဲ။ အဲဒီလိုမျိုးတွေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ဘယ်လောက်ထိဆိုးသလဲဆို တော်တော်လေးကို ဆိုးဝါးတယ်လို့ ပြောရလိမ့်မယ်။

သူတို့မှာ စာနာစိတ်ဆိုတာ မရှိဘူး။ ကျနော်တို့ လက်နက်ကိုင်ထားတာ မှန်တယ်။ သူတို့လုပ်ချင်တယ်ဆိုရင် လက်နက်ကိုင်ထားတဲ့လူကို လက်နက်ကိုင်ထားသူအချင်းချင်း ရင်ဆိုင်ဖြေရှင်းတယ်ဆိုတာက နည်းလမ်းကျတယ်။ သဘာဝကျတယ်။ ဒါပေမဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ပုံစံမျိုးနဲ့ လုပ်နေတာတော့ တော်တော်လေး ဆိုးဝါးပြီးတော့ လုံးဝကို လူမဆန်တဲ့ကိစ္စတွေ ဖြစ်နေတာကြောင့် ဒါကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဆိုးဝါးမှုတွေပေါ့။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာ ထိန်းချုပ်နိုင်တဲ့ အနေအထားကော ဘယ်လိုရှိလဲ။

ဖြေ ။ ။ ဘယ်အတိုင်းအတာအထိ မအုပ်ချုပ်နိုင်သလဲဆိုရင် အဓိကတော့ ရိုးရိုးရှင်းရှင်းလေးပဲ တွေးမယ်ဆိုရင် သူတို့ မအုပ်ချုပ်နိုင်တဲ့ အတွက်ကြောင့်မို့ ပြန်လည်အုပ်ချုပ်နိုင်ဖို့အတွက် သူတို့ ပြန်ကြိုးစားနေတာပဲ။ အဲဒီတော့ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် စစ်ကောင်စီရဲ့ အုပ်ချုပ်နိုင်မှု၊ အုပ်ချုပ်ရေးယန္တရား ဆိုတာကတော့ ပျက်ဆီးသလောက် ဖြစ်နေပြီ။ အဲ့ဟာကိုမှ လုံးဝဆုံးရှုံးမခံရဖို့အတွက်ကို ပြန်ပြီးတော့ ကြိုးစားနေတာပါ။ အရက်စက်ဆုံး နည်းလမ်းတွေ။ ပြီးတော့ လူမဆန်သော နည်းလမ်းတွေနဲ့ ဘယ်လိုနည်းလမ်းနဲ့မဆို သူတို့ ပြန်ရရင်ပြီရောဆိုတဲ့ တကယ့် အာဏာရှင်ဆန်စွာ၊ လူမဆန်တဲ့ လုပ်ရပ်မျိုးစုံသုံးပြီးတော့ ပြန်လည်ပြီးတော့ သူတို့အောက်ကို ပြန်ရောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီကတော့ သူတို့ဘက်က ပြောင်းလဲလာတဲ့ ဗျူဟာပိုင်းတွေ ရှိတယ်။ အဲဒါက လေယာဉ်တွေ သုံးတဲ့ဆိုတာထက်၊ မြေပြင်မှာသုံးတဲ့ ဗျူဟာက ပြောက်ကြားစစ်တွေကို ပြန်ပြီးတော့ အသက်သွင်းလာတယ်။ အသက်သွင်းလာပြီးတော့ ကိုယ်တွေရဲ့ အားနည်းချက်ကို ရအောင်ရှာပြီးတော့ အဲဒီအားနည်းချက်ပေါ်မှာပဲ စစ်ရေးအရ အနိုင်ရရှိဖို့အတွက် ကြိုးစားလာကြတဲ့ဟာတွေက ဒီ ၆ လပိုင်းထဲမှာ တော်တော်များများ တွေ့လာရတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အခြေအနေကတော့ သူတင်ကိုယ်တင် ဖြစ်နေတဲ့ အခြေအနေ။ သူတို့လည်း အဆိုးဆုံး လုပ်နေတာပဲ။ ကိုယ်တွေလည်း ကာကွယ်ရမယ့်ဟာကို ကာကွယ်လုပ်ရသလို၊ တန်ပြန်လုပ်ရမယ်ဟာတွေလည်း တန်ပြန်လုပ်ဖို့အတွက်ကို အားလုံးက နှစ်ရပ်လုံးက ကြိုးပမ်းလုပ်နေပါတယ်။

မေး ။ ။ အဲဒီတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဘက်ကော၊ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က အပြန်အလှန် ဒီလိုတိုက်ခိုက်နေတဲ့ အနေအထားတွေက စစ်ကိုင်းတိုင်းဒေသကြီးမှာ ရှိနေတဲ့အခါကြတော့ တကယ်တမ်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူတွေရဲ့ အဓိကသက်မွေးကြောင်းကလည်း လယ်ယာစိုက်ပျိုးရေး ဖြစ်တယ်ဆိုတော့ အဲဒီတော့ ဒီလိုအနေအထားမှာ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း ဘယ်လိုအနေအထားတွေ ရှိသလဲ။ နောက်ပြီးတော့ ဒီလိုအပြန်အလှန် တိုက်ခိုက်မှုတွေကြောင့်လည်း လယ်ယာလုပ်ငန်းတွေပေါ်မှာ ထိခိုက်မှု အတိုင်းအတာက ဘယ်လောက်ထိ ရှိသလဲရှင့်။

ဖြေ ။ ။ စီးပွားရေးကဏ္ဍဆိုတဲ့ နောက်ကွယ်မှာက စစ်ကိုင်းတိုင်းမှာက အားလုံးက တောင်သူတွေကြီးပဲ။ စိုက်ပျိုးရေးကိုပဲ အဓိကထားတဲ့ တိုင်း။ ပြီးတော့ တခြားတိုင်းတွေလိုပဲ ရန်ကုန်-မန္တလေးတို့လိုပဲ ကျနော်တို့က စက်ရုံ၊ အလုပ်ရုံတွေနဲ့ တခြားစီးပွားရေး လည်ပတ်စရာတွေက အများကြီး ရှိတဲ့နေရာ မဟုတ်ဘူး။ စိုက်ပျိုးရေးကိုပဲ အဓိကထားတာ ဖြစ်တဲ့အတွက်၊ စိုက်ပျိုးရေးအပိုင်းနဲ့ပဲ မြင်ကြည့်မယ်ဆိုရင် ဒါဟာ နှစ်နဲ့တောင် မတူတော့ဘူး။ တချို့နေရာတွေဆိုရင် မစိုက်ပျိုးနိုင်တော့ အခြေအနေတွေကလည်း အများကြီးကြုံလာရတယ်။ ဘာကြောင့်လဲဆိုရင် စခန်းနဲ့ နီးတဲ့နေရာတွေ။ အဲဒီလိုမျိုး နေရာတွေမှာဆိုရင် အသက်အန္တရာယ်တွေ ရှိတဲ့အတွက်ကြောင့်မို့ အဲဒီလိုမျိုး မြေနေရာတွေမှာဆိုရင် မစိုက်ပျိုးနိုင်တော့ဘူး။ လွှတ်ထားရတဲ့ မြေနေရာတွေ၊ ဧကတွေ များတယ်။ နောက်ပြီးတော့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ တချို့နေရာတွေမှာဆိုရင် ပျူရွာတွေ ရှိတယ်။ အဲဒီ ပျူရွာတွေမှာဆိုရင် သူတို့ရွာတွေ မရောက်ခင်၊ ရှေ့မှာဆိုလည်း မိုင်းတွေအဆင့်ဆင့် ကာထားကြတယ်။ အဲဒီနေရာ ပတ်ဝန်းကျင်တွေကို သွားပြီးတော့ ကိုယ့်ရဲ့တောင်သူ ကိုယ့်ရဲ့ စိုက်ခင်းတွေကို စိုက်ဖို့ပျိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲဒီလိုသွားမယ်ဆို မိုင်းတွေမိ။ မမိဘူးဆိုရင်တောင်မှ သူတို့ဖမ်းတာ ခံရလို့ရှိရင် အသတ်ခံရတယ်။ ဒီဟာက စိုက်ပျိုးရေးမှာ ထိခိုက်လာတဲ့ ဂယက်တွေပေါ့။ အဲဒါတွေကို အရင်ပြောဖြစ်တယ်။

နောက်တခုက စစ်ကိုင်းတိုင်းအတွင်းမှာ ဘာတွေထွက်သလဲဆိုရင် အဓိက သစ်တွေ ဆိုကြပါစို့။ ကျွန်းတွေ၊ သစ်တွေ ထွက်တယ်။ အဲဒီလိုမျိုးတွေလည်း ကောင်းမွန်စွာနဲ့ ဘယ်လို ကိုယ့်ရဲ့ သယံဇာတကို အပြန်အလှန် အသုံးချမလဲဆိုတာ စစ်ကောင်စီကလည်း လုပ်လို့မရတော့တာ မှန်တယ်။ သူတို့ လုပ်မရသလို၊ ကျနော်တို့လည်း လွတ်လွတ်လပ်လပ်ကြီး လုပ်လို့မရဘူး။ ဒီလမ်းကြောင်းတွေကို သယ်ယူဖို့ ဘယ်လမ်းကြောင်းကနေ သယ်ယူမလဲ။ နောက် နိုင်ငံတကာကရော ကိုယ် ရောင်းချင်သလို၊ တင်ချင်သလို လက်ခံတဲ့ အနေအထားမျိုး မဟုတ်ဘူး။

နောက် တောင်သူတွေဆီမှာထွက်တဲ့ ပဲသီးနှံတွေကို အရင်တုန်းကဆိုရင် အိန္ဒိယဘက်ကို မတ်ပဲတွေ၊ ကုလားပဲတွေ တင်ကြတယ်။ ပြီးတော့ ဒီဘက်မှာ ကောက်ပဲတွေ၊ ပြောင်းတွေ၊ ဖရဲသခွါး အားလုံးက တရုတ်ပြည်ကို တင်ကြတယ်။ မပြေလည်တော့ဘူးဆိုရင် ကျပ်တည်းလာမှာက ကျနော်တို့ ပြည်သူတွေပဲ။ အဲဒါကြောင့် အဓိကတော့ ဒါတွေကိုလည်း ထည့်ပြီးတော့ မစဉ်းစားလို့ မရဘူး၊ ထည့်စဉ်းစားရမှာပဲ။ အဲဒီတော့ ကိုယ့်တိုင်းပြည် ကံကြမ္မာက ဘယ်သူတွေ လာလုပ်ပေးမှာလဲ။ ကျနော်တို့ တိုင်းသူပြည်သားတွေပဲ ရုန်းကန်မှ ရတော့မယ်။ အဲဒါကြောင့်မို့ စစ်ကိုင်းတိုင်း ဖိုရမ်ထဲမှာတော့ ကျနော် ပါလာလိုက်တာပါ။

မေး ။ ။ အဲဒီတော့ စစ်ကိုင်းဖိုရမ်မှာက အဖွဲ့အစည်းတွေ - ဒေသတွင်းမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ၊ နောက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တော်လှန်တဲ့ အဖွဲ့အစည်းတွေ ပါဝင်တာဆိုတော့ အခုလက်ရှိ စစ်အာဏာသိမ်းနောက် ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ NUG အမျိုးသားညီညွှတ်ရေးအစိုးရပေါ်မှာ ဒီ စစ်ကိုင်းဖိုရမ်က သဘောထား ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ဘယ်လိုသဘောထားသလဲဆိုရင်တော့ စစ်ကိုင်ဖိုရမ် စတင်ပြီးတော့ လုပ်ချင်သမျှအမယ် အားလုံးကတော့ NUG ကိုတော့ ကျနော်တို့ကတော့ အစိုးရတရပ် အဖြစ်နဲ့ပဲ ကျနော်တိို့က သတ်မှတ်ကြတယ်။ ပြီးတော့ ဒီဟာမျိုး လုပ်လိုက်တဲ့ဟာကလည်း NUG က အများကြီး အထောက်အပံ့ ဖြစ်သွားမယ်။ NUG ကလည်း လုပ်ဖို့ ကျနော်တို့ သွားနေတဲ့လမ်းကြောင်းနဲ့ ကျနော်တို့ကိုယ်တိုင် တော်လှန်အင်အားစုတွေ အားလုံးကော၊ ပြီးတော့ ပြည်သူလူထုတရပ်လုံး လိုချင်တဲ့ဟာကလည်း လမ်းကြောင်းတခု ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဆိုပြီးတော့ အော်ဟစ်ပြီးတော့ သပိတ်တွေ လုပ်ကြတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေပါလာအောင် စည်းရုံးမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီတော့ ပြည်သူတွေကို ကျနော်တို့က ဒီလိုစကားမျိုးတွေ ပြောထားခဲ့တယ်။ ဒီလိုစကားမျိုးတွေ ပြောထားခဲ့တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း ဒီဟာတွေကို ယုံကြည်ပြီးတော့ နောက်ကိုပါလာကြတယ်။ လိုက်လာကြတယ်။ အဲဒါဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း ကတိတွေ ပေးခဲ့တယ်။ ပြည်သူတွေကိုယ်တိုင်လည်း ဒီဟာကို ယုံကြည်ပြီးတော့ လိုက်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဟာကိုတော့ ကိုယ့်ကတိအတိုင်း ဆက်လုပ်ကြရမယ့်ဟာပေါ့။ အဲဒါကတော့ တပိုင်းပေါ့။ နောက်တခုကတော့ NUG ပေါ် ဘယ်လို သဘောထားသလဲ ဆိုရင်တော့၊ NUG ကတော့ အစုရပ်တရပ်အနေနဲ့ပဲ သဘောထားပြီးတော့၊ NUG အတွက် လုပ်ငန်းကိုင်ခန်းတွေမှာ ရှိပေးရမယ်။ ပြီးတော့ ဒေါက်တိုင်တခု ဖြစ်မယ်။ တော်လှန်ရေးခရီးကို မြန်မြန် ထိထိရောက်ရောက် ပြီဆုံးအောင် လုပ်ပေးနိုင်မယ်။ စုဖွဲ့မှုတွေပေါ်၊ မကျစ်မလစ်မှုတွေပေါ်၊ ပဋိပက္ခတွေ အချင်းချင်း ဖြစ်ပွားနေတာတွေကိုလည်း ထိန်းကျောင်းသွားနိုင်မယ်။ အဲဒီလိုမျိုး အားလုံးခြုံငုံပြီးတော့ ဒီလိုမျိုး လုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။

XS
SM
MD
LG