သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငရဲပြည်အလားကြုံတွေ့ခဲ့ရတဲ့ နေပြည်တော်စစ်ကြောရေးစခန်း (ဒုတိယပိုင်း)


ကိုကျော်ဌေးဦး (လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း တာဝန်ခံ)
ကိုကျော်ဌေးဦး (လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း တာဝန်ခံ)

၂၀၂၂ နိုဝင်ဘာလမှာ လွတ်ငြိမ်းချမ်းသာနဲ့ ရမည်းသင်းထောင်ကလွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် အကူအညီပေးခဲ့သူလည်းဖြစ်တဲ့ ကိုကျော်ဌေးဦးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒုတိယပိုင်းပါ။ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကိုကျော်ဌေးဦး က ပေးပို့ခဲ့တာပါ။ အရင် စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံနဲ့ လက်ရှိ စစ်ကောင်စီရဲ့ ဆက်ဆံပုံ ဘယ်လို ကွာခြားချက်တွေရှိသလဲ။

အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦးကို ၂၀၂၁ စက်တင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံတာပါ။ ထောင်ထဲမှာ ရက်ပေါင်း ၄၂၀ ကျော်နေခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့တဲ့ ကိုကျော်ဌေးဦး ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အဲဒီတော့ ကိုကျော်ဌေးဦး ပြောသွားတဲ့ထဲမှာ စစ်ကောင်စီက စစ်ဆေးမေးမြန်းတဲ့နေရာနဲ့ အကျဉ်းထောင်ထဲမှာ အမေရိကန်နိုင်ငံသားမှန်း သိသွားတဲ့အခါ သူတို့ဆက်ဆံရေးတွေ ပြောင်းလဲသွားတယ်ဆိုတဲ့ အနေအထား။ နောက်ပြီးတော့ အမေရိကန်သံရုံးဘက်ကလည်း ကိုကျော်ဌေးဦးကို ကြိုးစားဆက်သွယ်တယ်။ နောက်ပြီးတော့ အဆက်အသွယ်ရပြီးတဲ့နောက်ပိုင်းမှာ အဆက်မပြတ် သူတို့ဘက်က ပုံမှန်ဆက်သွယ်တာတွေလည်း ရှိလာတဲ့အခါကြတော့ အမေရိကန်သံရုံးအနေနဲ့ သူတို့ရဲ့ အမေရိကန်နိုင်ငံသားတွေပေါ်မှာ သူတို့ဆောင်ရွက်ပေးတဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ အမေရိကန်သံရုံးကို လက်တွေ့ခံစားကြည့်တဲ့အခါမှာ ကျနော်က အမေရိကန်နိုင်ငံသား ဖြစ်တာနဲ့ အဲဒီမှာမွေးတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာမွေးတယ်။ မြန်မာနိုင်ငံကို ပြန်သွားတယ်။ ကိုယ့်နိုင်ငံသားဆိုပေမဲ့ သူတို့နိုင်ငံမှာ နေခဲ့တာ အနှစ် (၂၀) ဝန်းကျင်လောက် ရှိတယ်။ အဲဒီလို အနေအထားတခုမှာတောင်မှ ကျနော့်ကို သူ့နိုင်ငံသားဆိုတဲ့စိတ်နဲ့ ကျနော်ကို ဥပဒေဘောင်ထဲက ရနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ သူတို့က ကျနော်အပေါ်မှာ ထောက်ပံ့ပေးတယ်၊ ကူညီပေးတယ်။ ကျနော် လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့ နည်းလမ်းတွေအားလုံးကို သုံးပြီးတော့ တကယ်ကိုလွတ်မြောက်အောင် ဥပဒေဘောင်ထဲကနေရအောင် ကြိုးစားခဲ့တဲ့အတွက် ကျနော်က အမေရိကန်နိုင်ငံသားတယောက် ဖြစ်ရတာကို ဂုဏ်ယူတယ်။ စုစုပေါင်း တစ်လခွဲ (၄၅) ရက်လောက်ကြာမယ် ကျနော့်ကို ဖမ်းသွားပြီးတဲ့အချိန်မှာ။ ပထမဦးဆုံး သံအမတ်နဲ့ မိသားစုနဲ့ စကားပြောရတယ်။ အဲဒီတုန်းက Thomas Vajda တူတယ်။ သူနဲ့ စစကားပြောတဲ့အချိန်မှာ သူက တကယ်ကို နွေးနွေးထွေးထွေး ရှိတယ်။ ကျနော့်အပေါ် တကယ်ကို ဂရုစိုက်တယ်။ နောက်ပိုင်းတော့ counsellor နဲ့ တစ်လတစ်ခါလောက်တော့ ပြောတယ်။ AC လို့ပဲ ခေါ်တယ်။ သူ့နာမည်အပြည့်အစုံ ကျနော် မေ့သွားပြီ။ အဲဒီအမျိုးသမီးလေး .. ဖီလစ်ပိုင် counsellor လေးဆိုလည်း တော်တော်လေး ဂရုစိုက်တယ်။ ကျနော့်ရဲ့ ကျန်းမာရေး၊ တနေ့ကို ဘယ်နှစ်ခါ ဝမ်းသွားသလဲကအစ အသေးစိတ်မေးတယ်။ အဲဒီလောက်အထိ ကျနော့်အပေါ် ဂရုစိုက်တယ်။ အမေရိကန်အစိုးရက ဒီလောက် ကာကွယ်ပေးလို့ ကျနော် ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ခန့်ခန့်ငြားငြားလေး ပြန်ထွက်လာနိုင်တာ။ နို့မို့ဆိုရင် ကျနော့်ဘဝက အရမ်းစုတ်ပြတ်သွားမှာ။ တော်တော်ကို နှိပ်စက်တယ်။

ကျနော့်ပထမအတွေ့အကြုံကလည်း ထောင်ကျဖူးတဲ့ အတွေ့အကြုံ ရှိတဲ့အခါကြတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝက ဒီစစ်ကြောရေးကလွတ်ရင် ကျနော့်တို့ဘဝက လောကနိဗ္ဗာန်တောင် ပြန်ဖြစ်သွားသေးတယ်။ အဲဒီလောက်အထိ ကြောက်တယ်။ အမျိုးစုံကို နှိပ်စက်တာ။ နှိပ်စက်နည်းပေါင်း ကမ္ဘာမှာ အစုံဆုံး အရက်စက်ဆုံးက ဒီကောင်တွေ စစ်ထောက်လှမ်းရေးပဲ။

မေး ။ ။ ဘယ်လောက်အထိ ဆိုးသလဲရှင့်။ ပုံစံ ဥပမာပေးလို့ ရပါသလားရှင့်။

ဖြေ ။ ။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် လူတယောက်ကို နေ့ည သုံးရက်မအိပ်အောင်ထားတယ်။ လေးရက် မအိပ်ရအောင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူသုံးယောက်က အချိန်ပြည့်လဲလဲသွားတယ်။ ရိုက်တဲ့နှက်တဲ့နေရာမှာ ကျနော်ကိုဆို Electric Shock လျှပ်စစ်ကျင်စက်နဲ့ ပေါင်တွေကို ထိုးတာ၊ ခါးတွေကို ထိုးတာ စုတ်ပြတ်သတ်နေတာပဲ။ အသားခွံတွေက လောင်ကုန်တာ။ ထောက်လှမ်းရေးထိုင်ခုံဆိုတာ သတ်သတ်ရှိတယ်။ သုံးပေခွဲ လေးပေလောက် မြင့်တယ်။ အဝိုင်းလေးပေါ်မှာ အဲဒီမှာ မူလီလေးတွေ စိုက်ထားတယ်။ အဲဒီပေါ်မှာ ထိုင်ရတာ။ ပထမ နာရီဝက်၊ တစ်နာရီက မသိသာပေမယ့် နောက် သုံးနာရီက ကျနော်တို့အတွက် တကယ်ကို ကျင်စက်နဲ့ ထိုးနေသလိုပဲ။ သတင်းစာကို လိတ်လိုက်တယ်။ ပြီးတော့ တိပ်အဖြူူနဲ့ပတ်တယ်။ ပတ်ပြီးတော့ အဲဒါနဲ့ချတာ ခေါင်းတွေ၊ နားနေရာတွေဆို ရောင်ကုန်တာ။

မေး ။ ။ အဲဒီလိုမျိုး နှိပ်စက်ခံရတဲ့အချိန်မှာ ဒီရက်တွေကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့ရသလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ နှစ်ချက်ပေါ့။ ကျနော်က ဗုဒ္ဓဘာသာဆိုတော့ ဒါက ငါဝဋ်ကျွေးရှိလို့ ခံရတယ်လို့ မှတ်တယ်။ နောက် နိုင်ငံရေးနည်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားက ကျနော့်အတွက် သိပ်မိုတီ ဖြစ်တာ။ ကိုယ်ရွေးချယ်ခဲ့တာပဲ ကိုယ်ရွေးချယ်တဲ့လမ်းပဲ ဘယ်သူမှ ကျနော့်ကို တိုက်တွန်းတာလဲ မဟုတ်ဘူး၊ ကျနော်ကိုယ်တိုင်က လုပ်ချင်တာ။ အဲဒီတော့ ကိုယ့်ရွေးချယ်မှုတိုင်းမှာလည်း ကိုယ့်ဒုက္ခတော့ ရှိတာပေါ့။ ကျနော့်မှာ နှိုင်းယှဉ်ပြီးတော့ ဖြေတာပေါ့။ အခုငါက ဒီလောက်နှိပ်စက်ခံနေရတာ အသက်ပေးသွားတဲ့ လူတွေတောင် ရှိသေးတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လို အဖွားကြီးကိုတောင်မှ ဒီကောင်တွေ ဖမ်းထားသေးတာပဲဆိုပြီး ကိုယ့်ထက်ပိုပြီးတော့ ခံစားရတဲ့ လူတွေကိုပဲ စိတ်ထဲမှာထားတဲ့အခါကြတော့ ကိုယ့်ဝေဒနာက နည်းနည်းလျော့လျော့သွားတယ်။

မေး ။ ။ ကိုကျော်ဌေးဦးကို သူတို့ဖမ်းဆီးနှိပ်စက်တဲ့အချိန် ထောင်တွင်းဖြတ်သန်းရတဲ့အချိန်မှာ ကိုကျော်ဌေးဦးအတွက် မမေ့နိုင်ဆုံး စစ်ကြောရေးကာလမှာ မမေ့နိုင်ဆုံး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံက ဘာလဲရှင့်။

ဖြေ ။ ။ အဓိကတော့ သူတို့ ကျနော်ကို စွပ်စွဲတဲ့ စွပ်စွဲချက်တွေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မေးမြန်းစစ်ဆေးတဲ့ဥစ္စာတွေကတော့ တော်တော်ကို စိုးသွမ်းပါတယ်။ ဒါက သူတို့စစ်တပ်ထဲမှာ ဒီအတွေးအခေါ်ကြီး ရှိနေတယ်ဆိုတာကိုက မကောင်းဘူး။ သူတို့ရဲ့ မေးခွန်းတွေတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ မယုံသင်္ကာဖြစ်မှု။ သူတို့စစ်တပ်ကသာ မှန်တယ်ဆိုတဲ့ မှိုင်းဝါဒ သွတ်သွင်းထားတဲ့ဟာတွေက တခု။ နောက်တကယ်ကို အောက်ခြေစစ်သားတွေရဲ့ ဘဝကလည်း မွန်းကြပ်ပြီးတော့ မပျော်တော့ဘူး၊ မလုပ်ချင်တော့ဘူးဆိုတာကို သူတို့အလုပ်ပေါ် ဂုဏ်မယူဘူးပေါ့။ ကျနော်မြင်ခဲ့ရတာတော့ အဲဒါတွေ မှတ်မှတ်သားသားလေး ရှိနေပါတယ်။

မေး ။ ။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမှတ်တာတွေနဲ့ သူတို့ အခု ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံနေတဲ့ပုံစံနဲ့ အရင် ဒီစစ်အစိုးရ ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရတွေလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံတဲ့အနေအထားက ဘယ်လောက်အထိ ကွာဟမှု ရှိသလဲ။ ဘယ်လိုအခြေအနေတွေ ရှိသလဲရှင့်။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တုန်းကမှ ထောင်ထဲမှာ အကြာကြီးမထားခဲ့ဘူး။ အရမ်းယုတ်မာ ရက်စက်ပါတယ်ဆိုတဲ့ ဦးခင်ညွှန့်၊ ဦးသန်းရွှေတောင်မှ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်ထက်ပိုပြီးတော့ အင်းစိန်ထောင်ထဲမှာ မထားဘူး။ ချက်ချင်းနေအိမ်အကျယ်ချုပ်ဆိုပြီး လုပ်ခဲ့တယ်။ အခု သူ့ပါးစပ်က ပြောခဲ့တဲ့ စကားတခုပဲ ပြန်စဉ်းစားကြည့်ပါ။ နေအိမ်သကဲ့သို့ထားတယ်ဆိုတာ။ နေပြည်တော် အချုပ်ထောင်ဆိုတာ အင်မတန်ဆိုးတယ်။ ရေလည်း မကောင်းဘူး။ ပတ်ဝန်းကျင် သဘာဝအရလည်း မကောင်းဘူး။ သူတို့လက်ထက်မှာမှ နဝတလက်ထက်မှာမှ ဆောက်ခဲ့တဲ့ထောင်အသစ်။ အဲဒီထောင်အသစ်မှာလည်း ဘာမှ facility အပြည့်အစုံ မရှိတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထားတယ်ဆိုကတည်းက တော်တော်ကို ယုတ်မာရက်စက်တဲ့ လူတွေ။ ဟိုတုန်းကလို ယှဉ်လို့တောင် မရဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃၃ နိုင်ငံတော်အတိုင်ပင်ခံလုပ်တုန်းက ပေးခဲ့တဲ့အိမ်က ပစ္စည်းတွေကိုတောင်မှ ဘယ်မှာ ဘယ်လိုသိမ်းသလဲ မသိဘူး။ ကျနော်ဆီ လရောင်တောကို လာပို့တာက အမေ့အိမ်ရှေ့က ဒေါင်းရုပ်ကြီးနှစ်ရုပ် ရှိတဲ့အချိန်မှာ အင်္ဂတေရုပ်ကြီးနှစ်ရုပ် ဒေါင်းရုပ်ကြီး အဲဒီကို လရောင်တောကို လာပို့တယ်။ အဲဒီကတည်းက အငြိုးထားတယ်။ ကျနော်က စာရင်းအင်းနဲ့ လက်ခံတယ်။ ဇီးကွက်ရုပ်နှစ်ရုပ် ပါတယ်။ မြေအိုးလက်မှုပညာအရုပ်ကလေးတွေ ပါတယ်။ အခု အဲဒါတွေလည်း အခိုးခံရတဲ့အထဲ ပါသွားပြီလား မသိဘူး။ ဘယ်လိုဖြစ်သွားသလဲဆိုတာလည်း ကျနော် မသိဘူး။ အဲဒီလို လာပို့တဲ့အချိန်မှာ စာရင်းအင်းနဲ့ ကျနော်က လက်ခံတယ်။ မဟုတ်တဲ့ဟာကိုတော့ ကျနော် လက်မှတ်မထိုးနိုင်ဘူးဆိုတာကို ပြောတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အဲဒီတုန်းက အမေ မှာလိုက်တာရှိတယ်။ သူ့ပစ္စည်းတွေကို လျှော်အိတ်တွေကအစ ဘယ်လို ဘယ်လိုထုံးမယ်၊ လျှော်ကြိုးချုပ်တဲ့အခွေတွေထဲက စာရွက်စာတမ်းတွေ အကုန်လုံး ဘယ်လိုထိန်းသိမ်းထားသလဲတော့ ကျနော် မသိဘူး။ ဒီလို ကမ္ဘာသိခေါင်းဆောင်တယောက်ကို သာမန်အကျဉ်းသားတွေထားသလိုမျိုးကို လုပ်တာ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ထောင်ထဲမှာထားတယ်။ အဲဒါ ဘယ်နေရာမှာ ရှိနေသလဲရှင့်။

ဖြေ ။ ။ နေပြည်တော် အချုပ်ထောင်မှာပါ။ နေပြည်တော် အချုပ်ထောင်မှာ ကျနော် ပုံလေးတောင် ဆွဲပြလို့ရတယ်။ နေပြည်တော် အချုပ်ထောင်က အဝင်မှာ ဘူးပြီးတာနဲ့ မိန်းမဆောင် ရှိတယ်။ မိန်းမဆောင်ပြီးတာနဲ့ တိုက် ရှိတယ်။ ဒါက Main Gate အဝင်လမ်း။ အဲဒီ မိန်းမဆောင် အရှေ့လေးမှာ Main Jail ရှိတယ်။ ဒီဘက် အရှေ့ဝင်လမ်းက ဝင်လာတဲ့ဥစ္စာ။ ဒေါ်အောင်ဆန်းစုကြည်ကို မိန်းမဆောင်ဘေးက အဆောင်လေးမှာထားတယ်။

မေး ။ ။ စစ်ကောင်စီက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်လို့ မြင်လဲရှင့်။

ဖြေ ။ ။ အဓိကတော့ တချက်တည်းပဲ သူတို့ရဲ့ မနာလို မုန်းတီးမှု။ ဒေါ်အောင်ဆန်းစုကြည်ကို အခုမှမုန်းတာ မဟုတ်ဘူး။ စစ်အုပ်စုတစုလုံးက အစဉ်အဆက် မုန်းခဲ့တာ။ ၈၈ ကတည်းက ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လို သူတို့က သဘောထား မမြင့်မြတ်ဘူး၊ မကြီးမြတ်တဲ့အခါကြတော့ သူတို့မလုပ်နိုင်တာကို မနာလိုစိတ်နဲ့ပဲ အဓိက ဖြစ်သွားတာ။ ကျန်တာက သူတို့ရဲ့ ဥစ္စာတွေကို ခြိမ်းခြောက်တာတို့ ဘာတို့ဆိုတာက သူတို့ရဲ့ စိုးရိမ်ချက်တွေ။ အခြေခံတချက်ကတော့ ရှင်းရှင်းလေး။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဟိုက မေတ္တာလည်း ရှိတယ်။ လူတွေအပေါ်လည်း မေတ္တာနဲ့ပဲ ကောင်းမွန်စွာ ပြောဆိုဆက်ဆံတယ်။ စစ်တပ်ကိုလည်း ကောင်းအောင်လုပ်ပေးချင်တယ်။ အဲဒီတော့ သူတို့ရဲ့ စိတ်ထဲမှာက ဒေါ်အောင်ဆန်းစုကြည်က တပ်ကိုဖြိုခွဲတယ်လို့ သူတို့က အစွဲကြီးစွဲလာခဲ့ကြတယ်။ တကယ်ကို ဒေါ်အောင်ဆန်းစုကြည်အပေါ် အငြိုးအတေးနဲ့ကို လုပ်နေကြတာ။

မေး ။ ။ အဲဒီတော့ တဘက်မှာကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ကြတာပေါ့။ အဲဒီတုန်းက စစ်တပ်ကို အရမ်းအလျှော့ပေးလွန်တယ်။ နောက်ပြီးတော့ စစ်အာဏာသိမ်းမယ်မှန်း သိရက်သားနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မကာကွယ်နိုင်ခဲ့ဘူးပေါ့။ စစ်တပ်ပေါ်လည်း အရမ်းကို အလျှော့ပေးလွန်တယ်ဆိုတဲ့ ဝေဖန်မှုတွေ၊ အဲဒီလိုမျိုး အာဏာသိမ်းမှုပေါ် ကြိုသိရက်သားနဲ့ ကြိုတင်မကာကွယ်နိုင်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ် ဝေဖန်မှုတွေကို ကိုကျော်ဌေးဦး ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒကိုက ရှင်းတယ်လေ။ အလျှော့ပေးဆက်ဆံတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအတိုင်း တော်တော်လုပ်တယ်။ ပြောဆိုဆက်ဆံတယ်။ ဒါကြောင့်မို့ ဒီအခြေအနေအထိ ရောက်လာတာ။ အာဏာ ပထမအကြိမ် ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ကျနော် သိသလောက် အတွေ့အကြုံလေးကို ပြန်ရှယ်တာ။ အပြည့်အစုံ မဟုတ်ဘူး။ အဲဒီအချိန်မှာ အာဏာလွှဲပြောင်းမှု ကောင်းကောင်းလေး ဖြစ်ဖို့အတွက် ဘယ်လောက်အထိ အလျှော့ပေးဆက်ဆံခဲ့ရတယ်။ ပြီးတော့ ဒီငါးနှစ်ကနေ ဆယ်နှစ်တန်းသွားရင် စစ်တပ်က တကယ်ကို Standard Army ဖြစ်လာမယ်။ သူတို့ မတရားယူထားတဲ့ကောင်တွေရဲ့ ဘဝတွေကတော့ သူတို့အာဏာကို စွန့်လွှတ်ရတော့မယ်ဆိုတာကို သိနေလို့ ဒါကို မစွန့်လွှတ်နိုင်ဘူး။ မယုံကြည်နိုင်တာ။ အဲဒီတော့ ဝေဖန်တဲ့လူတွေကိုလည်း ကျနော် အပြစ်မပြောပါဘူး။ သူတို့ တိတိကျကျ မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်အထိ သူ စစ်တပ်နဲ့ ဆွေးနွေးခဲ့တဲ့ အကြိမ်ပေါင်းများစွာ ရှိတယ်။ ဘယ်တော့မှ ဒါက နိုင်ငံတော်လျှို့ဝှက်ချက်တွေအနေနဲ့ သူက အပြင်ကို ထုတ်ပြောခဲ့တဲ့လူလည်း မဟုတ်ဘူး။ ထုတ်လည်း မပြောခဲ့ဘူး။ စစ်တပ်က တော်တော်ယုတ်မာ ရက်စက်ပြီးတော့ အခုအချိန်အထိ ပြည်သူကို နှိပ်စက်နေတုန်း။ ဆိုတော့ ရမလားဆိုတဲ့ အတွေးအခေါ်နဲ့ တည်ဆောက်ခဲ့ကြည့်တာ။ နောက်တခုက သူ့ရဲ့ဘောင်ကို ကျနော်တို့ လူငယ်တွေ လျင်လျင်မြန်မြန် တိုးတက်ပြီး၊ တော်လှန်စိတ်တွေ ဖြစ်လာတာ၊ ဘယ်လိုလုပ်ရမယ်ဆိုတာ - ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ် - သူ့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာကို မေးတဲ့အချိန်မှာ သူ ပြန်ဖြေထားတာ ရှိတယ်။ ကျမ မလိုလောက်အောင် ကျမရဲ့ အဖွဲ့အစည်း မလိုလောက်အောင် ပြည်သူတွေက ကိုယ့်လမ်းပေါ်မှာ ယုံယုံကြည်ကြည် ကိုယ့်အခွင့်အရေးကို ရပ်တည်နိုင်အောင် လုပ်တာ ကျမရဲ့ အောင်မြင်မှုပဲ။ ဆိုတော့ အဲဒီစကားရဲ့ အတိမ်အနက်က ဒီနေ့ ဒီအဓိပ္ပါယ်တွေ ပေါ်လာတာပဲ။ သူ ငါးနှစ်အာဏာရတဲ့အတွင်းမှာ အစိုးရနှစ်ရပ်ပုံစံ ဖြစ်တယ်။ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးဖြစ်အောင် တိုင်းပြည်ကို အတိုးတက်လမ်းကြောင်းပေါ်ကို ခေါ်သွားတာ။

အင်းကြင်နိုင် ။ ။ ဒါကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်အကူအညီပေးခဲ့သူ ကိုကျော်ဌေးဦး ကို ဆက်သွယ်မေးမြန်းခဲ့တာပါရှင့်။

==== Unicode ====





















XS
SM
MD
LG