သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Democrat ဒုသမ္မတလောင်း Tim Kaine အကြောင်းသိကောင်းစရာ


Democrat ဒုသမ္မတလောင်း Tim Kaine
Democrat ဒုသမ္မတလောင်း Tim Kaine
အမေရိကန် သမ္မတလောင်း Hillary Clinton နဲ့ တွဲပြီး ပြိုင်မယ့် ဒုသမ္မတလောင်းဟာ စပိန်လိုလဲ ပြောတတ်ပြီး ကက်သိုလစ်ဘာသာရေးဆရာတစ်ဦးလဲဖြစ်ခဲ့ပါတယ်။
၂၀၁၆ အမေရိကန် သမ္မတရွေးပွဲမှာ ဒုသမ္မတလောင်းအဖြစ် ဒီမိုကရက်ပါတီကနေ ပြိုင်မယ့် ဗာဂျီနီးယား အထက်လွတ်တော်အမတ် Tim Kaine အကြောင်း VOA သတင်းထောက် Arash Arabasadi သတင်းပို့ထားပါတယ်။ ကိုဝင်းမင်းက ပြောပြပေးမှာပါ။

အထက်လွတ်တော်အမတ် Tim Kaine ဟာ အေးအေးဆေးဆေးနေ တတ်တဲ့ နိုင်ငံရေးသမားပါ။ သူ့ကိုယ်သူလည်း စိတ်ဝင်စားစရာကောင်းတဲ့သူ မဟုတ်ဘူးလို့ ပြောလေ့ရှိပါတယ်။ သူက

“ဒါကြောင့် ကျွန်တော် Hillary နဲ့တွဲတာပါ၊ ဒါကြောင့် သူနဲ့တွဲတာပါ၊ ခင်ဗျားတို့ သူ့ကို ထောက်ခံမလား။”

ဒါပေမယ့် သမ္မတလောင်း Hillary အတွက်ကတော့ သူဟာ စွမ်းအားသစ်တခုပါ။ အခုလို Tim Kaine ကိုရွေးလိုက်တာဟာ သဘာဝကျပြီး ၊ စိတ်လည်းချရပါတယ်။ Tim Kaine အနေနဲ့ နိုင်ငံရေးလောကထဲရောက်လာတာ ၂၂ နှစ်ရှိသွားပါပြီ။ မြို့နယ်အဆင့် ကောင်စီဝင် ကနေစပြီး၊ မြို့တော်ဝန် ၊ နောက်အုပ်ချုပ်ရေးမှူးနဲ့ နောက်ဆုံး Virginia ပြည်နယ် အထက်လွှတ်တော်အမတ်အထိ တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။

နိုင်ငံအလယ်ပိုင်း အနောက်ဘက်အခြမ်းဒေသက Tim Kaine ဟာ Missouri တက္ကသိုလ် နဲ့ Harvard ဥပဒေဆိုင်ရာ တက္ကသိုလ်တွေကနေ ဘွဲ့ရခဲ့ပါတယ်။

Catholic ဘာသာဝင် Tim Kaine ဟာ တက္ကသိုလ် ကနေ ၁ နှစ်နားပြီး Honduras နိုင်ငံမှာ အမှုထမ်းခဲ့ပြီး အဲဒီမှာ စပိန်ဘာသာကို လေ့လာခဲ့ပါတယ်။ Tim Kaine ဟာစပိန်ဘာသာစကားနဲ့

“ဒီအမေရိကတိုက်အလယ်ပိုင်းဒေသမှာ တွေ့မြင်ရတဲ့ ဆင်းရဲမွဲတေ မှုတွေကြောင့် နိုင်ငံရေးလုပ်ဖို့ စိတ်ဝင်စားခဲ့တယ်။ အဲဒီကနေတဆင့် ဇနီး Anne ကိုလည်း စတွေ့ခဲ့တယ်။”

လို့ဆိုပါတယ်။ သူကဆက်ပြီး

“အဲ့ဒီတုန်းက ကျွန်တော်တို့ နိုင်ငံထဲက လူအများအတွက် ခက်ခဲတဲ့ အချိန်တွေပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့က အခက်အခဲကို ကြံ့ကြံ့ခံနိုင်သူတွေလေ၊ အဲ့ဒါကို ကျွန်တော့ အပေါင်းအသင်းတွေ ဆီက သင်ခန်းစာယူနိုင်ခဲ့တယ်။ ခက်ခဲတဲ့အချိန်ဆိုတာ ကြာကြာမခံဘူး၊ ဒါပေမယ့် အခက်အခဲကိုကြံ့ကြံ့ခံနိုင်သူတွေကတော့ ကြာကြာခံပါတယ်။”

Tim Kaine ကပဲ သူ့ဘဝမှာ အခက်ခဲဆုံးအချိန် ထဲက တခုကတော့ ၂၀၀၇ ခုနှစ်မှာ Virginia ပြည်နယ်အုပ်ချုပ်ရေးမှူးဘဝတုန်းက Virginia စက်မှုတက္ကသိုလ်ထဲ ပစ်ခတ်မှုတွေကြုံခဲ့ရတဲ့ အချိန်ပဲလို့ ဆိုပါတယ်။ ရူးနေတဲ့ ကျောင်းသား တဦးက ပစ်ခတ်ခဲ့တဲ့ ဝမ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စတွေ အပြီးမှာ Tim Kaine အနေနဲ့ Virginia ပြည်နယ်တဝှမ်း စိတ်ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဒီမိုကရက်ပါတီ အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ်နဲ့ သူ့ကို အဲဒီတုန်းက အထက်လွှတ်တော်အမတ် Barack Obama ရဲ့ လက်တွဲဖော်ပြိင်ဘက်အဖြစ် ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။

အခုတော့ Hillary Clinton ရဲ့လက်တွဲဖော် ပြိုင်ဘက်အဖြစ် အရွေးခံရတဲ့အပေါ် ချီးကျူးမှုတွေရော အဆိုးမြင်တာတွေရော ရှိနေပါတယ်။

ဝါရှင်တန်ဒီစီမြို့က Lafayette Barnes က

“ကျွန်တော် သူ့မူဝါဒတွေကို ကြိုက်ပါတယ်။ ဒါကြောင့် သူ့ကို ဖြည့်လိုက်တာက အရွေးခံရဖို့ အားကောင်းသွားပါတယ်။”

နောက် Virginia ပြည်နယ် Springfield မြို့ကMichelle Gotico က

“ကျွန်မထင်ပါတယ်၊ သူက အရွေးခံရဖို့ တကယ့်ကို ပိုပြီးတောင် အထောက်အကူဖြစ်သွားမှာပါ။”

ဒါပေမယ့် Chicago မြို့က Tom Schmit ကတော့

“ကျွန်တော့အနေနဲ့ Hillary ကို အများကြီး မယုံဘူးဗျ၊ ဒါကြောင့် ပါတီကနေလာမယ့် သူ့ဘေးကလူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သိပ် ရေးကြီးခွင်ကျယ်မလုပ်တော့ပဲ ထောက်ခံမှာပဲလေ။”

တကယ်တော့ ဘာဂျာတူရိယာမှုတ် တဲ့ Tim Kaine အနေနဲ့ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီး အိမ်ဖြူတော်ရောက်နိုင်ဖို့ Hillary Clinton ကို အတတ်နိုင်ဆုံးကူပေးမယ်၊ လူအများစိတ်ပြောင်းပြီး သူတို့ကို ထောက်ခံလာအောင် ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG