သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အရေးကြီး


နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
စစ်မှန်တဲ့ ပြည်ထောင်စု တရပ်ပေါ်ထွန်း လာပြီး အာဏာ ခွဲဝေကျင့်သုံးရေး စနစ်တွေ ပေါ်ထွန်းလာဖို့ ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင် သင့်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်ပါတီ ၁၁ ပါတီ တို့ တွေ့ဆုံ ခဲ့တဲ့ ငြိမ်းချမ်းရေးစင်တာမှာ သွားရောက် သတင်း ယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်မိတ်ဆွေ ၁၁ ပါတီတွေ့ဆုံပွဲမှာ ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီ ခေါင်းဆောင်ပိုင်းတွေက ဝန်ကြီး ဦးအောင်မင်းကို စစ်မှန်တဲ့ ပြည်ထောင်စု တရပ်မှာ လိုအပ်တဲ့ အာဏာ ခွဲဝေကျင့်သုံး ရေးနဲ့ သယံဇာတ ခွဲေ၀ ရယူရေး ကိစ္စတွေကို အဓိက ထားပြီး တင်ပြတောင်းဆို လာကြပါတယ်။

နိုင်ငံတော် သမ္မတရုံး ဝန်ကြီးက စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တရပ် ပေါ်ထွန်းလာပြီး တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်ပိုင်းတွေက သက်ဆိုင်ရာ ပြည်နယ်တွေကို အုပ်ချုပ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ရွေးကောက်ပွဲ ဝင်ကြဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကြိုက်ရင်လည်း ပြင်ဆင်ကြဖို့ ပြန်လည် တိုက်တွန်းလိုက်ပါတယ်။

“ပြည်နယ်တွေကို ဘာနဲ့အုပ်ချုပ်ရမလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ အဲဒီတော့ ခင်ဗျားတို့က ကျနော့်ကို စောဒက တက်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကြိုက်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်သူကရေးတာလဲ။ ဘယ်သူက ပြင်လို့ရလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးအောင်မင်း ပြင်လို့မရဘူး။ ဦးအောင်မင်းမှာ ပြင်ပိုင်ခွင့် မရှိဘူး။ လွှတ်တော်ကသာ ပြင်နိုင်တယ်။”

လက်ရှိ အုပ်ချုပ်ရေး စနစ်အရ ပြည်ထောင်စု အစိုးရ အောက်မှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို အုပ်ချုပ်ခွင့် ပေးထားပေမဲ့ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တွေမှာ အုပ်ချုပ်ရေး အာဏာ ခွဲဝေကျင့်သုံးခွင့် ဆိုင်ရာ အခွင့်အရေးတွေ အင်မတန် နည်းနေတယ်လို့ ရှမ်းပြည်နယ် ဒေသကြီး အစိုးရ အဖွဲ့ဝင် ဦးစိုင်းအိုက်ပေါင်း က နိုင်ငံတော် သမ္မတရုံး ဝန်ကြီးကို တင်ပြခဲ့ပါတယ်။

ပြည်သူတွေဆီက အာဏာရဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အသီးသီးက တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေက ပါတီ နိုင်ငံရေး လမ်းစဉ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲ ကနေတဆင့် ဖက်ဒရယ်စနစ် ပေါ်ထွန်းဖို့ ကြိုးစားသင့်တယ်လို့လည်း ဦးအောင်မင်းက တိုက်တွန်းလိုက်ပါတယ်။

အာဏာခွဲေ၀ ကျင့်သုံးရေး ကိစ္စလိုပဲ သယံဇာတ ခွဲဝေရေးကိစ္စတွေကိုပါ ပြည်ထောင်စု အစိုးရက ရာခိုင်နှုန်း အလိုက် အချိုးကျ ပေးနိုင်အောင်လည်း စဉ်းစားပေးနေတယ်လို့ သမ္မတရုံး ဝန်ကြီးက ပြောပါသေးတယ်။

“national resources တွေမှာဆိုရင် ရခိုင်ပြည်နယ်မှာ ရေနံထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်တယ်။ ဒါတွေ အားလုံးကိုလည်း ထိုက်သင့်တဲ့ ရာခိုင်နှုန်း သူတို့ပြည်နယ်ထဲမှာ ထားရတယ်။ ဒီပိုက်ဆံတွေ အားလုံးဟာ သူ့တိုင်းနဲ့ ပြည်နယ် တိုင်းဒေသတွေမှာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ဖြစ်တဲ့အတွက် သူတို့ကို ချပြီးတော့ ထားခဲ့တယ်။ ရာခိုင်နှုန်း တခုနဲ့တခု တူချင်မှတူမယ်။ ကျောက်စိမ်းမှာ ၂၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်၊ ရေနံမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်။ ဒီအတိုင်းပဲ စဉ်းစားနေကြပါတယ်။ နောက်ပိုင်းကျရင် ဖြစ်လာမှာပါ။”

တိုင်းရင်းသား ပါတီတွေရဲ့ ကိစ္စကို ပြည်မက ပါတီတွေက ဂရုမစိုက်ဘူးလို့ ထင်တာကြောင့် ဒီမိုကရက်တစ် မိတ်ဆွေပါတီ ၁၁ ပါတီက တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေး လာတဲ့အခါ သူတို့ဟာ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဘူးလို့ ပြောလာသလို ၈ ပြည်ထောင် တည်ထောင်မယ့် ကိစ္စကိုလည်း လက်မခံဘူးလို့ ပြောလာတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ က ဒေါက်တာ သန်းငြိမ်းက ဝန်ကြီးဦးအောင်မင်းကို တင်ပြခဲ့ပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စု ဆိုရင်တော့ ဒါ ဘယ်သူမဆို ပြောကြတယ် ဆိုကြတယ်။ သို့သော်လည်း ဖက်ဒရယ်စနစ် ဆိုရင်တော့ နည်းနည်းလေး ခါသွားမယ်။ မပြောရဲကြဘူး။ နိုင်ငံရေးသမားတွေလည်း မပြောရဲဘူး။ အပြင်လူတွေလည်း မပြောရဲကြဘူး။ အဲဒီတော့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ သူတု့ိ ခံယူထားတဲ့ အချက်တွေထဲက အရေးကြီးတဲ့ အချက်တွေကို ကျနော်တို့နဲ့ တင်ပြပြီးတော့ ဆွေးနွေးတဲ့ အခါမှာ ကျနော် အင်မတန် အံ့သြသွားတယ်။ ဘာလဲဆိုရင် တိုင်းရင်းသား ပါတီများက တင်ပြတာက၊ နံပတ် (၁) သူတို့သည် ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ ခွဲမထွက်ဘူး ဆိုတာကို အာမခံတယ်။”

လက်ရှိအချိန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက အုပ်ချုပ်ရေးအာဏာ ရရှိမှုဟာ နည်းနေသေးပေမဲ့ ပြည်မက ပေးအပ်တဲ့ အာဏာ ခွဲေ၀ ကျင့်သုံးတဲ့ စနစ် ရရှိလာတဲ့အထိ တဖြည်းဖြည်းချင်း စောင့်ဆိုင်းရဦးမယ်လို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ကျားဖြူပါတီက ဦးစိုင်းအိုက်ပေါင်း က ဗွီအိုအေကို ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ ရန်ကုန်က ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ် ၁၁ ပါတီ တွေ့ဆုံပွဲမှာ ဝန်ကြီးက ကချင်ပြည်နယ်က ငြိမ်းချမ်းရေး ကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတယ် လို့ နိုင်ငံရေးပါတီတွေကို ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ ဘက်ကလည်း ဝန်ကြီးကိုတင်ပြတဲ့အခါ မကြားသေးခင် ရက်ပိုင်းတုန်းက နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရခိုင် ပဋိပက္ခ အရေးဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ ဒေသတွင်း မငြိမ်သက်အောင် လုပ်နေတဲ့ ပါတီတွေ ရှိနေတယ်လို့ ဖော်ပြချက်ဟာ ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ (RNDP) ကို ရည်ရွယ်ချက် ရှိရှိ ထည့်သွင်းပြောဆို ထားတယ်လို့ ယူဆရတဲ့အတွက် များစွာ ဝမ်းနည်းတဲ့ အကြောင်း RNDP က ဦးဦးလှစော က ဝန်ကြီး ဦးအောင်မင်းကို ပြောဆို ခဲ့ပါသေးတယ်။

ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရတ်နေ့တုန်းက နိုင်ငံတော် သမ္မတ အကြံပေး ၂ ဦးနဲ့ တွေ့ဆုံခဲ့ပြီး အခုအခါမှာ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့ဟာ သီးသန့် တွေ့ဆုံဖို့ မရှိသေးဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဗွီအိုအေ ကို ပြောပါတယ်။
XS
SM
MD
LG