သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ရေးပါတီကို ဝေဖန်လို့ ဒီမိုကရက်တစ်ပါတီ ဒဏ်ရိုက်ခံရ


၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဟာ ပါတီစည်းရုံးရေးဂျာနယ် ထုတ်ဝေရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ငြိစွန်းနေတဲ့အတွက်ဆိုပြီး စာပေစိစစ်ရေး စည်းမျဉ်းနဲ့ ဒဏ်ငွေချ အပြစ်ပေးတာ ခံရပါတယ်။ ဘယ်လိုအချက်တွေကို ဖော်ပြမိလို့ အခုလို ဒဏ်ရိုက်ခံရတာပါလဲ၊ အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဌာနခွဲ မန္တလေးတိုင်းက ကဒေါင်းဂျာနယ်ဆိုတဲ့ အမည်နဲ့ ပါတီစည်းရုံးရေးဆိုင်ရာ စာစောင်ကို ထုတ်ဝေခဲ့တာပါ။ အဲဒီမှာ စာပေစိစစ်ရေးက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ငြိစွန်းနေတဲ့အတွက် ဆိုပြီး ပြီးခဲ့တဲ့ အပတ်က မန္တလေးတိုင်း ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ တာဝန်ခံကို ခေါ်ယူပြီး ဒဏ်ငွေချ အပြစ်ပေးလိုက်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မန္တလေးတိုင်း ဌာနခွဲက ပထမဦးဆုံး ထုတ်ဝေတဲ့ ပါတီစာစောင်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်လို့ ဝေဖန်ထားတာတွေ အပေါ်ကို ခေါ်ယူ ထောက်ပြခဲ့တယ်လို့ ဦးသုဝေက ပြောပြပါတယ်။

“စာစောင်ထဲမှာ ကြံ့ခိုင်ရေး အသင်းကနေပြီး ကြံ့ခိုင်ရေးပါတီကို ပြောင်းခါစတုန်းက ကျနော်ပြောတဲ့စကားပေါ့၊ အသင်းကနေပြီး ပါတီကို ပြောင်းတာဟာ မလုပ်သင့်ဘူး၊ အဲဒါကို ကလိမ်ကကျစ် လုပ်သလို ဖြစ်တယ်ဆိုတဲ့ စကားလုံး ပါသွားတယ်။ ကလိမ်ကကျစ်ဆိုတဲ့ စကားလုံးကို အခု စာပေစိစစ်ရေးက ဒါဟာ သူတို့ဥပဒေနဲ့ ငြိတယ်၊ အဲဒါကြောင့် ဒဏ်ငွေ ၂၀၀,၀၀၀ ပေးရမယ်ပေါ့။ အဲဒါတချက်။

“နောက်တခုကတော့ ဂျာနယ်ရဲ့နာမည်က ကဒေါင်းဆိုတော့ ကျနော်တို့က ကဒေါင်းဆိုတဲ့ စာလုံးကို အကြီးကြီးရေးတယ်။ ဒီမိုကရက်တစ်ပါတီမှ ထုတ်ဝေသည် ဆိုတာကတော့ သေးသေးပေါ့၊ စကားလုံးက၊ အဲဒါကလည်း သူ့ဥပဒေနဲ့ ငြိတယ်တဲ့။ ဒီမိုကရက်တစ်ပါတီ ဆိုတာကို စာလုံးကြီးကြီး ရေးရမယ်၊ ကဒေါင်းဆိုတာကို သေးသေးရေးရမယ်တဲ့၊ အဲဒါကြောင့် အဲဒီဟာလည်း ဥပဒေနဲ့ ငြိတဲ့အတွက် ၇၀,၀၀၀ ဒဏ်ရိုက်မယ်တဲ့။ ပြီးတော့ အဲဒီဂျာနယ်ကို ဂျာနယ်ဆိုတဲ့ စကားလုံး မသုံးရဘူးတဲ့။ ဂျာနယ်ဆိုတာ သူတို့ စီးပွားရေးအတွက် ပေးထားတဲ့ နာမည်ပေ့ါ။ နိုင်ငံရေးပါတီအတွက်ဆို စာစောင်၊ သို့မဟုတ် စာပေ တခုခုသုံးရမယ်ပေါ့။ အဲဒါကို Warning ပေးတယ်။”

ရွေးကောက်ပွဲရက် နီးလာပေမဲ့ ဒီမိုကရက်တစ်ပါတီ အနေနဲ့ အခက်အခဲ များစွာ ကြုံနေရတဲ့ အထဲမှာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာကလည်း ကြီးကြီးမားမား ရင်ဆိုင်နေရတာမို့ စာပေစိစစ်ရေးကို အခုချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်ပေးဖို့ အသနားခံစာ တင်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“ကျနော်တို့ ပြန်ကြားရေးမှူးက ပြောတယ်။ ကျနော်တို့ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်၊ ကျနော်တို့ ပါတီမှာလည်း ပိုက်ဆံမရှိဘူး၊ အဲဒါကြောင့် ငဲ့ညှာပါပေါ့၊ အသနားခံတာပေါ့။ အဲဒီလိုဆိုရင် ခင်ဗျားတို့ကို ဒါ ဆိုင်းငံ့ပြစ်ဒဏ် အနေနဲ့ ပေးမယ်။ နောက်တခါ ကျူးလွန်ရင် အခုကျူးလွန်ထားတဲ့ ပြစ်ဒဏ်လည်း ပေးရမယ်။ အဲဒါကို လက်မှတ်ထိုးပါဆိုလို့ ကျနော်တို့ လက်မှတ်ထိုးပေးလိုက်တာပေ့ါ။

“စည်းကမ်းတွေထဲမှာတော့ မဝေဖန်နဲ့လို့ ပြောတာဆိုတော့ ကျနော်တို့လည်း ကောင်းကောင်း မရှင်းဘူး။ ကျနော်တို့ နိုင်ငံရေးပါတီ ဆိုတာကတော့ အစိုးရလုပ်နေတဲ့ ချို့ယွင်းချက်တွေကို ထောက်ပြပြီးတော့ အဲဒါကို ပြင်မယ်ဆိုတဲ့ဟာတွေက အမြဲပြောတယ်လေ။ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ကျနော်တို့က ငြိနေတာပဲပေါ့။”

၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေတုန်းက မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံတို့ကနေ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ၁၅ မိနစ်လောက် လူထုနဲ့ စည်းရုံးခွင့် နှစ်ကြိမ်လောက် ပြုလုပ်ပေးခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေကို အစိုးရပိုင်းက ဒီလို စည်းရုံးရေးဆိုင်ရာ အစီအစဉ်တွေအတွက် အကြောင်းကြားတာ အခုချိန်ထိ မရှိသေးဘူးလို့လည်း ပြောပြပါတယ်။

“အဲဒါကတော့ လုံး၀ အကြောင်းကြားတာတွေ ဘာတွေ မရှိပါဘူး။ အသံလည်း မထွက်ပါဘူး။ ဟိုတုန်းကတော့ တလကျော် မကဘူးထင်တယ်၊ ကျနော်မှတ်မိသလောက်တော့ နှစ်လကျော်၊ ပထမတကြိမ် တီဗွီနဲ့ ရေဒီယိုမှာ ပြောခွင့်ပေးတယ်။ နောက်ထပ် တလလောက်နေတဲ့ အခါကြတော့ ဒုတိယအကြိမ် ပြောခွင့်ပေးတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုေ၀ ပြောပြခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ တုန်းကထက်စာရင် ဒီနေ့ခေတ်က သတင်းမီဒီယာက ပိုပြီး ခေတ်စားပေမဲ့ နိုင်ငံရေးပါတီတွေက သတင်းမီဒီယာတွေကို အသုံးချခွင့် မရတာဟာ အတော်လေး နစ်နာတဲ့ အခြေအနေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ နီးလာရင် ဒါတွေကတော့ ပါတီတိုင်းမှာ တင်ပြခွင့် ရှိတာပဲလေ။ ဒါ ဘယ်သူ့ကိုမှ ထိခိုက်တာမှ မဟုတ်ဘဲ။ ကိုယ့်ပါတီအကြောင်း၊ ကိုယ့်ပါတီအနေနဲ့ လူထုသိအောင် လုပ်တဲ့ကိစ္စ၊ ဒါကိုတော့ မချုပ်ချယ်သင့်ဘူးလို့ အန်ကယ်တို့တော့ ထင်တာပဲ။”

မြန်မာနိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့ဆိုတာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG