သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အီဘိုလာ ကင်းပြီလို့ ကြေညာ


DRC နိုင်ငံမှဝင်လာသော ခရီးသည်များကို ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက လေဆိပ်မှာ အီဘိုလာရှိမရှိစစ်ဆေး။ သြဂုတ် ၈၊ ၂၀၁၄။
DRC နိုင်ငံမှဝင်လာသော ခရီးသည်များကို ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက လေဆိပ်မှာ အီဘိုလာရှိမရှိစစ်ဆေး။ သြဂုတ် ၈၊ ၂၀၁၄။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ DRC က သူတို့ဆီမှာ အီဘိုလာရောဂါ ကင်းရှင်းသွားပြီလို့ ကိုယ့်ဖာသာ ကြေညာလိုက်ပါတယ်။ သြဂုတ်လမှာ ရောဂါစဖြစ်ပြီး လူ ၅၀ ကျော် သေဆုံးရပြီးတဲ့နောက် အဲဒီလို ကြေညာတာပါ။

DRC ကျန်းမာရေးဝန်ကြီး Felix Kabange Numbi က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်တာပါ။ ဒါပေမဲ့လည်း ရောဂါမပြန့်နှံ့ တော့ဘူးဆိုတာက နိုင်ငံမှာ လုံး၀ အန္တရာယ်မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ဘူးလို့ သတိပေးပါတယ်။ အနောက် အာဖရိကဒေသမှာဖြစ်တဲ့ အီဘိုလာရောဂါအမျိုးအစားမျိုး DRC နိုင်ငံထဲ ရောက်လာနိုင်နေတုန်းပဲလို့ ဝန်ကြီး Numbi ကပြောပါ တယ်။ DRC မှာဖြစ်တဲ့ အီဘိုလာရောဂါဟာ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီအဲရာ လီယွန်းနိုင်ငံတွေမှာဖြစ်တဲ့ ရောဂါအမျိုးအစားနဲ့ မတူပါဘူး။ အဲဒီသုံးနိုင်ငံမှာတော့ အီဘိုလာရောဂါကြောင့် လူ ၅,၀၀၀ ကျော် သေဆုံးရပြီးပါပြီ။

ဒီအတောအတွင်းမှာပဲ သူ့ရဲ့မိခင်တိုင်းပြည် ဆီအဲရာ လီယွန်းမှာ အီဘိုလာရောဂါကူးစက်ခံရတဲ့ ဆရာဝန်တဦးဟာ ဆေးကုသမှု ခံယူဖို့ အမေရိကန်ပြည်ထောင်စု၊ နီဘရားစကားပြည်နယ်၊ အိုမာဟာမြို့ဆီ ပြန်ရောက်သွားပါပြီ။ မေရီလန်းပြည်နယ်မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသူတဦးနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ ဒေါက်တာ Martin Salia ဟာ Freetown ဆေးရုံမှာ အထွေထွေရောဂါကု ဆရာဝန်အဖြစ် လုပ်ကိုင်ရင်း အီဘိုလာရောဂါ ကူးစက်ခံရတာဖြစ်ပါတယ်။

အီဘိုလာဝေဒနာသည်တွေကို ကုသဖို့ အထူးပြင်ဆင်ထားတဲ့ အမေရိကန်ဆေးရုံတွေထဲက တခုဖြစ်တဲ့ နီဘရားစကား ဆေးဘက် ဆိုင်ရာဌာနမှာ သူ့ကိုကုသမှာဖြစ်ပါတယ်။

XS
SM
MD
LG