သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုဖျက်သိမ်းမှု တရုတ်အစိုးရတောင် လက်မခံကြောင်း ပါတီခေါင်းဆောင်တွေပြော


NLD CEC Aung Kyi Nyunt ဦးအောင်ကြည်ညွန့်
NLD CEC Aung Kyi Nyunt ဦးအောင်ကြည်ညွန့်

တရုတ်အစိုးရက တရားဝင်ကြေညာချက် ထုတ်ပြန်ခြင်း မရှိခဲ့ပေမယ့် NLD ဟာ မြန်မာ့အရေးမှာ ချန်လှပ်ထားလို့မရတဲ့ နိုင်ငံရေးပါတီကြီးဖြစ်ကြောင်းနဲ့ စစ်ကောင်စီက NLD ကို ဖျက်သိမ်းတာဟာ ပြုလုပ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလို့ ပြည်ပမှာရှိနေတဲ့ NLD တာဝန်ရှိသူတွေကို သဘောထားပေးပို့ခဲ့ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ဗွီအိုအေကို ပြောပါတယ်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာလာပြီးနောက် စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖျက်သိမ်းလိုက်ပြီးနောက် NLD ရှေ့ဆက်သွားမယ့်ခြေလှမ်းတွေနဲ့ပတ်သက်လို့ ဦးအောင်ကြည်ညွန့်ကို မအင်ကြင်းနိုင်က zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဗွီအိုအေ။ ။ စစ်ကောင်စီက NLD ပါတီကို မှတ်ပုံတင်ရမယ့် သတ်မှတ်ရက် ကျော်လွန်သွားတဲ့အတွက် နိုင်ငံရေးပါတီကနေ အလိုအလျောက်ပျက်ပြယ်သွားပြီဖြစ်တယ်လို့ ကြေညာလိုက်တာဆိုတော့ NLD ကဘာဆက်လုပ်မလဲ။

ဦးအောင်ကြည်ညွန့်။ ။ ကိုယ့်အလုပ်ကို ကိုယ်က ဆက်လုပ်နေမှာပေါ့။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီက သူ့ဘာသူတောင် ပြည်သူကတရပ်လုံးက လက်မခံလို့ တရားဝင်ရပ်တည်နိုင်မှုမရှိပဲနဲ့ ပြည်သူတွေထောက်ခံမှုရှိနေတဲ့ NLD အပါအဝင်ပြည်သူ့ဘက်မှာ ရပ်တည်နေကြတဲ့ ပါတီတွေက အလိုအလျောက်ပျက်ပြယ်သွားပြီဆိုတော့ တကယ်တော့ ထည့်စဉ်းစားဖို့တောင် လိုလို့လားလို့ ပြန်မေးရမှာဖြစ်ပါတယ်။ ကျနော်မြင်တာကတော့ ရှိနေတဲ့ အခြေအနေက မြုပ်နေတဲ့ သင်္ဘောကို ဖက်လိုက်မသွားပဲနဲ့ ပြည်သူနဲ့ အတူ ကမ်းပေါ်မှာကျန်နေတဲ့၊ ရှင်သန်နေတဲ့ ပါတီပေါင်း ၄၀ တောင် ရှိတယ်လို့ ကျနော်မြင်ပါတယ်။

ဗွီအိုအေ။ ။ မြန်မာနိုင်ငံမှာပါတီရဲ့အနေအထားက တရားမဝင်ဖြစ်သွားတော့ သဘောမျိုးဆိုတော့ အဲဒီမှာရှိနေတဲ့ ပါတီဝင်တွေရဲ့ ရပ်တည်မှုကို အန်ကယ်တို့ ဘယ်လို စဉ်းစားပါသလဲ။

ဦးအောင်ကြည်ညွန့်။ ။ တရားမဝင်ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေမျိုးကို ကျနော်တို့ ခံယူမထားဘူး။ တကယ်တော့ စစ်ကောင်စီ လုပ်နေတဲ့ အနေအထားမျိုးက ဥပဒေကြောင်းအရ လုပ်နိုင်လောက်တဲ့ အဆင့်အတန်းလည်း မရှိဘူး။ ဥပဒေနဲ့ အညီ လုပ်နေတဲ့ အနေအထားမျိုးလည်း မဟုတ်ဘူး။ ပြဌာန်းထားချက်တွေကလည်း သူလိုချင်သလို လုပ်ပြီးတော့ ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ ယန္တရားတရပ်အနေနဲ့ so called (နာမည်တပ်ထားတဲ့) ဥပဒေတွေကိုပဲ ပြဌာန်းနေရတယ်။ အဲတော့ NLD ပါတီကို မပျက်ပြယ်ခင်က တုန်းကရော ပါတီအပေါ်မှာ ဘယ်လိုဆက်ဆံနေသလဲ လို့ ပြန်ပြီးစဉ်းစားရင် အားလုံးသိတဲ့အတိုင်းပဲ အာဏာသိမ်းပြီးတဲ့နောက်မှာ ကျနော်တို့ ပါတီရုံးတွေ၊ ပါတီဝင်တွေ၊ ပါတီမှာတာဝန်ယူထားသူတွေကို ဘယ်လိုနည်းနဲ့ဖျက်စီးကြသလဲ၊ ဘယ်လောက်အထိဖိနှိပ် နှိပ်စက်နေသလဲ၊ ပါတီပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို နည်းလည်း အကြောင်းအမျိုးမျိုးရှာပြီး ဝရမ်းကပ်၊ ပိတ်ဆို့နေသလဲ စတဲ့ဖြစ်ရပ်တွေဟာ အာဏာသိမ်းပြီးကတည်းက ဖြစ်နေတာပါ။ အခု ပါတီက တရားမဝင်တော့ပါဘူးလို့ သူတို့ကြေညာလိုက်တော့မှ ဖြစ်ပေါ်လာတဲ့ အနေအထားမျိုးမဟုတ်ဘူး။ အဲတော့ ပြည်သူတွေနဲ့ ကျနော်တို့ ပါတီကတော့ အခုလက်ရှိ ရင်ဆိုင်ကျော်လွှားနေတဲ့ အနေအထားမျိုးမှာတော့ ဆက်ပြီး ခုခံတော်လှန်နေတဲ့ အနေအထားအတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။

ဗွီအိုအေ။ ။ NLD က စစ်ကောင်စီ အာဏာသိမ်းတာကို လက်မခံဘူးဆိုတဲ့ အနေအထားနဲ့ ဆက်ပြီးသွားမယ်ဆိုတော့ နည်းဗျူဟာအပိုင်းကြတော့ ဘယ်လိုပုံစံမျိုးဆက်သွားမှာလဲ။ လူထုတော်လှန်ရေးနည်းနဲ့ လား၊ ဆန္ဒပြပွဲတွေနဲ့လား။ ဘယ်လိုပုံစံမျိုးနဲ့ အပြောင်းအလဲ လုပ်ဖို့ရှိပါသလဲ။

ဦးအောင်ကြည်ညွန့်။ ။ အခုဒီတော်လှန်ရေးကို တကယ်ပြန်ပြီးကြည့်မယ်ဆိုရင် ဖြစ်နေတာက စစ်ကောင်စီနဲ့ NLD ကြားထဲမှာ ဖြစ်နေတဲ့ ကိစ္စမဟုတ်ဘူး။ တကယ်တော့ ဖက်ဆစ်စစ်အုပ်စုနဲ့ ပြည်သူတရပ်လုံးကြားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးပါ။ ဒါကြောင့် ဒီကနေ့ တော်လှန်ရေးဟာ တစုတဖွဲ့တည်း၊ တပါတီတရပ်တည်းအနေနဲ့ တော်လှန်နေတာမဟုတ်ဘူး။ စစ်ကောင်စုကလည်း တစုတဖွဲ့တည်းကို ဦးတည်တိုက်ခိုက်နေတာမဟုတ်ဘဲနဲ့ ပြည်သူတရပ်လုံးကို ဦးတည်တိုက်ခိုက်နေတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ အဲဒီတော့ ဒီကနေ့ တော်လှန်ရေးက တစုတဖွဲ့တည်းရဲ့ တော်လှန်ရေး မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုနဲ့ ဖက်ဆစ်ဆန်တဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကို ပြည်သူတရပ်လုံးနဲ့ ဒီမှာရှိတဲ့ stateholders တွေနဲ့ ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းတော်လှန်နေတဲ့ အနေအထား ဖြစ်နေတယ်ဆိုတာ အားလုံးကလည်း မြင်သာတဲ့အနေအထားမှာ ရှိပါတယ်။ အခု ရင်ဆိုင်နေကြတဲ့အခါ တော်လှန်နေကြတာကို ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီး အလွှာအသီးသီး၊ မျိုးဆက်အသီးသီးတို့က မိမိတို့မှာ ရှိနေတဲ့ အသက်တွေ၊ ဘဝတွေ၊ နည်းပညာတွေ၊ အတတ်ပညာတွေ၊ ဓနအားတွေ အကုန်လုံးကို ရင်ဆိုင်ကျော်လွှာနေတဲ့ အနေအထားမျိုးမှာ ရှိတယ်။ တကယ်တမ်းကြတော့ စစ်ကောင်စီက အရူးမီးဝိုင်း ဖြစ်နတယ်လို့ ပြောလို့ရတယ်။ အခုဆိုရင် မြန်မာနိုင်ငံထဲမှာရှိတဲ့ ပြည်ထောင်စုဖွား နိုင်ငံသူ၊ နိုင်ငံသားတွေတင်မကဘူး၊ နိုင်ငံတကာရဲ့ ပြင်ပမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံဖွား ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးနဲ့ပါ ရင်ဆိုင်နေရတယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့နေမြင်နေရတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။

ဗွီအိုအေ။ ။ အခုကြည့်လိုက်မယ်ဆိုရင် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ သမ္မတကြီးဦးဝင်းမြင့်တို့လည်း အကျဉ်းထောင်တွေထဲမှာ ရောက်နေပြီးတော့၊ အန်ကယ်တို့လို တချို့ပါတီခေါင်းဆောင်တွေလည်း လွတ်မြောက်နယ်မြေတွေကို ရောက်လာကြတဲ့အခါကြတော့ ပါတီမှာ ဦးဆောင်မှု ကင်းမဲ့နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိလာတယ်။ နောက်ပြီးတော့ ဒီလိုအရေးကြီးတဲ့ကာလမှာ ပါတီအနေနဲ့ နည်းဗျူဟာမြောက်၊ ဆုံးဖြတ်ချက်တွေ ပြုလုပ်ဖို့လည်း အားနည်းနေတယ်ဆိုပြီတော့ ထောက်ပြလာတာတွေလည်း ရှိတဲ့အခါကြတော့ ဒီအပေါ်မှာ အန်ကယ်ရဲ့ တုံ့ပြန်ချက်က ဘယ်လိုရှိပါသလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ တော်လှန်ရေးရဲ့ အသွင်သဘာဝနဲ့ တော်လှန်ရေးရဲ့ အနေအထားကိုလည်း ကျနော်တို့ ချိတ်ဆက်ပြီး စဉ်းစားရမယ်လို့ မြင်တယ်။ တကယ်တော့ ဒီနေ့ ဒီတော်လှန်ရေးက ပြည်သူတွေ၊ မျိုးဆက်သစ်တွေက လမ်းညွှန်မှုရှိမှ လုပ်တတ်တဲ့ အခြေအနေမျိုး မဟုတ်တော့ဘူးလို့ နိုင်ငံရေးရေချိန် မြင့်နေပြီလို့ မြင်တယ်။ အဲဒီတော့ NLD ပါတီအနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတာ ရှိတယ်။ လတ်တလောမှာ ကျနော်တို့ရဲ့ အဓိက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေက လတ်တလော ဦးဆောင်မှုပေးနိုင်တဲ့ အခြေအနေ မရှိပေမဲ့ ပါတီမှာက ခိုင်မာတဲ့ ပါတီမူဝါဒတွေ။ နောက်ရပ်တည်ချက်တွေ၊ နောက် အနာဂတ်မှာ ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မယ်ဆိုတဲ့ ဦးတည်ရည်မှန်းချက်တွေက ရှိပြီသားဖြစ်တယ်။ အဲဒီတော့ ရှိပြီသားလမ်းကြောင်းတွေပေါ်မှာ မူတည်ပြီးတော့ ပါတီမှာ တာဝန်ရှိတဲ့ တာဝန်လည်းသိတဲ့ ပါတီထဲမှာ တာဝန်ယူထားသူတွေ အတော်များများကလည်း နယ်မြေဒေသအသီးသီးမှာ လွတ်မြောက်တဲ့နယ်မြေမှာ ရောက်ရှိနေတာ အားသာချက်တခုပဲလို့ ကျနော် မြင်တယ်။ အဲဒီတော့ ဒေသအလိုက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ဒေသအလိုက်၊ ကဏ္ဍစုံမှာ ပြည်သူနဲ့အတူ ရှိနေကြတယ်။ ရောက်ရာဒေသတွေမှာ လုပ်ဆောင်နိုင်တဲ့ ကဏ္ဍတွေမှာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေကြတယ်ဆိုတာ အားလုံးမြင်တဲ့အတိုင်းပါပဲ။ အဲဒီတော့ စစ်ကောင်စီကို တစုတဖွဲ့တည်းနဲ့ ရင်ဆိုင်နေကြတာ မဟုတ်ဘဲနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအပါအဝင် ကျနော်တို့ ဒီမှာရှိနေတဲ့ အလွှာစုံ၊ ကဏ္ဍစုံ၊ ဒေသစုံ၊ မျိုးဆက်အစုံက ပူးပေါင်းပြီးတော့ သူ့ထောင့်နဲ့သူ စုပေါင်းပြီးတော့ တွန်းလှန်စွမ်းဆောင်နေကြတဲ့ အနေအထားမျိုးမှာ တွေ့ရပါတယ်။ ဆိုပါတော့ အမျိုးသားညီညွှတ်ရေးအစိုးရအပါအဝင် လွှတ်တော်ကဏ္ဍမှာလည်း နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေ လွှတ်တော်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြတာတွေလည်း ရှိတယ်။ နောက် ပြည်တွင်းပြည်ပ အင်အားစုတွေနဲ့ စုစည်းဆောင်ရွက်နေတာ ရှိတယ်။ အားလုံးကကဏ္ဍအသီးသီးကနေ ထောင့်စုံဘက်ပေါင်းစုံကနေ စွမ်းဆောင်နေကြတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီလောက်ကောင်းတဲ့ မဟာဗျူဟာမြောက်၊ ဒီလောက်ကောင်းတဲ့ နည်းဗျူဟာမြောက် အခင်းအကျင်းမျိုးတွေ အရင်က မရှိခဲ့ဘူးသေးဘူးလို့ ဆိုချင်တယ်။

ဗွီအိုအေ။ ။ NLD ပါတီရဲ့ ရပ်တည်ချက်တွေ၊ ပါတီရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ တရားဝင်တာဝန်ယူ ဆောင်ရွက်နေတာတွေက အဲဒီအပိုင်းက ဘယ်လိုရှိလဲ။ အန်ကယ်တို့ ဘယ်သူတွေ လုပ်နေကြလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ CWC - Central Working Committee - ဗဟိုအလုပ်ကော်မတီ။ ကျနော်တို့ ဗဟိုအလုပ်ကော်မတီဆိုတာက NLD မှာ ခေါင်းဆောင်ပိုင်းနဲ့ အားလုံးဖိနှိပ်မှုတွေကြောင့် - ရှင်းရှင်းပြောရရင် နိုင်ငံရေးအရ ဖိနှိပ်သတ်ဖြတ်မှုကို လွတ်အောင် ရှောင်နိုင်တာလည်း နိုင်ငံရေးအရ နိုင်ငံရေးတခုပဲ။ ဒါကြောင့်မို့ ပါတီဝင်တွေမှာ တာဝန်ရှိတဲ့အင်အားစုတွေများထဲမှာ ပြည်တွင်းမှာကော၊ ပြည်ပမှာကော လွတ်မြောက်နိုင်လောက်တဲ့ နိုင်ငံတွေမှာနေပြီးတော့ စွမ်းဆောင်နေကြတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ အဲဒီတော့ ဒီလိုစွမ်းဆောင်နေကြတဲ့ အနေအထားမျိုး ရှိတဲ့အခါကြတော့ ပါတီအနေအထားနဲ့က ပြန်လည်ပြီးတော့ ထိန်းကျောင်းတည့်မတ်မှုနဲ့ ပါတီရဲ့ အခြေအနေမျိုးတွေ၊ အင်အားတွေကို စုစည်းနိုင်ဖို့ ဗဟိုအလုပ်ကော်မတီကို ဖော်ဆောင်ခဲ့တာပါ။ ဗဟိုအလုပ်ကော်မတီဆိုတာကိုလည်း ဖွဲ့စည်းတဲ့နေရာမှာလည်း ကိုယ့်ဟာကိုယ် ကောက်ခါငင်ခါ ကိုယ့်သဘောနဲ့ကိုယ် နီးရာလူကို စုပြီးတော့ လုပ်လိုက်တာ မဟုတ်ဘဲနဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ ညှိနှိုင်းပြီးတဲ့ အစည်းအဝေးတခုကနေ နောက်ဆုံးအာဏာမသိမ်းခင် ဇန်နဝါရီလထဲမှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကနေ CEC ကနေ ဖွဲ့စည်းပေးတဲ့ လွှတ်တော်မှာ Steering Committee ဆိုတာ ရှိတယ်။ အဲဒီကော်မတီထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ လွတ်မြောက်ပြီးတော့ လှုပ်ရှားနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့ CEC, အရန် CEC ရယ်၊ CC အချို့တို့ကို အသစ်ဖွဲ့တာ မဟုတ်ဘဲနဲ့ ရှိပြီတဲ့အဖွဲ့တွေကို စုပြီးတော့ ပေါင်းစည်းလိုက်တဲ့ အနေအထားမျိုးမှာ ရှိတယ်။ အဲဒီအဖွဲ့အစည်းက အခုအခါ အပတ်စဉ်မှာ ကျနော်တို့ CC တွေ၊ တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေ၊ ဗဟိုရေးရာကော်မတီဝင်တွေ အစရှိသဖြင့် အစည်းအဝေးတွေ လုပ်နေပြီး၊ ညှိနှိုင်းတိုင်ပင်မှုပေါ် မူတည်ပြီးတော့ တကယ်တမ်း တာဝန်ယူပြီးတော့ စီစဉ်ဆောင်ရွက်နေတာက ဗဟိုအလုပ်ကော်မတီက စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဗွီအိုအေ။ ။ အထဲမှာရှိတဲ့ NLD တွေရဲ့ အနေအထားမှာကြတော့ ဒီဘက်က NLD တာဝန်ရှိတဲ့လူတွေနဲ့ အထဲမှာကျန်ခဲ့တဲ့ တာဝန်ရှိသူတွေ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ရမယ့်အပိုင်းမှာကြတော့ အန်ကယ်တို့ဘက်မှာ အခက်အခဲတွေ ရှိလားရှင့်။

ဦးအောင်ကြည်ညွန့်။ ။ အခုကြတော့ နည်းပညာကွာသွားတာ။ အခုနပြောသလိုပဲ ဒီနေ့ အွန်လိုင်းနဲ့ မီဒီယာနဲ့ Zoom meeting တွေ၊ Webnir တွေ အစရှိသဖြင့် အမြဲတမ်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ နောက် ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းအသီးသီးကလည်း ဆက်သွယ်လို့ရတယ်။ စစ်ကောင်စီရဲ့ အနေအထားမျိုးရယ် နယ်မြေစိုးမိုးမှုမှာလည်း အားလုံးသိကြတဲ့အတိုင်းပဲ တနေ့တခြား လျော့ပါးသွားနေတယ်။ ပရုပ်လုံးလိုပဲ လျော့ပါးသွားနေတဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် ပြည်တွင်းထဲမှာလည်း ကျနော်တို့မှာရှိတဲ့ NLD ပါတီဝင်တွေက ပြည်တွင်းထဲမှာ စိုးမိုးထားနိုင်တဲ့၊ တနည်းအားဖြင့် ကိုယ့်ရဲ့စီမံခန့်ခွဲမှုကို ရောက်နေကြတဲ့ နေရာအတော်များများမှာ ပိုပြီးတော့ ချိတ်ဆက်မှုတွေ၊ လှုပ်ရှားမှုတွေ ဆောင်ရွက်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။

ဗွီအိုအေ။ ။ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတခု NLD ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းက BBC မြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူပြောသွားတဲ့အချက်အရဆိုရင် ဥပဒေအရ ထောင်ကျနေတဲ့ NLD ပါတီဝင်တွေဆိုရင် ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ ပါတီထဲကနေ ထုတ်လို့ရတယ်။ ဒါပေမဲ့ သူတို့က ဒါမျိုးလုပ်ဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောသွားပါတယ်။ ဆိုတော့ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ NLD ပါတီခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ NLD ရဲ့ သဘောထားရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။

ဦးအောင်ကြည်ညွန့်။ ။ အဲဒါကတော့ ဆိုချင်တာကတော့ BBC နဲ့ တွေ့ဆုံဆွေးနွေးခန်းအပေါ်မှာ ပြောသွားဆိုသွားတဲ့ ကိစ္စရပ်အနေအထားတွေကတော့ ပြန်ကြည့်ရင်တော့ တန်ပြန်ပြီး ချေပပြောရလောက်အောင်ကို အရာရောက်တဲ့စကားတွေလို့ ကျနော် မမြင်ဘူး။ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျနော်တို့ ခေါင်းဆောင်တွေ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ လူတွေဟာ တကယ်တမ်းကြတော့ ပြည်သူလူထုရဲ့ ခေါင်းဆောင်တွေ၊ လူထုရဲ့ ခေါင်းဆောင်တွေ၊ ပြည်သူလူထုရဲ့ ခေါင်းဆောင်တွေလို့ ဆိုတာကို ကျနော်တို့ သဘောထားပါတယ်။ အဲဒီအနေအထားမျိုးအတိုင်းပဲ ဒီခေါင်းဆောင်တွေ နဂိုကတည်းကိုက ချမှတ်ထားပြီသား၊ သတ်မှတ်ထားပြီသား စည်းမျဉ်းစည်းကမ်းတွေ၊ မူဝါဒတွေနဲ့အညီ ခေါင်းဆောင်နေရာမှာ ဦးတည်ပြီးတော့ ဆက်လက်ဆောင်ရွက်နေပါတယ်။

ဗွီအိုအေ။ ။ ဒေါ်စန္ဒာမင်း ပြောသွားချက်အရဆိုရင် BBC တွေ့ဆုံမေးမြန်းခန်းမှာ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှာ တွေ့ဆုံခွင့်ရခဲ့တယ်။ ပထမတကြိမ်မှာ။ ဒီလိုတွေ့ဆုံခွင့်ရဖို့အတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့တယ်ဆိုတာလည်း ပြောသွားတော့အခါမှာ အဲဒီပါတီဗဟိုကော်မတီဝင်တချို့က ဒီလိုဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံဖို့ဆိုတဲ့ ကိစ္စမှာ အန်ကယ်တို့လို ပြင်ပမှာရှိနေတဲ့ NLD ပါတီခေါင်းဆောင်တွေကို ညှိနှိုင်းတိုင်ပင်တာမျိုး ရှိသလားရှင့်။ ရှိခဲ့လားရှင့်။

ဦးအောင်ကြည်ညွန့်။ ။ မရှိပါဘူး။ စစ်ကောင်စီနဲ့ တိုင်ပင်ပြီး လုပ်တဲ့သဘောပါ။ သူကိုလည်း ကျနော်တို့က ပါတီရဲ့ ပြည်သူလူထုရဲ့ ရပ်တည်ချက်ခြင်းလည်း မတူဘူး။ ပါတီရဲ့ သွားနေတဲ့ လမ်းကြောင်းနဲ့လည်း မတူတော့ ထုတ်ပယ်ထားခြင်းလည်း ဖြစ်ပါတယ်။

ဗွီအိုအေ။ ။ ဘယ်အချိန်က ထုတ်ပယ်လိုက်တာလဲ။

ဦးအောင်ကြည်ညွန့်။ ။ မတ်လ (၃) ရက်နေ့ကတည်းပါ။

ဗွီအိုအေ။ ။ ဒီနှစ်ပေါ့။

ဦးအောင်ကြည်ညွန့်။ ။ ဟုတ်ပါတယ်။

ဗွီအိုအေ။ ။ တဘက်မှာလည်း NLD ပါတီရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ခုနှစ်ကာလတုန်းကလည်း ဒီလိုအလာတူ အဖြစ်မျိုး ကြုံခဲ့ရတဲ့အခါမှာ အဲဒီတုန်းက တာဝန်ယူခဲ့တဲ့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေတ္တခဏ ထုတ်ပယ်ခဲ့ရတဲ့ အခြေအနေမျိုးလည်း ရှိခဲ့တယ်။ ဒါက ပါတီရပ်တည်မှုပေါ့။ အဲဒီတုန်းက အခြေအနေအရ၊ နောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်ထွက်လာတဲ့အချိန်မှာလည်း ဒီလိုပါတီရဲ့ လုပ်ဆောင်ချက်ကို သူ နားလည်မှုအပြည့်အဝ ရှိခဲ့တယ်လို့လည်း ပြောခဲ့တယ်။ ဆိုတော့ အဲဒီအခြေအနေနဲ့ အခု အန်ကယ်တို့ NLD ပါတီ ရင်ဆိုင်နေရတဲ့ အခြေအနေက ဘယ်လိုကွာခြားချက်တွေ ရှိပါသလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ မတူဘူး။ အများကြီးကွာသွားပြီ။ ၁၉၉၀ တုန်းက အတွေ့အကြုံနဲ့ ၂၀၁၀ တုန်းက တကယ်တော့ ၂၀၁၀ မတိုင်ခင်တုန်းကလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို ပြဌာန်းထားပြီတဲ့အခါကြတော့ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေက ထောင်ကျသူတွေ မဖြစ်ရဘူး၊ ဘာညာကန့်သတ်ပိတ်ပင်ချက်တွေ အများကြီး ရှိတယ်။ ဖွဲ့စည်းပုံဥပဒေကို သစ္စာစောင့်သိ ရိုသေရမယ်၊ ဘာညာ ရှိတယ်။ အဲဒါမျိုးတွေရှိတဲ့အတွက် သူတို့အသစ်လုပ်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ရေးဥပဒေမှာ ကျနော်တို့က မဝင်ဘူးဆိုပြီး ရပ်ခံခဲ့တာ - အဲဒီလို ရပ်ခံခဲ့တဲ့အတွက်ကြောင့် ၂၀၁၀ မှာ သူတို့ဘာသာသူတို့ ရွေးကောက်ပွဲလုပ်သွားတယ်။ ဒါပေမဲ့ တကယ်တမ်း တိုင်းပြည်ရဲ့ အခြေအနေမျိုးမှာ NLD အခန်းကဏ္ဍက အဲဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ သေးသေးသိမ်သိမ် ဖယ်ဖျက်ပြစ်လို့ မရနိုင်တဲ့ အနေအထားမျိုးကို ဖြစ်လာတဲ့အခါကြတော့ ၂၀၁၁ ထဲမှာ တွေ့ဆုံမှုလေးတွေ လုပ်ပြီးတဲ့အခါမှာ ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော်ကနေ အဲဒီဥပဒေကို ပြန်ပြင်ပေးလိုက်တယ်။ ထောင်ကျနေသူများ မပါရဆိုတဲ့ ပုဒ်မ ၁၀ (ဂ) နဲ့ အဲဒါတွေကို ပယ်ဖျက်ပေးပါတယ်။ အဲဒီလို ပယ်ဖျက်ပေးလိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်အသစ်ကို ပြင်ပေးတဲ့အချိန်မှ ၂၀၁၂ မှာ ရွေးကောက်ပွဲ ဝင်ခဲ့တာပါ။

၁၉၉၀ အခြေအနေမျိုးနဲ့ စောစောကပြောခဲ့တဲ့ ပါတီဥက္ကဋ္ဌကို ထုတ်ပယ်ခဲ့ရတယ် ဘာညာဆိုတဲ့ အခြေအနေမျိုးနဲ့ ဒီကနေ့ အခြေအနက (၁) အချိန်အခါခြင်းလည်း မတူဘူး။ (၂) ဖြစ်ရပ်ခြင်းလည်း မတူဘူး။ (၃) အခြေအနေခြင်းလည်း မတူဘူး။ အခု လက်ရှိအခြေအနေမျိုးမှာ စစ်ကောင်စီရဲ့ အနေအထားမျိုးက ရှင်းရှင်းပြောရရင် မျက်ကလဲဆန်ပျာ ဖြစ်နေတဲ့ အခြေအနေမျိုးကို ရောက်နေပြီ။ ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာမှာကော တန်းမဝင်ဘူး၊ အရာမဝင်ဘူး။ အခု ဒီအခြေအနေက စစ်ကောင်စီအနေအထားနဲ့ဆိုရင် စစ်အာဏာရှင်စနစ်က မြန်မာနိုင်ငံအတွက်ဆိုရင် အခု ဒီသမိုင်းကဏ္ဍရဲ့ အချိုးအကွေ့ဟာ မြန်မာနိုင်ငံအတွက် စစ်အာဏာရှင်စနစ်ရဲ့ လမ်းဆုံးရောက်နေပြီလို့ ကျနော်တို့ သတ်မှတ်ထားတယ်။ ယုံလည်းယုံကြည်တယ်။ ဖြစ်လည်းဖြစ်နေတယ်လို့ ထင်တယ်။ ပြောချင်တာကတော့ သေခါနီးလူနာကို သတိုးသားလောင်းနေရာ မှန်းထားရင်လည်း သူထိုက်နဲ့ သူကံပဲလို့ ပြောချင်ပါတယ်။

ဗွီအိုအေ။ ။ အခု စစ်ကောင်စီကတော့ ဒီပါတီ မှတ်ပုံတင်ရေး ကန့်သတ်ချက်တွေကို ပြန်ပြီးပြင်ဆင်တာ၊ ရွေးကောက်ပွဲဆိုင်ရာ ပါတီတွေကို ပါတီနဲ့ ပတ်သက်တဲ့ ဥပဒေရေးရာတွေကို ပြန်ပြီးတော့ ရေးဆွဲပြင်ဆင်တာတွေ သတ်မှတ်ချက်တွေ လုပ်လာတာ၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်လာတယ်။ တဘက်မှာလည်း NLD က ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဘူး၊ ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးဆိုတဲ့ သဘောထားရပ်တည်ချက်ကလည်း ရှိနေတဲ့အခါကြတော့ အခုဆက်ပြီးတော့ သွားမယ်ဆိုရင် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အပိုင်းမှာ အလားအလာ ဖြစ်လာနိုင်ဖို့ ရှိလား။

ဦးအောင်ကြည်ညွန့်။ ။ အဲဒါကတော့ ရှင်းရှင်းပြောရရင် ဘယ်လိုနည်းနဲ့မှ ကျနော်တို့ဘက်က ရှင်းတယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်သွားပြီးတော့ စစ်အာဏာရှင် သက်တမ်းရှည်ရေးကို ဆက်သွားဖို့ကိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတရပ်လုံးကလည်း လက်မခံဘူး။ အခု လက်ရှိနွေဦးတော်လှန်ရေးရဲ့ အင်အားစုတွေအားလုံးကလည်း လက်မခံဘူး။ တကယ်တမ်းကြတော့ စစ်တပ်က နိုင်ငံရေးကနေ ထွက်ခွါသွားဖို့ပဲ လိုတယ်။ စစ်တပ်က နိုင်ငံရေးနဲ့ ကင်းကွာသွားရမယ်။ အရပ်ဖက်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ စစ်တပ်က ရှိရမယ်။ အဲဒီအတွက် လိုအပ်တဲ့ Pre-condition တွေပေါ် မူတည်ပြီးတော့ ဆက်ပြီးတော့ စကားပြောနိုင်တဲ့ အနေအထားမျိုး ရောက်လာနိုင်မှာပါ။ ဒီလိုပုံစံမျိုးအတိုင်းကတော့ တပ်မတော်က အမျိုးသားနိုင်ငံရေးကို ထာဝရ ဦးဆောင်နေမယ်ဆိုတဲ့ အနေအထားကိုတော့ ပြန်စိတ်ကူးယဉ်နေလို့ မရတော့ပါဘူး။

ဗွီအိုအေ။ ။ အန်ကယ်တို့ ဘယ်လိုလမ်းကြောင်းမျိုးနဲ့ အပြောင်းအလဲကိုလုပ်ဖို့ အန်ကယ်တို့ဘက်က အစီအစဉ် ရှိပါသလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ ကျနော်တို့မှာ အခုလက်ရှိအခြေအနေမျိုးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ခဲ့ပြီးပြီ။ ဒါကြောင့် လောလောဆယ် ကြားကာလအတွင်းမှာ Charter မှာ Road Map တွေ ရှိတယ်။ Charter နဲ့အညီ ပေါင်းစည်းစုဆောင်မှုတွေ ရှိတယ်။ ဒါပြီရင် အသွင်ကူးပြောင်းရေးကာလဆိုတာ ရှိမယ်။ အဲဒါပြီးရင် ဟိုဘက်မှာ တကယ်တမ်း ပီပြင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဘက်ကို သွားမယ်။ အဲဒီအတွက် သွားနေတဲ့အခါမှာ အခုဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ တကယ်တမ်းပြန်ကြည့်ရင် သူတို့ရဲ့ လုပ်ရပ်တွေက လက်နက်ကလွဲရင် ဦးနှောက်ကော၊ နှလုံးသားကော မရှိတဲ့၊ တကယ့်ဖက်ဆစ် ဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့နဲ့ တန်ရာတန်ရာ ဖိအားတွေကို ရရှိပြီးတဲ့အခါကြမှ အဲဒီလို အခင်းအကျင်းမျိုးတွေ ပေါ်ပေါက်လာနိုင်မယ်လို့ပဲ မှန်းဆပါတယ်။

ဗွီအိုအေ။ ။ အခု NLD ပါတီကို ကြည့်လိုက်လို့ရှိရင် တကယ်တမ်းကြတော့ အာဏာမသိမ်းခင်မှာ NLD ပါတီက တကယ့် အာဏာရအစိုးရပါတီတခု ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ နောက်ပြီးတော့ အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာလည်း ပါတီခေါင်းဆေင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အထူးအလေးထားပြီးတော့ ဆက်ဆံခဲ့တာတွေ တွေ့ခဲ့ရတယ်။ ဆိုတော့ အခုအချိန်မှာတော့၊ အခု NLD ပါတီကို ဖျက်သိမ်းလိုက်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်၊ ပြင်းပြင်းထန်ထန် အနောက်နိုင်တွေဘက်က ထုတ်ဖော်ပြောကြားတာတွေ၊ ကန့်ကွက်တာတွေ ရှိတယ်။ ဒါပေမဲ့ တဘက်မှာ အိန္ဒိယနဲ့ တရုတ်ရဲ့ သဘောထား၊ အထူးသဖြင့် တရုတ်က NLD နဲ့ ဆက်ဆံရေးကို အလေးထားလာတယ်လို့ ပြောလာပေမဲ့ အခုအချိန်မှာကော တရုတ်က NLD ပါတီပေါ် သူတို့ ရပ်တည်ချက်၊ သဘောထားကို ဘယ်လို တွေ့ရသလဲရှင့်။ ဘယ်လို ရှိပါသလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ တရုတ်နဲ့ ပတ်သက်ပြီးတော့ ကျနော် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့ ပတ်သက်ပြီးတော့ NLD ပါတီနဲ့က တရုတ်နိုင်ငံ နှစ် (၁၀၀) ပြည့် အခမ်းအနားပြီးနောက်ပိုင်းကစပြီး နှစ်ဘက်ပါတီချင်း ဆက်သွယ်ရေးအရာရှိတွေနဲ့ အကြောင်းအချင်းအရာလည်း စဉ်ဆက်မပြတ် ဆက်သွယ်မှု ရှိပါတယ်။ အခု ဒီကိစ္စမှာလည်း စဉ်ဆက်မပြတ် ဆက်သွယ်မှု ရှိပါတယ်။ ကျနော်တို့အနေနဲ့ နားလည်ထားတာကတော့ တရုတ်ရဲ့ အခြေအနေမျိုးကတော့ တရားဝင်တွေ စာတွေထုတ်ပြီးတော့ သဘောထားထုတ်ပြန်တာတွေတော့ ရှိကောင်းရှိပေမဲ့ မြန်မာနိုင်ငံအရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချန်လှပ်ထားလို့ မရတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အကြောင်းနဲ့ အဲဒီလိုပဲ ရှုမြင်ထားတဲ့ ပါတီဖျက်သိမ်းမှုကလည်း ပြုလုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလို့ ယုံကြည်ထားတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာနိုင်ရေးအတွက် မျှော်လင့်တယ်။ ရပ်တည်ထားတဲ့ အခြေအနေ ရှိတယ်လို့ ကျနော် သိထားရပါတယ်။

ဗွီအိုအေ။ ။ အခုလိုကာလမှာ အမေရိကန်ဘက်က ရပ်တည်ချက်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ ရပ်တည်ချက်မှာ အန်ကယ်ကိုယ်တိုင် Derek Chollet နဲ့ တွေ့ခဲ့ရတဲ့ အစည်းအဝေးရဲ့ရလဒ်တွေအရဆိုရင် သူတို့ရဲ့ မြန်မာ့အရေး ရပ်တည်ချက်က ဘယ်လောက် အရေးကြီးနေသလဲ။ ဒါမှမဟုတ် အန်ကယ်တို့ဘက်က တကယ်ပဲ သူတို့ရပ်တည်ချက်အပေါ် အားရမှု ရှိပါသလား။ ဘယ်လိုအခြေအနေ ရှိပါသလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ တကယ်တမ်းကြတော့ အလိုနည်းရမှာကတော့ ကျနော်တို့က အကုန်လုံးကို မျှော်လင့်ထားသလောက် အကုန်လုံးကို ဖြစ်မြောက်အောင် ဆောင်ရွက်နေနိုင်တယ်လို့ ကျနော်တို့ မပြောနိုင်ဘူး။ နောက်ပြီးတော့ ကျနော်တို့ကလည်း ပြည့်အင်အားက ပြည်တွင်းမှာပဲ ရှိတယ်။ ကျနော်တို့က ထုံးစံအတိုင်းပေါ့ ပြောနေတဲ့အတိုင်း ငါတို့မှာ ငါတို့ပဲ ရှိတယ်။ တကယ်တော့ လက်တွေ့က ဒီနေ့တော်လှန်ရေးကြီးက ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ပဲ ပြည်သူတွေရဲ့အင်အား ပြည်တွင်းမှာနဲ့ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အင်အားနဲ့ပဲ အဓိကသွားနေတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်အပေါ်ထားတဲ့ စာနာမှုတွေ၊ ကူညီမှုတွေ၊ ထောက်ပံ့မှုတွေအတွက် ကျနော်တို့ အမြဲတမ်းကျေးဇူးတင်ပါတယ်။ အလေးအမြတ်လည်း ထားပါတယ်။ အဲဒီလိုပဲ ကျနော်တို့ရဲ့ ပါတီပေါ်မှာထားတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထားကိုလည်း ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ အဲဒီလို အနေအထားမျိုးအတိုင်း ဆက်ပြီးတော့ ရပ်တည်နေတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီနိုင်ငံကြီး နှစ်နိုင်ငံကြားထဲမှာ Power Game ကစားဖို့ရာမှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ပါဝင်မသွားနိုင်အောင်၊ ဒါမှမဟုတ် ပါဝင်သွားတဲ့ အနေအထားမျိုး မရှိအောင်လို့ အခု ရှိနေတဲ့ ဦးဆောင်နေတဲ့ လူတွေအားလုံး အမြဲခေါင်းထဲမှာ ထည့်ပြီးတော့ စဉ်းစားစီစဉ်ဆောင်ရွက်နေပါတယ်။

ဗွီအိုအေ။ ။ အန်ကယ်တို့ဘက်က တကယ်လို့ အကဲခတ်တွေ ပြောသလို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖြစ်လာဖို့၊ တရုတ်ကနေ ကြားဝင်စေ့စပ်တာမျိုး အမေရိကန်ဘက်က ကြားဝင်စေ့စပ်တာမျိုးဆိုတဲ့ အနေအထားမျိုးက ဖြစ်လာနိုင်ဖွယ် ရှိလားရှင့်။

ဦးအောင်ကြည်ညွန့်။ ။ အဲဒါကတော့ ဘယ်အပေါ်မှာ မူတည်သလဲဆိုတော့ စစ်ကောင်စီပေါ် မူတည်တာပဲ။ လက်ရှိ အခြေအနေမျိုးကို ကြည့်လိုက်မယ်ဆိုရင်တော့ ဘာနဲ့တူနေသလဲဆိုတော့ ကြိုးဝိုင်းမှာ ပြည်သူတွေဘက်က အမှတ်နဲ့ နိုင်နေပြီ။ အမှတ်နဲ့ နိုင်နေပေမဲ့လဲ မလဲမချင်း မထွက်ဘူးဆိုတဲ့ အခြေအနေမျိုး ရှိနေတဲ့အခါကြတော့ နိုင်ငံတကာရဲ့ အင်အားနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မူတည်တယ်။ အချည်းနှီးမဖြစ်ဘူးလို့တော့ မြင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့ အန်ကယ်ဦးအောင်ကြည်ညွှန့်ကို VOA မြန်မာပိုင်းက ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဦးအောင်ကြည်ညွန့်။ ။ ကျေးဇူးတင်ပါတယ်။

==== Unicode ====






































XS
SM
MD
LG