စနေနေ့က နိုင်ရူဘီမြို့၊ ဂျိုဟန်နစ်စဘတ်မြို့နဲ့လန်ဒန်မြို့တို့မှာ ဆန္ဒပြသူတွေဟာ ဆင်နဲ့ကြံ့တွေကို ဦးချိုရဖို့ သတ်ဖြတ် အမဲလိုက်နေတာတွေ ရပ်တန့်ဖို့ ချီတက်တောင်းဆိုခဲ့ကြပါတယ်။
ဂျိုဟန်နစ်စဘတ်မြို့မှာ ကြံ့ပုံသဏ္ဍာန် ရုပ်တုကြီးကို တင်ဆောင်ထားတဲ့ မော်တော်ယာဉ်ကနေ ဆန္ဒပြသူတွေကို ဦးဆောင်ချီတက်ခဲ့ပြီးလန်ဒန်မြို့မှာတော့ တက်ကြွလှုပ်ရှားသူတွေဟာ ဆင်ပုံသဏ္ဍာန် ဝတ်စုံတွေ ဝတ်ဆင်ပြီး ဆင်စွယ်ရောင်းဝယ်မှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြ ပါတယ်။
ခုလို တောင်းဆိုဆန္ဒပြတာဟာ အာရှတိုက်ရဲ့ ဒေသအချို့မှာကြံ့ချိုနဲ့ ဆင်စွယ်တွေ ကို ဈေးနှုန်းကြီးကြီးပေးပြီး တရားမဝင် ရောင်းဝယ်နေကြတဲ့ ကွန်ယက်အဖွဲ့တွေကြောင့် ကြံ့နဲ့ ဆင်ကောင်ရေ အလွန်အမင်းလျော့ကျလာနေတဲ့အတွက် “တကမ္ဘာလုံး ချီတက်ပွဲ” လို့ စီစဉ်သူတွေက ခေါ်တဲ့ ဆန္ဒပြတောင်းဆိုပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်နေတာလို့ ဆိုပါတယ်။
အလွတ်သဘော စုစည်းထားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေဟာ အခု စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ အမေရိကန်မှာလည်း အလားတူ ချီတက်ပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။
နှစ်တိုင်း ဆင်ကောင်ရေ ၃၅,ဝဝဝ လောက်ဟာ သူတို့ရဲ့အစွယ်တွေကို လူသုံးကုန်ပစ္စည်းအဖြစ် ထွင်းထုအသုံးပြုဖို့အတွက် သတ်ဖြတ် ခံနေရသလို ရှစ်နာရီကြာတိုင်း ကြံ့တစ်ကောင်နှုန်းနဲ့ အသတ်ခံရပြီး ဦးချိုဖြတ်ယူခံနေရတယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဆင်နဲ့ကြံ့ကောင်ရေ အမြောက်အမြား အသတ်ခံနေရတဲ့အခြေအနေကနေ ပြန်နာလန်ထူနိုင်ဖို့ဆိုရင် တရားဝင် အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ကြံ့ချိုနဲ့ ဆင်စွယ်ရောင်းဝယ်နေတာကို ချက်ချင်းရပ်တန့်ပေးမှဖြစ်မယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။