သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အတွက် ဒီးမော့ဆို စစ်ဘေးရှောင်တွေ နေရပ်မပြန်ဖို့ သတိပေးထား


စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ ( ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)
စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ ( ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)

စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်က ဒေါတမကြီး၊ ဒေါညင်းခူ၊ ဒေါဆိုဖျ ကျေးရွာတွေမှာ ဒေသခံတွေအကုန်လုံး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတာပါ။ ဒီရက်ပိုင်းထဲမှာ ထိတွေ့တိုက်ပွဲ မရှိတော့ပေမယ့် စိတ်ချရတဲ့အနေအထား မဟုတ်လို့ ဒေသခံတွေ ရွာထဲပြန်မဝင်ဖို့ကို သတိပေးထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ဒေါတမကြီး၊ ဒေါညင်းခူ၊ ဒေါဆိုဖျ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲအခြေအနေကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတာပါ။ မတ်လ ၂၄ ရက်နေ့၊ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အဲဒီဒေသတွေမှာ ထိတွေ့ တိုက်ပွဲတွေ မရှိတော့ပေမယ့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေလို့ ဒေသခံတွေ ရွာထဲပြန်မလာကြဖို့ကို ကရင်နီ ပူးပေါင်းတပ်တွေဘက်က သတိပေးထားပါတယ်။

"ကျနော်တို့ လက်ရှိမြေပြင်မှာဆိုရင် ဒေါတမကြီးဘက်မှာ ထိတွေ့တိုက်ပွဲက ၂ရက်၊ ၃ရက် မရှိဘူးဆိုပေမယ့် စစ်ကောင်စီနဲ့က ဟိုဘက် ဒီဘက်မှာ ရှိနေကြတာပေါ့နော်။ အနေအထားက အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်။ စစ်ကောင်စီက စစ်မျက်နှာတွေ အများကြီးဖွင့်ပြီးတော့မှ စစ်ကြောင်းထိုးနေတာတွေ ရှိတယ်ပေါ့နော်။ အဲဒီနေရာတွေမှာ တောက်လျှောက်ထိတွေ့တိုက်ပွဲက ရှိနေဆဲပေါ့။ ပြင်းထန်တာနဲ့ မပြင်းထန်သေးတာ အဲလိုအနေအထားပဲ ရှိတာပေါ့လေ။ အဲဒီလိုမျိုး အခြေအနေကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲအသံတွေ မကြားရဘူးဆိုပြီးမှ ပြန်တာတွေ၊ အိမ်ပြန်ကြည့်တာမျိုးတွေ၊ ရွာပြန်ချောင်းကြည့်တာမျိုးတွေ မလုပ်ကြဖို့ ကျနော်တို့ထပ်ပြီး တိုက်တွန်းလိုပါတယ်။"

ထိတွေ့တိုက်ပွဲ မရှိတော့ဘူးဆိုပေမယ့် စစ်ကောင်စီဘက်က ပစ်ခတ်တာတွေ ဆက်ပြီးရှိနေသလို၊ ရွာထဲမှာ နေရာယူထားတဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က မတ်လ ၂၄ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဒေါတမကြီးကျေးရွာထဲ လေကြောင်းကနေ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။ ဒေါတမကြီးကျေးရွာ လမ်းမပေါ်က နေအိမ် ၁၀၀ ဝန်းကျင်လည်း မီးလောင်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

"ထိတွေ့တိုက်ပွဲကတော့ ဒီလ ၂၃ ရက်နေ့အထိ အပြင်းအထန်ဖြစ်ခဲ့တယ်။ ၂၄၊ ၂၅ နဲ့ ဒီနေ့အထိတော့ လောလောဆယ် ထိတွေ့မှုတော့ မရှိသေးဘူးပေါ့။ စစ်ကောင်စီက စစ်ကြောင်းစထိုးကတည်းက မတ်လ ၈ရက်၊ ၉ ရက်နေ့မှာ စထိုးတာဆိုတော့ အဲဒီကတည်းက ဒေါတမကြီး၊ ဒေါညင်းခူ၊ ဒေါဆိုဖျ အဲဒီရွာတွေ အကုန်လုံးကတော့ ဒေသခံတွေအကုန်လုံး ရွာလုံးကျွတ် စစ်ရှောင်သွားကြပြီ၊ မရှိတော့ဘူးဗျ။"

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ မတ်လ ၈ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာပါ။ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတဲ့ ဒေါတမကြီး၊ ဒေါဆိုဖျ၊ ဒေါညင်းခူ ကျေးရွာတလျှောက်မှာ စစ်ရေးလှုပ်ရှားတာတွေ ဒီနေ့အထိ ရှိနေတယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

"ဒေါညင်းခူ၊ ဒေါတမကြီး၊ ဒေါဆိုဖျဆိုတာ ရွာတွေက တဆက်ထဲပဲဗျ။ အဲဒီရွာ ၃ရွာလုံးမှာ စစ်ကောင်စီက တပ်စွဲထားတယ်။ အဲလိုအနေအထားမှာ ဘယ်သူမှ ပြန်လို့မရဘူး။ ပြန်ရင် အန္တရာယ်များတယ်၊ တခုခုဖြစ်နိုင်တယ်။ တချို့ဒေသခံတွေက အဖိုးအဖွားတွေဆို သူတို့အိမ်ကို ပြန်ကြည့်ချင်တာမျိုးတွေ၊ အိမ်ကိုလွမ်းတာမျိုးတွေ ရှိတယ်လေ။ မတော်တဆ အဲလိုမျိုးတွေ သွားမိတဲ့အခါကျရင် စစ်ကောင်စီတပ်တွေနဲ့ တွေ့ပြီးတော့ အဖမ်းရတာမျိုးတွေ၊ နှိပ်စက်ခံရတာမျိုးတွေ၊ သတ်ဖြတ်ခံရတာမျိုးတွေ ဖြစ်မှာစိုးလို့ပေါ့နော်။"

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတဲ့ ကရင်နီပြည်မှာ အရပ်သားထိခိုက် သေဆုံးတာတွေ၊ စစ်ဘေးရှောင်နေရတဲ့ အခြေအနေက အရေအတွက် ပိုများလာနေတာပါ။ လေကြောင်းပစ်ခတ်တာတွေကြောင့် နေအိမ်မီးလောင်ပျက်စီးတာ၊ ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ အခြေအနေတွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတာပါ။

ထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန် ထိခိုက်သေဆုံးတာတွေ ရှိနေပြီး၊ စစ်ကောင်စီဘက်က သေဆုံးသူဦးရေ ပိုများတယ်လို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG