သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေဖြစ်


Demoso (Photo: MIMU)
Demoso (Photo: MIMU)

[[Zawgyi/Unicode]]

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်ထဲမှာ ဒီနေ့ ဇန်နဝါရီလ ၆ ရက်မှာလည်း စစ်ကောင်စီ တပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာဘက်မှာဆိုရင် ညနေပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ လွိုင်ကော်မြို့နယ်ထဲမှာလည်း စစ်တပ်ဘက်က အင်အားဖြည့်နေပါတယ်။ ကယားပြည်နယ်ဘက်က တိုက်ပွဲအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၂ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာတော့ ၆ မိုင်၊ ဒေါပိုးစီ ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ မနက်ပိုင်းကနေ ညနေပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတာလို့ ဒေသခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

“သေနတ်သံ ကြားနေရတယ်။ တမနက်လုံး အခုချိန်ထိပဲ။ မနက်က အပြန်အလှန် ပုံစံမျိုးကြားတယ်။ အခု ကျတော့ လက်နက်ငယ်အသံတွေ မကြားရတော့ဘူး။ လက်နက်ကြီးအသံတွေပဲ ကြားရတာ၊ အဲ့ဒါ ဒေါပိုးစီ၊ ၆ မိုင်တဝိုက်ပဲ။ ဒီတပတ်ထဲမှာဆိုရင်တော့ ဒီနေ့တိုင်းလိုလိုပဲ အကြာကြီးမဟုတ်ရင်တောင်မှ ခဏလေး ဖြစ်တဲ့ တိုက်ပွဲပေါ့ အဲ့လိုမျိုးပေါ့။ ဒီနေ့ကတော့ နည်းနည်းကြာတယ်ပေါ့။ အခုချိန်ထိ လက်နက်ကြီးသံ တချက်တချက်ကြားနေရတုန်းပဲ။”

တိုက်ပွဲအတွင်း ဒေါပိုးစီကျေးရွာမှာ နေအိမ်တချို့ မီးရှို့ဖျက်စီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဗွီအိုအေက အတည်ပြုလို့မရသေးပါဘူး။ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဘက်ကတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ် တဲ့အကြောင်း အတည်ပြုပြောဆိုပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။

“တိုက်ပွဲတော့ ၆ မိုင်မှာဖြစ်တာ၊ ဒီးမော့ဆိုမှာတော့ မဖြစ်ဘူးခင်ဗျ။ ဒီးမော့ဆိုမြို့ နယ် ၆ မိုင်မှာဖြစ်တာ ဗျ။ မနက် ၈ နာရီခွဲချိန် ဖြစ်တာပေါ့နော်။ ကျနော်တို့ အသေးစိတ်တော့ မပြောပြနိုင်ဘူးဖြစ်နေတယ်။ ဒီနောက်ပိုင်းမှာကျတော့ တပ်အင်အားအလုံးအရင်းနဲ့ သူတို့က တပ်အင်အားဖြည့်တင်းထားတာတော့ ရှိတယ်။ အချိန်မရွေးတော့ ထပ်ဖြစ်နိုင်တာပေါ့နော် တိုက်ပွဲက၊ သူတို့က ထိုးစစ်ဆင်နေတယ်။ ကျနော်တို့ ဘက်ကလည်း အချိန်မရွေး ထပ်ဖြစ်နိုင်တဲ့အခြေအနေတော့ ရှိတာပေါ့ခင်ဗျ။”

ဒီးမော့ဆိုနယ်ထဲမှာလိုပဲ လွိုင်ကော်မြို့နယ်ထဲမှာလည်း စစ်တပ်ဘက်က အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကယန်းသာယာကျေးရွာအနီးမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေး KNDF ရဲ့ တပ်ရင်း (၂)၊ တပ်ရင်း (၃) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့မနက်ပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီကြာမြင့်နေပြီး ပစ်ခတ်တိုက် ခိုက်မှုတွေ မရှိရင်တောင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေရှိရာဘက် လှမ်းလှမ်းပစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဒါကြောင့် ဘေးလွတ်ရာထွက်ပြေးခိုလှုံနေကြရသူတွေ နေရပ်မပြန်ရဲကြသေးပါဘူး။ စစ်ပြေးဒုက္ခသည်ဖြစ်နေတာ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲတွေ၊ ဆေးဝါးလိုအပ်ချက်တွေ အတော်များလာတယ်လို့ ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

“စစ်ရှောင်ခါကျတော့ အခက်အခဲတော့ အများကြီးရှိတယ်။ အခုကာလဆိုတော့ သူတို့လည်း အိမ်ပြန်လို့ မရဘူးပေါ့နော်။ အစားသောက်လည်း အများကြီး အခက် အခဲရှိတယ်။ ဆေးဝါးကစပေါ့နော်။ အများကြီးခက်ခဲက ဆေးဝါးပါပဲ။ ဆေးဝါးနဲ့ ရိက္ခာတချို့ အရမ်းခက်ခဲနေတဲ့ အိမ်တွေလည်း ရှိတယ်လေ၊ ဒါပေမယ့် ကျနော်တို့က တတ်နိုင်သလောက်တော့ အရမ်းခက်ခဲနေတဲ့ဟာကို ပြည်သူလူထုနဲ့ ချိတ် ဆက်ပြီးမှ ရလာတဲ့ အလှူရှင်ဆီက ကျနော်တို့ သွားပြီးမှ ပံ့ပိုးတာရှိတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ကယားပြည်နယ်ထဲမှာ စစ်တပ်ဘက်က အင်အားတွေ တိုးချဲ့ ဖြန့်ချနေပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲတုန်းကတော့ လေကြောင်းကနေပါ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]












=============

XS
SM
MD
LG