သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုဒေါက်တာ နဲ့ ယေဇဒီလူ့အခွင့်အရေးလှုပ်ရှားသူတို့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရရှိ


၂၀၁၈ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ဒေါက်တာ denis mukwege နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ nadia murad
၂၀၁၈ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ဒေါက်တာ denis mukwege နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ nadia murad

ဒီနှစ် ၂၀၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကိုတော့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အနိုင်ကျင့်ခံရသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ သားဖွားမီးယပ်ဆရာဝန် Denis Mukwege နဲ့ အီရတ်နိုင်ငံမှာ IS အစ္စလာမ် အစွန်းရောက်အုပ်စုရဲ့ လိင်ကျွန်အဖြစ်ကနေ လွတ်မြောက်လာသူ Yazidi လူမျိုး လူ့အခွင့်အရေး လှုပ်ရှားသူ Nadia Murad တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။

စစ်ပွဲတွေနဲ့ ပဋိပက္ခတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်တခုလို အသုံးချနေတာတွေကို အဆုံးသတ်အောင် ကြိုးပမ်းမှုတွေအတွက် ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်းလည်း နော်ဝေနိုင်ငံ နိုဘဲလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ရှေ့တန်းကနေ ဦးဆောင်ကြိုးပမ်းသူတဦးအဖြစ် Mukwege ဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ထင်ရှားသူဖြစ်ပြီး တရားမျှတမှုဟာ လူတိုင်းရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့ အခြေခံ ရပ်တည်ချက်ကို ကိုင်စွဲထားသူတဦး ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ စစ်ရာဇဝတ်မှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ Murad ကတော့ အနိုင်ကျင့်စော်ကားခံခဲ့ရတာကို ရှက်ကြောက်ပြီး အမျိုးသမီးတွေ နှုတ်ဆိတ်လေ့ရှိတဲ့ လူမှုအသိုင်းအဝန်းရဲ့ ကန့်သတ်ချက်တွေကို လက်မခံခဲ့သူတဦး ဖြစ်သလို၊ ကိုယ်တိုင်ခံစားခဲ့ရတာတွေနဲ့ တခြားသူတွေရဲ့ ခံစားချက်တွေကိုပါ ထုတ်ဖော်ပြောဆိုရဲတဲ့ ထူးခြားသူတဦး အဖြစ်နဲ့လည်း ကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ဒေါ်လာ ၁.၁ သန်းစီရရှိမယ့် ဆေးဖက်ဆိုင်ရာ နိုဘဲလ်ဆု၊ ရူပဗေဒနိုဘဲလ်ဆု၊ ဓာတုဗေဒနိုဘဲလ်ဆုတွေကိုလည်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာထားပြီး၊ စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ရှေ့သီတင်းပတ် တနင်္လာနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ စာပေဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ဆုရွေးချယ်ရေးအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှု အရှုပ်တော်ပုံကြောင့် ဒီနှစ်မှာ ပေးအပ်နိုင်မှာ မဟုတ်ပါဘူး။

XS
SM
MD
LG