သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးခိုလှုံခွင့် ဟန့်တားရေးဥပဒေ ဒိန်းမတ်အတည်ပြု


ဒိန်းမတ်နိုင်ငံအတွင်း ခိုလှုံခွင့် လျှောက်ထားကြမယ့်သူတွေကို ဟန့်တားတဲ့ ဥပဒေသစ်ကို လွှတ်တော်က မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အဲဒီလုပ်ရပ်ကြောင့် ဝေဖန် ပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

အင်္ဂါနေ့က ၃ နာရီကျော်ကြာ အပြန်အလှန် ငြင်းခုန် ဆွေးနွေးကြပြီးတဲ့နောက် Jewelry Bill လို့ခေါ်တဲ့ တိုင်းပြည်အတွင်း ခိုလှုံခွင့် လျှောက်ထားဖို့ ဝင်ရောက်လာကြသူတွေထံက အမေရိကန်ဒေါ်လာ ၁,၄၅၀ နဲ့ အထက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို အာဏာပိုင်တွေက သိမ်းဆည်းခွင်ပြုတဲ့ ဥပဒေကို တခဲနက် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာအရ တန်ဖိုးရှိတဲ့ လက်ထပ်လက်စွပ်လို ပစ္စည်းမျိုးကိုတော့ ကင်းလွတ်ခွင့် ပေးမယ်လို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ Holocaust မှာ နာဇီဂျာမန်တွေက ဂျူးတွေထံက အဖိုးတန် ပစ္စည်းတွေ သိမ်းပိုက်တဲ့ လုပ်ရပ်နဲ့ တူနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဥပဒေထဲမှာပါတဲ့ တခြား ပြဌာန်းချက်တခုကတော့ ခိုလှုံခွင့် လျှောက်ထားသူတွေအနေနဲ့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းခွင့်ကို အရင်က တနှစ်ကာလ သတ်မှတ်ထားရာက ၃ နှစ်အဖြစ် တိုးမြင့် သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းဟာ သက်တမ်း ၇ လ ရှိလာပြီဖြစ်တဲ့ ဒိန်းမတ်နိုင်ငံက လက်ယာယိမ်း အစိုးရအနေနဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှတိုက်တို့က စစ်ပွဲတွေနဲ့ ငတ်မွတ် ခေါင်းပါးမှုဒဏ်တွေကနေ ထွက်ပြေး လာကြသူတွေ ခိုလှုံခွင့် မလျှောက်ကြအောင် ရည်ရွယ် လုပ်ဆောင်တဲ့ ဥပဒေမူကြမ်း ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံဟာ မနှစ်က ခိုလှုံခွင့်လျှောက်ထားသူ ၂၀,၀၀၀ ကို လက်ခံခဲ့ပါတယ်။

XS
SM
MD
LG