သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရုပ်ရှင်ရုံပစ်ခတ်မှု ၁၂ ဦးသေ



အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။

Aurora ရပ်ကွက်က Century 16 ရုပ်ရှင်ရုံမှာ လင်းနို့လူသား (Batman) နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ The Dark Knight Rises ရုပ်ရှင် သန်းခေါင်ချိန်မှာ စပြနေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ လူ တယောက်က လူအပြည့်ရှိနေတဲ့ရုပ်ရှင်ရုံ အရှေ့ကို ထွက်လာပြီး ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ဘက်ကို မျက်ရည်ယိုဗုံးတလုံးလှမ်းပစ်ပြီး တွေ့ရာမြင်ရာကို ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

မွေးကင်းစကလေးတယောက်ကိုလည်း အနီးကပ်ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ရုပ်ရှင်ရုံ အပြင်ဘက် ကားရပ်ထားတဲ့နေရာမှာ သေနတ်သမားကို ဖမ်းမိခဲ့ပြီး ရိုင်ဖယ်သေနတ်တလက်၊ ပြောင်းတို သေနတ်တလက်နဲ့ အဆိပ်ငွေ့ကာ မျက်နှာဖုံးစွပ် တခုကိုလည်း သိမ်းဆည်းရမိတယ်လို့ ရဲကပြောပါတယ်။

ရုပ်ရှင်ရုံထဲမှာလည်း နောက်ထပ် သေနတ်တစ်လက်ကို တေ့ွရှိခဲ့ပါတယ်။ မသင်္ကာသူဟာ အသက် ၂၄ နှစ်အရွယ် James Homes ဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ အခုပစ်ခတ် မှုဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ လက္ခဏာ မတွေ့ရဘူးလို့ ရဲက ပြောပါတယ်။ အရင်က ပစ်ခတ်မှုမှာ နောက်တယောက်လည်းပါတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် တကယ်တော့ လူတယောက်တည်းက ပစ်ခတ်မှုတွေကို လုပ်တာလို့ Aurora ဒေသ ရဲချုပ်က သတင်းစာရှင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။ ဖမ်းမိတဲ့ မသင်္ကာသူက သူ့တိုက်ခန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေရှိတယ်လို့ စစ်ဆေးသူတွေကို ပြောခဲ့တာကိုလည်း ရဲချုပ်က ပြန်ပြောပြပါတယ်။

ဒါကြောင့် သေနတ်သမားရဲ့ နေအိမ်မှာ ဖောက်ခွဲပစ္စည်းတွေရှိ မရှိကို သက်ဆိုင်ရာက ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထံမှာ သမ္မတ Barack Obama က သူရော သမ္မတကတော်ပါ ခြောက်ခြား ကြေကွဲဖွယ်ပစ်ခတ်မှုကြောင့် တုန်လှုပ် စိတ်မကောင်းဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။
XS
SM
MD
LG